Breaking News

မောင်လင်းရိပ် - ဖတ်လက်စ၊ ဖြတ်လက်စ

Art ~ Than Htay Maung
ဖတ်လက်စ၊ ဖြတ်လက်စ
မောင်လင်းရိပ်
(မိုးမခ) မတ် ၃၁၊ ၂၀၂၆

ချက်ကော့ဖ်ရဲ့ ဖတ်လက်စ ထိုသုံးနှစ်ကို အသာ ပိတ်ထားလိုက်ဦးမယ်
ဦးနုရဲ့ ငါးနှစ်ရာသီ ဗမာပြည်က အပြိုင်စကြဝဠာထဲရောက်နေခဲ့သလား
ငါတို့ရဲ့ ဤငါးနှစ်ကို ဘယ်လို ရေးရမလဲ ဘယ်သူ ရေးကြမလဲ
ငါးနှစ်ငါးမိုး၊ မီးခိုး ပြာ တော်လှန်မှု အနီရင့်*
ခရီးကဖင့်နေတယ်လို့ ပြောရင် အဆိုးမြင်စကားဖြစ်လိမ့်မယ်
နီးသဖြင့်လည်း မလျှော့ရာ ဝေးသဖြင့်လည်း မပေါ့ရာ
ခေတ်ထဲက ရေဆန်ခရီးမှာ လှေကြုံစီးတွေကတော့ တက်ကိုင်ဖို့ ရှောင်မြဲသာ
ကိုယ့်ပန်းတိုင် ကိုယ်ပေါက်ဖို့ရာ ကိုယ်တိုင်ပဲ ပြဲနေအောင်လှော်ကြရ
တစ်နိုင်ငံတည်းစီး တစ်ခရီးတည်းသွားကြရမှတော့ လူပိုပါလည်း ဝန်ပိုကို ထမ်းရုံပဲ
လှော်လှေမှာ တက်ဘယ်လောက် စုံနိုင်မလဲ ရွက် ဘယ်နှဖုံ ထောင်နိုင်မလဲ
ပြောင်းပြန်လှော်တဲ့တက်နဲ့ ပြောင်းပြန်ပင့်တဲ့ လေကိုတော့ မလွဲမသွေ သပ်ချဖို့
ငါးနှစ်ငါးမိုး၊ မီးခိုး ပြာ တော်လှန်မှု အနီရင့်
ငါတို့ရဲ့ ခရီးအတွေ့အကြုံဟာ အတန်ရင့်ခဲ့ပြီ
ငါတို့ရဲ့ အထိအရှနဲ့ အကျအဆုံးဟာ အတော်နင့်ခဲ့ပြီ
စာမကုံးချင်ဘု လုံးလုံကြီးစိတ်နာ မဖြစ်လေနဲ့ ငါ့လူ
ဘယ်သမိုင်းမှာမဆို အလှိုင်းနဲ့ အမှိုက်တွေဟာ လှည်းနဲ့ တိုက်ပုံလို့ မလောက်ရာ
ရွာကလေးတွေရဲ့ အမည်ကို လည်းကောင်း လူငယ်လေးတွေရဲ့ နာမတော်ကိုလည်းကောင်း
ဦးခေါင်းတညွတ် အလေးထားသောအားဖြင့်
ငါးနှစ်ငါးမိုး၊ မီးခိုး ပြာ တော်လှန်မှု အနီရင့်
လူထုပြည်သူရဲ့ အာဏာကိုသာ တန်သောတစ်ချိန်မှာ ဥကင်သာဖွင့်ပါလေ။

မတ် ၃၀၊ ၂၀၂၆
* အမှတ်ရချက်။ ချက်ကော့ဝတ္ထု ဒဂုန်တာရာမြန်မာပြန် ‘သုံးနှစ်သုံးမိုး ပိုးထီး ငုဝါပွင့် အပြာနု’
-
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar