ငြိမ်းဝေ- ဒုံသမိချောင်းပေါ်က ကြယ်နီ ၄
Art- Than Htay Maung
ဒုံသမိချောင်းပေါ်က ကြယ်နီ ၄
တောင်ကုန်းတခုပေါ်ကတဆင့်
ဒီဗွီဘီနားထောင်ခြင်းနှင့် ဖလံတောင်ရွာသူ မရေသူ၏ ငိုရှိုက်သံ
ငြိမ်းဝေ
(မိုးမခ) မတ် ၃၁၊ ၂၀၂၆
၁။
သစ်ကိုင်းတချို့ကို လက်နဲ့ဖယ်ပြီး လူတယောက်က ကျနော့်ကိုပြုံးပြရင်း ကျနော်တို့ပုန်းခိုနေရာကို တိုးဝင်လာသည်။ ပထမတော့ မည်သူရယ်လို့ ကျနော်မသိ။ “ ဆရာနေကောင်းရဲ့လား”ဟု မေးရင်း ကျနော်တို့ဘေးဝင်ထိုင်မှ ချက်ချင်း သူ့ကိုမှတ်မိသွားသည်။
“ ကိုမောင်ဝင်း ဘယ်တုန်းကပြန်လာတာလဲ”ဟု ကျနော်ကမေးတော့ သူက “ မနေ့ကပဲ ပြန်ရောက်တာဆရာ”ဟု ကိုမောင်ဝင်းက ပြန်ဖြေ၏။
ကိုမောင်ဝင်းက တလိုင်းကရင်ရွာသားဖြစ်သည်။ လွန်ခဲ့သည့် ဆယ်ရက်ကျော်က ကိုမောင်ဝင်းနှင့် ကျနော် DVB အတွက် အင်တာဗျူးလုပ်ခဲ့သည်။ တပ်မဟာ ၁ သို ခရီးမထွက်ခင် နှစ်ရက်အလိုတွင် မာနယ်ပလောသို့ရောက်လာသော ကိုမောင်ဝင်းကို ကျနော့်ထံ ဗိုလ်သိန်းစိုးက ခေါ်လာတွေ့ပေးခြင်း ဖြစ်သည်။ ထိုစဉ်က ကိုမောင်ဝင်းက နအဖစစ်တပ်စခန်းမှ လိုက်လံဖမ်းဆီးသဖြင့် မာနယ်ပလောအထိ ထွက်ပြေးလာခြင်းဖြစ်သည်။ ကိုမောင်းထံတွင် စကားပြောစက်ရှိသည်ဟုစွပ်စွဲကာ စစ်တပ်ကဖမ်းဖို့လုပ်ခြင်းဖြစ်သည်။ ကိုမောင်ဝင်းက ထွက်ပြေးခဲ့ရခြင်းကိုပြောရင်း နအဖစစ်တပ်က တလိုင်းကရင်ရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဆွမ်းစားကျောင်းတွင် တပ်စွဲထားကြကြောင်း၊ ဒါ့အပြင် ဆွမ်းစားကျောင်းအောက်တွင် အချုပ်ခန်းလုပ်ထားပြီး ရွာသားများကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ တခါတရံ ချုပ်နှောင်ထာသည့်ရွာသားများကို နှိပ်စက်ပြီး စစ်ကြဆေးကြကြောင်း။ နှိပ်စက်ခံရသူများ၏ အော်သံကြီးများကြောင့် ဆရာတော်နှင့် ရွာသားများမှာ စိတ်မကောင်းဖြစ်ကြရ ကြောင်း ထည့်ပြောသွားခဲ့၏။
ကိုမောင်ဝင်းနှင့်လုပ်ထားသောအင်တာဗျူးကို တာဝန်ခံထံအပ်နှံပြီးမှ ကျနော်လည်း တပ်မဟာ ၁ သို့ ဆင်းလာခြင်းဖြစ်သည်။ DVB တာဝန်ခံက ကိုမောင်ဝင်း၏ အင်တာဗျူးကို နော်ဝေသို့ အမြန်ပို့မည်ဟုတော့ ကျနော့်ကိုပြော၏။
ယခု ကိုမောင်ဝင်းပြန်လာခြင်းမှာ မာနယ်ပလောနှင့်သိပ်မဝေးသော သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းတခုတွင်နေရန် ကျန်ရစ်သူမိန်းမအား ပြန်လာခေါ်ခြင်း ဖြစ်သည်ဟု သိရ၏။ ကျနော်တို့သုံးယောက် ခေတ္တပုန်းခိုနေရာသိသဖြင့် လာတွေ့ခြင်းဖြစ်သည်ဟုဆိုသည်။ ကိုမောင်ဝင်းနှင့်အတူ တလိုင်းကရင်ရွာသူကြီး ဦးအုန်းမောင်ဆိုသူလည်း ပါလာ၏။ ဦးအုန်းမောင်မှာ KNU မှခန့်ထားသောသူကြီးဖြစ်ပြီး ရွာထဲတွင်နေမရဘဲ တောထဲတွင်နေရသူဖြစ်သည်။ ဦးအုန်းမောင်တွင် စကားပြောစက်ပါလာ၏။ သူလွယ်ထာသောလွယ်အိပ်ထဲက တဂျစ်ဂျစ်မြည်သံကြားရ၏။
ကိုမောင်ဝင်းနှင့်ကျနော်တို့ စကားပြောနေစဉ် သူကြီးမဒေါ်စောမြိုင် အဖေါ်တယောက်နှင့်အတူ ရောက်လာ၏။ သူတို့တွင် မုန့်ဟင်းခါးများ ပါလာ၏။ မုန့်ဖတ်ကို ဖက်နှင့်ထုပ်ပြီး ဟင်းရည်ကို ဝါးပိုးဝါးကျည်ထောက်နှင့် ထည့်လာကြခြင်းဖြစ်သည်။ ခရီးရောက်မဆိုက် ကျနော်တို့အားလုံး မုန့်ဟင်းခါး ဝေမျှစားကြ၏။ စားသောက်ပြီးသောအခါ ဖက်များကို ဒုံသမိချောင်းဘေး၌ အသေအချာဖုံးဖိဖျောက်လိုက်ကြ၏။
ဗိုလ်သိန်းစိုးနှင့် ဒေါ်စောမြိုင်တို့ ကရင်လို အနည်းငယ်စကားပြောပြီး ဒေါ်စောမြိုင်က ရွာပြန်ရမည်ဟုဆိုကာ ပြန်မည့်ဟန်ပြင်၏။ ထိုစဉ်မှာပင် ဗိုလ်သိန်းစိုးက ကျနော့်ကိုလည်းပြုံးပြရင်း သူမိခင်ကို စကားပြောလေသည်။
“ နေအုံးလေအမိုးကလည်း၊ အမိုးဆုချခံရတာ ဆရာငြိမ်းကိုပြောပြခဲ့အုံးလေ”ဟု ဗိုလ်သိန်းစိုးက ပြောလိုက်၏။ ဒေါ်စောမြိုင်က ရှက်ကိုးရှက်ကန်းဖြင့် ဗိုလ်သိန်းစိုးကို ကရင်လိုပြန်ပြောရင်း လှည့်မကြည့်ဘဲပြန်သွားလေသည်။ ဒေါ်ေစာမြိုင်ပြန်သွားမှ သူတို့သားအမိအချင်းချင်းပြောကြသည့် အကြောင်းရင်းကို ကျနော့်အားဗိုလ်ငိန်းသိုးက ပြောပြလေသည်။
ပြီးခဲ့သည့် ဆယ်ရက်ခန့်က ချောင်းတဖက်ကမ်းတွင်တပ်စွဲထားသော နအဖစစ်တပ် တပ်ချိန်း၏။ တပ်ခွဲအသစ် ရောက်လာလေသည်။ တပ်ခွဲအသစ်မှ စစ်သားသုံးယောက်က ရွာထဲဝင်လာကာ သူကြီးမဒေါ်စောမြိုင်နှင့် တွေ့၏။ သူတို့တပ်ခွဲစခန်းတွင် ထမင်းချက်ခိုင်းဖို့ ရွာသားနှစ်ယောက် လာခေါ်ခြင်းဖြစ်သည်။ ရွာတွင် အလုပ်အကိုင်ကများ လူကလည်းနည်းသည့်အတွက် လူတယောက်ပဲခေါ်ရန် ဒေါ်စောမြိုင်က ညှိ၏။ ထိုအခါ စစ်သားတယောက်က ဒေါ်စောမြိုင်က ဆက်ဆံရေးမပြေပြစ်ဟုဆိုကာ ဒေါ်စောမြိုင်ကို ပါးရိုက်တော့၏။ ပါးရိုက်သည့်စစ်သားမှာ အသက် ဆယ့်ခြောက်နှစ်ခန့်အရွယ်သာ ရှိ၏။ ရုတ်တရက် သားသမီးအရွယ်စစ်သားက မထင်မှတ်ပဲ ပါးရိုက်လိုက်သည့်အတွက် ဒေါ်စောမြိုင် ရှက်လည်းရှက် ဒေါသလည်းထွက်၏။ သို့သော် ပြဿနာသည့်ထက်မတက်စေရန် ထမင်းချက်ရွာ သားနှစ်ယောက် လွှတ်ပေးရန်သာ စီစဉ်ရတော့၏။ သည်အကြောင်းကို ဒေါ်စောမြိုင်က သူ့ခဗျာ ဖလံတောင်ရွာအတွက် ပါးချခံရခြင်းမဟုတ် ဆုချခံရခြင်းသာဖြစ်သည်ဟု သားဖြစ်သူဗိုလ်သိန်းစိုးကို ရယ်စရာစကားပြောခဲ့ခြင်းကို ဗိုလ်သိန်းစိုးက ကျနော့်ကို ပြန်ပြောပြ၏။ ထို့ပြင် ဒေါ်စောမြိုင်မှာ စစ်တပ်နှင့်ဆက်ဆံနေရဆဲဖြစ်သဖြင့် အာတာဗျူးလို့မဖြစ်သေးကြောင်း အသံလွှင့်လို့လည်း မရ ကြောင်းထို့ကြောင့် ဗိုလ်သိန်းစိုးကပဲပြောပြလိုက်ဖို့ ဒေါ်စောမြိုင်က မှာသွားကြောင်း ကျနော့်ကို ရှင်းပြလေသည်။
သည်နေရာတွင် ကြားညှပ်ပြီး ကိစ္စတချို့အကြောင်း ကျနော်ရှင်းပြချင်သည်။ မိခင်ဖြစ်သူတယောက်လုံးအစော်ကားခံရသည့်ကိစ္စ ဗိုလ်သိန်းစိုးက ဒေါသမထွက်ဘဲ အဘယ့်ကြောင့်ပြုံးရယ်နိုင်ပါသနည်း။ မိခင်ဓေါ်စောမြိုင်ကလည်း သားသမီးအရွယ် လူမမယ်စစ်သားက ပါးရိုက်သွားသည်ကို အဘယ့်ကြောင့် ပေါ့ပေါ့ပါးပါး ပြန်ပြောနေခဲ့သနည်း။ သည်ကိစ္စအပေါ် တကြိမ်တည်း တထိုင်တည်းနဲ့ ရှင်းပြဖို့ရာ လွယ်ကူသည့်ကိစ္စတော့မဟုတ်ချေ။ သို့သော် သည်ဒေသကိုရောက်ပြီး သည်ဒေသ၏အဖြစ်အပျက်များကြား လူးလာသွားလာရင်း ဗိုလ်သိန်းစိုး ပြောပြသမျှ ကြားလာရဖန်များသောအခါ သည်အဖြစ်အပျက်များအပေါ် ကျနော်နားလည်စပြုလာရပြီဟုယူဆမိပါသည်။ သည်လောက် ဖိနှိပ်ရက် စက်ခံနေရသည့်ကြားက တခါတရံ ငိုမနေဘဲ ပြုံးကာရယ်ကာနေထိုင်နိုင်ကြသည့် ဒေသခံကရင်တိုင်း ရင်းသားများအပေါ် ကျနော် စတင်နားလည်စ ပြုလာပြီဟု ထင်ပါသည်။ ဒေသခံလူထုသည် အာခံသည့်အပိုင်းက အာခံပြီး ကြိတ်မှိတ်တောင့်ခံကာ အချင်းချင်း ဖေးမကူရင်း ဒုက္ခတွေနှင့် ယဉ်ပါးသွားကြသည့် သဘောများလားတော့မသိ။ သည်လိုဒုက္ခတွင်းတွင် နှစ်ပေါင်း လေးဆယ်ငါးဆယ် ကျင် လည်နေခဲ့ရသည့်အဖြစ်က မတွေ့းဝံ့စရာပင် ဖြစ်သည်။ သို့သော် သူတို့ ဖြတ်ကျော်နေကြ၏။ ဖြတ်ကျော်နိုင်၏။ ဖြတ်ကျော်နိုင်အောင်လည်း နည်းမျိုးစုံနှင့် တောင့်ခံ၏။ လက်နက်စွဲကိုင် တော်လှန်သူက တော်လှန်၏။ နည်းမျိုးစုံနှင့်ရင်ဆိုင်၏။ အထူးသဖြင့် အချင်းချင်း ယိုင်ပင်းကြ ကြောချင်းကပ်ထားည့်အချက်ဖြစ်၏။။ထို့ကြောင့် ကရင်လူမျိုးသည် သည်ပြည်တွင်းစစ်ကြီးအတွင်း ပျောက်မသွား။ ကြေမွမသွား။ သည်သို့ပင် တစတစ ကျနော်နားလည်ရ လေးနက်လာစပြုပြီဟု ယူဆမိလေသည်။
၂။
ညနေ သုံးနာရီလောက်တွင် ချောင်းတဖက်ကမ်း စစ်တပ်စခန်းမှ စစ်သား (၇) ယောက် လက်နက်အပြည့်အစုံနှင့် ချောင်းရိုးအတိုင်းလာနေကြောင်း စက်သတင်းရ၏။ သူတို့ ဦးတည်ပြီး လာနေသောအနေအထားမှာ ကျနော်တို့ပုန်းအောင်းနေသောနေရာဘက် ဖြစ်နေ၏။ ထို့ကြောင့် ဗိုလ်သိန်းစိုးက နေရာရွှေ့မည်ဟု ပြောလာလေသည်။ ကျနော်တို့ ငါးယောက် အထုပ်အပိုးပြင်ကာ ချောင်းဘေးမှ ခွာကြ၏။ ခြေလှမ်းသွက်သွက်လှမ်းကြရ၏။ တနာရီကျော်ခန့် ခရီးနှင်ပြီးသောအခါ တောင်ကုန်းတခုပေါ် ရောက်လာကြလေသည်။ ယင်းတောင်ကုန်းပေါ်တွင်ပင် ညအိပ်မည်ဟု ဗိုလ်သိန်းစိုးက ဆုံးဖြတ်၏။ သည်နေရာမျိုးကိုမူ ရန်သူက လာရောက်လေ့မရှိဟု ဆို၏။ သည်တောင်ကုန်းမှာ သည်နေရာတွင် အပေါ်စီးရသဖြင့် စိုးမိုးကုန်းသဘောပင်ဖြစ်သည်။
သစ်ပင်များအောက်တွင် ညအိပ်ရန် နေရာထိုင်ခင်းပြင်နေစဉ် အဝေးတနေရာမှ လက်နက်ကြီးပစ်သံ ကြားကြရ၏။ “ဝေးပါတယ်၊ ဝတ္တပဘက်လောက်ကဖြစ်မယ်”ဟု တလိုင်းကရင်ရွာသူကြီး ဦးအုန်းမောင်က ကျနော့်ကိုကြည့်ပြီး ပြောလေသည်။
တောင်ကုန်းပေါ်မှကြည့်လျင် ငယ်စဉ်ကဖတ်ခဲ့ဖူးသော နတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်းစာအုပ်ကို သတိရ၏။ တောကိုပဲကြည့်ကြည့် တောင်ကိုပဲကြည့်ကြည့် စိမ်းမှောင်သော တောနှင့်တောင်ကိုသာတွေ့နေရ၏။ တောင်နှင့် ကောင်းကင်မှာ မြူများကြားတနေရာ၌ သွားဆုံကြလေသည်။ သစ်ပင်သစ်ကိုင်းလွတ်ရာနေရာ တနေရာမှမရှိ။ ရှိလျင်လည်း ဒုံသမိချောင်းကို မမြင်ရ။ ဒုံသမိချောင်းသည် တော အုပ်များထဲ ပုန်းနေသည်ဟု ထင်မိ၏။
ညနက်လာတော့လရောင်က ပိုပြီးအားကောင်းလာ၏။ တခဏအတွင်းမှာပင် တောင်ကုန်းတခွင်တပြင် လရောင်များ ထုနှင့်ထည်နှင့် ကျလာတော့သည်။ အိပ်တန်းတက်ငှက်သံများပင် တိတ်သွားပြီဖြစ်သည်။ ထိုအချိန်၌ သူကြီးဦးအုန်းမောင်က သူ့လွယ်အိတ်ထဲမှ ဓါတ်ခဲရေဒီယိုလေးထုတ်ပြီး ဖွင့်လေသည်။ ကျနော်က ချက်ချင်းဆိုသလို အချိန်ကိုမှန်းဆကာ ရေဒီယိုလေးကို ဆတ်ကနဲဆွဲယူပြီး ဒီဗွီဘီလိုင်းကိုလိုက်ရှာ၏။ ကံအားလျော်စွာ ဒီဗွီဘီလိုင်းမှာ အခက်အခဲမရှိ ချက်ချင်းမိ၏။ လိုင်းမိသော အခါ ရဲဘော်ဝှေ့စာမှအပ ကျနော်တို့အားလုံး ရေဒီယိုလေးကိုအလယ်တွင်ထားကာ အလိုလို ခေါင်း ချင်းဆိုင်မိသွားကြ၏။ ရေဒီလေး၏အသံမှာ အနည်းငယ်မကြည်လင်သော်လည်း ကောင်းကောင်း ကြားနေရ၏။ သတင်းကြေညာသူက သတင်းခေါင်းကြီးပိုင်းများ ကြေညာပြီးသောအခါ ကရင်ပြည် နယ် ဘားအံမြို့နယ် တလိုင်းကရင်ရွာ၌ စစ်အစိုးရစစ်တပ်က ဘုန်းတော်ကြီးကျောင်းဝင်းထဲ ဝင်ရောက်တပ်စွဲထားသည်ကို ယင်းတလိုင်းကရင်ရွာမှ ထွက်ပြေးလာသူ ကိုမောင်ဝင်းနှင့် ဒီဗွီဘီ တွေ့ဆုံမေးမြန်းခန်း နားဆင်ရမှာဖြစ်ကြောင်း ကြေညာလေသည်။
ကျနော်တို့အားလုံး တယောက်ကိုတယောက် ကြည့်သည်။ ကိုမောင်ဝင်းက ကျနော့်ကိုကြည့်သည်။ ကျနော်က ဗိုလ်သိန်းစိုးကို ကြည့်သည်။ ကိုမောင်ဝင်းက ခေါင်းကိုရှေ့ပိုတိုးကာ ရေဒီယိုထဲကသူ့အသံကို တအံ့တဩနားထောင်သည်။
ထိုညက ကျနော်တို့အားလုံး တော်တော်နှင့်မအိပ်ကြ။ ကိုမောင်ဝင်းက ကျနော်နှင့်ကပ်လျက်နေရာသို့ နေရာပြောင်းပြီး လာအိပ်၏။ ဗိုလ်သိန်းစိုးကမူ စကားတခွန်းမှမဟဘဲ ကြေနပ်နှစ်သိမ့်နေပုံမှာ သိသာလွန်းနေ၏။ နောက်တော့ ဒီည သူပဲ တညလုံးကင်းစောင့်မည်ဟုဆိုကာ ကိုမောင်ဝင်းက ဝှေ့စာနှင့် လူချင်းလဲ၏။
ထိုညက တောင်ကုန်းပေါ်တွင် မည်သူမျှ စကားမပြောကြတော့။ ပျော်ရွှင်အံ့ဩဖွယ် တိုက်ဆိုင်မှုအပေါ် အတွေးကိုယ်စီ ဖြစ်ကုန်ကြရဟန်တူလေသည်။
၄။
ဖလံတောင်ရွာကိုလှမ်းမြင်နေရသော တောစပ်တွင် ကျနော်တို့သုံးယောက် နေရိပ်ခိုရင်း လှမ်းကြ ့်နေကြ၏။ တလိုင်းကရင်ရွာ သူကြီးဦးအုန်းမောင်နှင့် ကိုမောင်ဝင်းတို့က မနက်ကတည်းက ကျနော်တို့နှင့်ခွဲကာ နေရာရွှေ့သွားကြပြီဖြစ်သည်။
နာရီဝက်ခန့်ရှိသောအခါ ရွာထဲမှလူနှစ်ယောက်ထွက်လာ၏။ ကျနော်တို့ရှိနေသည့်နေရာကို လှမ်း ကြည့်သည်။ လယ်ကွက်တချို့ကို ဖြတ်လာကြ၏။ မလှမ်းမကမ်းရောက်တော့မှ ယောက်ျားတယောက်နှင့် မိန်းမတယောက်ဖြစ်နေသည်ကိုတွေ့ရ၏။
ဗိုလ်သိန်းစိုးက တောစပ်မှထွက်ကာ လူရိပ်ပြလိုက်သဖြင့် ထိုနှစ်ယောက်မှာ ကျနော်တို့ဆီသို့ ရောက်လာကြ၏။
သူတို့နှစ်ယောက်မှာ ဖလံတောင်ရွာက မောင်ဖါးအုနှင့် မရေသူဖြစ်ကြောင်း ဗိုလ်သိန်းစိုးက ကျနော့်ကိုပြောပြီး သူတို့ကိုလည်း ကျနော်မည်သူမည်ဝါဖြစ်ကြောင်း ကရင်လို မိတ်ဆက်ပေးလေသည်။
မောင်ဖါးအုနှင့် မရေသူမှာ လင်မယားနှစ်ယောက်ဖြစ်၏။ လွန်ခဲ့သည့် ငါးရက်က မရေသူမှာ နအဖစစ်တပ် စစ်သားသုံးယောက်က အဓမ္မ၊ ပြုကျင့်ခဲ့ကြကြောင်း၊ ဗိုလ်သိန်းစိုးက မနက်ကတည်းက ကျနော့်ကိုပြောပြထားပြီးဖြစ်သည်။ ကာယကံရှင်များနှင့်ညှိနှိုင်းသည့်အခါ ကာယကံရှင်များက ကျနော်နှင့်တွေ့ဆုံသတင်းပေးဖို့ သဘောတူသည့်အတွက် ကျနော်တို့ အခုလို တွေ့ဆုံကြခြင်းဖြစ်သည်။
ယောက်ျားဖြစ်သူရော မရေသူပါ အသားအရည် စိုပြေကြ၏။ နှစ်ယောက်စလုံး အသားဖြူ၏။ မောင်ဖါးအုက ပခုံးကျယ်ကျယ် ခန္ဓာကိုယ်တောင့်တင်းကြစ်လစ်၏။ မရေသူက ပါးရိုးကားပြီး ခြေသလုံးများ တုတ်ခိုင်သူဖြစ်သည်။
ကျနော်က အသံဖမ်းစက်ကလေးမဖွင့်ခင် အခုပြုလုပ်မယ့် အမေးအဖြေများကို အသံဖမ်းယူမည်ဖြစ်ကြောင်း၊ DVB အသံလွှင့်ဌာနမှတဆင့် အသံလွှင့်မှာဖြစ်ကြောင်းနှင့် ဂျာနယ်တွင် ဆောင်းပါးလည်း ရေးမည်ဖြစ်ကြောင်း၊ သဘောတူမှ အမေးအဖြေလုပ်မှာဖြစ်ကြောင်း ရှင်းပြ၏။ ကျနော်ပြောသမျှ ဗိုလ်သိန်းစိုးက ကရင်လို သေသေချာချာ ရှင်းပြလေသည်။ မောင်ဖါးအုက မြန်မာလို တစုံတရာနားလည်ပြီး ပြောတတ်သော်လည်း မရေသူကမူ မြန်မာလို တလုံးမှမတတ်။ အမေးအဖြေလုပ်သည့်အခါ အခက်အခဲအနည်းငယ်ရှိမည်ဟု ထင်နေစဉ် မောင်ဖါးအုက သူကိုယ်တိုင်ပင် စကားပြန်လုပ်မည်ဟု ပြောလာသဖြင့် အဆင်ပြေကာ အမေးအဖြေစလို့ ရသွား၏။
ပြဿနာဖြစ်သည့်ညနေက ချောင်းအတွင်း ရေခပ်ဆင်းသည့်မရေသူကို ဟိုဘက်ကမ်းမှကူးလာသည့် နအဖစစ်သားတယောက်က စကားလိုက်ပြော၏။ မရေသူက နားလည်းနားမလည် ကြောက်လည်းကြောက်သဖြင့်အတင်းရှောင်ထွက်ကာ အိမ်ပြန်လာခဲ့ရ၏။ ထိုနေ့က ယောက်ျားဖြစ်သူ မောင်ဖါးအုမှာ အိမ်တွင်မရှိ။ ကမ္မမေါင်းသို့ ခဏသွားနေ၏။
ည ကိုးနာရီခန့်တွင် စစ်သားသုံးယောက် ဖလံတောင်ရွာထဲ ဓါတ်မီးတဝင်းဝင်းနှင့် ရောက်လာ၏။ မရေသူ၏အိမ် ရှေ့ရောက်သောအခါ သေနတ်နှစ်ချက်ဖေါက်၏။ မရေသူကို အိမ်အောက်ဆင်းဖို့ ခေါ်၏။ ပတ်ဝန်းကျင်က မီးရောင်မြင်ရသောအိမ်ကို သေနတ်ဖြင့်ပစ်ကာ မီးမှိတ်ခိုင်း၏။ အိမ်ပေါ်မှမဆင်းလျှင် သေနတ်နှင့်ပစ်မည်ဟုပြောသဖြင့် မရေသူ အိမ်အောက်သို့ ဆင်းရ၏။ အိမ်အောက်သို့ရောက်သောအခါ စစ်သားနှစ်ယောက်က မရေသူကို ချုပ်ကိုင်ကာ စစ်သားသုံးယောက် တလှည့်စီ အစမ္မပြုကျင့်ကြလေသည်။ အစပိုင်းတွင် မရေသူက ငိုယိုတောင်းပန်၏။ အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်း၏။ စစ်သားတယောက်က သေနတ်ဖြင့်ခေါင်းကိုထိကာ ပစ်သတ်မည်ဟုပြောသဖြင့် မရေသူ အသံတိတ်သွား၏။ ထိုအချိန်က တရွာလုံး မီးမှိတ်ကာ ငြိမ်နေကြရ၏။ မရေသူ အခုလိုဖြစ်နေသည့်အချိန် အိမ်ပေါ်တွင် လူမမာဖခင်ကြီး ရှိနေသော်လည်း မည်သို့မျှ မကူညီနိုင်ခဲ့။
မောင်ဖါးအုက သည်ကိစ္စတွင် သူ့မိန်းမ၌ အပြစ်မရှိဟုပြော၏။ ခွင့်လွှတ်သည်ဟုလည်း ပြော၏။ မရေသူ ကရင်လိုပြောပြသမျှ ကျနော့်ကို စကားပြန်လုပ်ပေးနေစဉ် မောင်ဖါးအု လက်သီးဆုပ်ထား၏။ မျက်နှာထား တင်းမာနေ၏။
အင်တာဗျူးလုပ်ပြီးသောအခါ မောင်ဖါးအုက ဝှေ့စာဆီမှသေနတ်ကိုတောင်းလွယ်၏။ မရေသူကိုလည်း သူ့ဘေးတွင် လာရပ်ဖို့ခေါ်၏။ အခုအချိန်ကစပြီး သူတို့လင်မယားနှစ်ယောက် တော်လှန်ရေးထဲ ပါဝင်တော့မည်ဟုလည်း ဗ်ုလ်သိန်းစိုးကို အသိပေးတော့၏။ ဗိုလ်သိန်းစိုးကလည်း သည်တခါ မာနယ်ပလောပြန်လျှင် သူတို့ကိုပါ တပါတည်းခေါ်သွားမည်ဟု ကတိပေး၏။ မောင်ဖါးအုက ခွင့်ပြုသဖြင့် သေနတ်လွယ်ပြီးရပ်နေသော သူတို့လင်မယားကို ကျနော် ဓါတ်ပုံရိုက်၏။( မာနယ်ပလောသို့ရောက်သောအခါ ခေတ်ပြိုင်ဂျာနယ်၌ သည်အကြောင်းများကို ဒုံသမိချောင်းကမ်း ငရဲခန်းများခေါင်းစဉ်ဖြင့် အခန်းဆက်ဆောင်းပါးကို ပုံနှင့်တကွ ထည့်ရေးခဲ့၊ အသံလည်း လွှင့်ခဲ့ပါသည်။ )
မရေသူတို့ကိုနှုတ်ဆက်ကာ လမ်းခွဲပြီး အခြားတနေရာသို့ ရွှေ့သောအခါ ဗိုလ်သိန်းစိုး တလမ်းလုံး ငြိမ်ငုတ်ပြီး ရှေ့ကလျှောက်၏။ ကျနော်လည်း စကားတခွန်းမှ မဆိုနိုင်ဘဲ တောလမ်းအတိုင်းလိုက်လာခဲ့၏။
ငြိမ်းဝေ
( အပိုင်း ၅ သို့ ဆက်လက်ဖတ်ရှုကူညီပါရန်)
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
