Breaking News

မောင်လူမွှေး - ထမင်းစားပွဲထိရောက်လာတဲ့ စစ်ပွဲဂယက်



မောင်လူမွှေး - ထမင်းစားပွဲထိရောက်လာတဲ့ စစ်ပွဲဂယက်
(မိုးမခ) မတ် ၁၂၊၂၀၂၆


" ဓာတ်ဆီစျေးက မလွယ်ဘူး ဆရာရေ့။ ဆီစျေးတက်တော့ အခြားကုန်ပစ္စည်းလေးတွေလည်း စျေးတက်ကုန်ပြီ" တဲ့။ မနေ့က ကျောင်းသားမိဘတစ်ယောက်က မောင်လူမွှေးရှေ့မှာ ညည်းညူနေပါတယ်။ အရင်က ဓာတ်ဆီ တစ်လီတာကို ငါးထောင်ပေးရရာကနေ အီရန်စစ်ပွဲကြောင့် ဓာတ်ဆီစျေးဟာ တစ်လီတာကို ရှစ်ထောင်အထိ ချက်ချင်းခုန်တက်သွားတာဖြစ်ပါတယ်။

မောင်လူမွှေးနေတာက တောအရပ်ဆိုပေမယ့် လူတွေဟာ ခေတ်မီလာကြပါပြီ။ အီရန်စစ်ပွဲဖြစ်လို့ ကမ္ဘာမှာလောင်စာဆီစျေးတွေ တက်နိုင်တယ်ဆိုတဲ့ သတင်းကိုကြည့်ပြီး ဗူးကြီး၊ဗူးငယ်တွေနဲ့ ဓာတ်ဆီတွေ အပြိုင်ဝယ်ကြပါတယ်။ များများစားစားဝယ်နိုင်ကြတာတော့မဟုတ်ပါဘူး။ တစ်လီတာဗူး သုံးဗူးဝယ်နိုင်သူက သုံးဗူး။ လေးဗူးဝယ်နိုင်သူက လေးဗူး ဝယ်ကြတာပါ။ ဒီလိုဝိုင်းဝယ်လိုက်ကြတာ ဓာတ်ဆီရောင်းတဲ့ ဆိုင်လေးတွေမှာ ဓာတ်ဆီတွေပြတ်သွားတဲ့အထိပါပဲ။

နွေဦးပေါက်ရာသီဆိုတော့ မောင်လူမွှေးတို့တောအရပ်မှာ တောမီးတွေလောင်ကြပြီ။ လေထုထဲမှာ မီးခိုးတွေများလို့ ဆိုင်ကယ်စီးရင် မျက်လုံးတွေစပ်ပြီးမျက်ရည်တွေတောင် ထွက်ကျတတ်ပါတယ်။ ကျေးရွာတွေမှာလည်း မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ " မီးတား" တာတွေ လုပ်ကြရတယ်။ " မီးတား" တယ်ဆိုတာ ရွာအနီးဝန်းကျင်က မီးလောင်နိုင်တဲ့ အမှိုက်သရိုက်တွေကို မီးကြိုရှို့ပေးထားလိုက်တာပါ။ မီးလောင်လွယ်တဲ့ ရာသီမှာ အိမ်တိုင်းနီးပါး တတ်နိုင်သမျှ ဓာတ်ဆီတွေဝယ်ပြီး နည်းနည်းစီအရံထားကြတော့ မီးမလောင်ပါစေနဲ့လို့သာ ဆန္ဒပြုရတော့တာပါပဲ။

ဓာတ်ဆီစျေးတွေ တက်လို့ စိတ်ညစ်နေကြတဲ့ ကြားက ပြည်သူတွေ သူတို့အတွေးနဲ့သူတို့ ဝမ်းသာတာတစ်ခုရှိပါတယ်။ အီရန်စစ်ဖြစ်နေပြီဆိုတော့ အာဏာသိမ်းစစ်တပ်လည်း ဆီရဖို့ခက်မယ်။ လေယာဥ်ဆီအခက်အခဲကြောင့် ငါတို့ကို ဗုံးမကြဲနိုင်လောက်တော့ဘူးလို့ ဝမ်းသာကြတာပါ။ ဒါပေမယ့် သူတို့ အတွေးဟာ မှားတယ်ဆိုတာ စစ်တပ်က လေယာဥ်ဗုံးကြဲလို့ သေတဲ့သတင်းတွေကို ကြည့်ပြီး သိသွားကြပါတယ်။ စစ်တပ်ကို လျှော့တွက်လို့မရပါဘူး။ ပြည်သူတွေသွားလာဖို့ ဆီမရှိရင်သာနေမယ် သူတို့အာဏာတည်မြဲရေးအတွက် လူသတ်ဖို့တော့ ဆီမရ ရအောင် လုပ်မှာဖြစ်ပါတယ်။

အီရန်စစ်ပွဲကြောင့် လောင်စာဆီ စျေးတက်ပေမယ့် အာဏာသိမ်းစစ်တပ်ဟာ ဗုံးကြဲ မပျက်သေးပါဘူး။ " ဒါပေမယ့် ပဲစျေးတော့ ကျသွားတယ်ဗျ။ အရင်စျေးတောင်မှ ရှုံးပါတယ်ဆို ထပ်ကျတော့ ကျနော်တို့ ဘယ်လိုမှ မကိုက်တော့ဘူး။ ဝက်ပဲကျွေးရတော့မယ်ထင်တယ်" လို့ တောင်သူတစ်ဦးက ရယ်ပြီးပြောပါတယ်။ ဒုက္ခနဲ့အသားကျပြီး မလွန်ဆန်နိုင်တော့လို့ မချိရယ် ရယ်ရရှာတာပါ။ ပဲထောပတ်စျေးက ခြောက်သောင်းခွဲလောက်ရှိရာကနေ ခြောက်သောင်းအထိ ကျသွားတယ်။

တောင်သူတွေကတော့ သီးနှံပေါ်လို့ စျေးကောင်းမိရင်မိ၊ မမိရင် စျေးကောင်းတဲ့အထိ စောင့်နိုင်စွမ်းမရှိကြရှာပါဘူး။ သီးနှံပေါ်ပေါ်ချင်း ရတဲ့စျေးနဲ့ရောင်းချပြီး ဆီဖိုး၊ လုပ်အားခ တွေ ရှင်းကြရပါတယ်။ စပါးပေါ်ချိန်တုန်းကလည်း စပါးစျေးတွေက တစ်တင်းမှ တစ်သောင်းခွဲ ပေါက်ခဲ့တာ။ အခု ဆန်စျေးတွေ ကောင်းတဲ့အချိန်မှာ၊ စပါးစျေးနှစ်သောင်းခွဲပေါက်တဲ့အချိန်မှာ သူတို့လက်ထဲ ဘာစပါးမှ မရှိတော့ပါဘူး။ သူတို့တွေဟာ အခံဘက်ကချည်းပါပဲ။ ဒါပေမယ့်လည်း သူတို့ဟာ အီရန်စစ်ပွဲကြောင့် စျေးကောင်းနေတဲ့ ဓာတ်ဆီကို ဆိုင်ကယ်ထဲထည့်ပြီး တောကို တဖုတ်ဖုတ်သွားပြီး အလုပ်လုပ်နေကြပါတယ်။ သူတို့တွေရဲ့ ကျေးဇူး မောင်လူမွှေးတို့အပေါ်မှာ ကြီးပါတယ်။ သူတို့တောကထွက်တဲ့ အသီးအနှံတွေကို စားပြီး မောင်လူမွှေးတို့ အသက်ရှင်နေရတာ မဟုတ်လား။

အခုမနက် အိပ်ရာထတော့ အိမ်ရှေ့ကိုအရောက် ဆိုင်ကယ်နဲ့ စျေးလာရောင်းတဲ့ စျေးသည် မလာတော့ပါဘူး။ အိမ်ရှေ့ကပဲစောင့်ပြီး ဟင်းချက်စရာဝယ်လေ့ရှိတဲ့ မစ်(စ)မွှေးလည်း ဘာဟင်းချက်စရာမှ မဝယ်ရတော့ပါဘူး။ " အခုဓာတ်ဆီစျေးနဲ့က သူ ဆိုင်ကယ်နဲ့ လှည့်ရောင်းရင် ဘယ်လိုမှ မကိုက်တော့ဘူးလို့ပြောတယ်။ စက်ဘီးနဲ့လာရောင်းဖို့ကြိုးစားကြည့်မယ်" လို့ပြောတာပဲ ဆိုပြီး မစ်(စ)မွှေးက ရှင်းပြပါတယ်။ စက်ဘီးနဲ့လာရောင်းဖို့ဆိုတာက ဟင်းချက်စရာ အသား၊ကုန်စိမ်းတွေ တို့လို့တွဲလောင်းနဲ့ မြေသားလမ်းပေါ် ဆယ်မိုင်လောက်စက်ဘီးနင်းဖို့ဆိုတာ သိပ်မလွယ်လှဘူးလို့ မောင်လူမွှေးတွေးမိတယ်။ မောင်လူမွှေးတို့နေတဲ့နေရာက အိမ်ထောင်စုအများစုဟာ ဒီစျေးသည်လေးဆီကနေပဲ ဟင်းချက်စရာဝယ်နေကြရတာ ဖြစ်တယ်။ အီရန်စစ်ပွဲ ဖြစ်ပြီး တစ်ပတ်အတွင်းမှာပဲ စစ်ပွဲဂယက်ဟာ မောင်လူမွှေးတို့ရဲ့ ထမင်းစားပွဲတွေထိ ရိုက်ခတ်လာခဲ့ပါတယ်ခင်မျာ...။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar