Saturday, May 9, 2026

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃)

မိုးမခ ၊ မေ ၉ ၊ ၂၀၂၆


တွေးရှုဖို့မလို၊ ခွေးပူတို့ ငိုချေပြီ။ အူ၍ အူပြီး အူမငြီးရုံသာ ကျန်တော့သည်။ လူအများ နားဒုက္ခခံကြလေကုန်ရာသတည်း။

ခွေးကောင်လှိုင်ကတော့ သူ့ဘာသူ သမ္မတခန့်၊ လွှတ်တော်ထဲ ကျမ်းသစ္စာကျိန်ဆိုပွဲလုပ်၊ ပြီးတော့ အတည်ပေါက်ကြီး သမ္မတကြီးစလွယ်နဲ့ ခုံမြင့်မြင့်ပေါ် မမီမကမ်း တက်ထိုင်နေတုန်း အာဆီယံက သူ့ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဆိုတော့ ဂလုရမယ့်ဟာကြီး လည်ပင်းဝမှာ တစ်ဆို့နေပြီပေါ့။ အာဆီယံဟာ သူ့ပါပါတရုတ်ကြီး အေးအေးဝင်း စီစဉ်လိုက်တဲ့ ခွေးကောက်ပွဲကြီးကို လက်ခံဖို့ ဘုံသဘောတူညီချက် မရသေးဘူးတဲ့။ လက်ခံထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကိုပဲ အကောင်အထည်ဖော်ပါတဲ့။ အာဆီယံကတော့ ခွေးကို ခွေးကတက်မှာပဲ ထားမယ်။ ခန်းမထဲ လှမ်းကြွမလာနဲ့ပဲ။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်းတွေကတော့ ခွေးတိုးပေါက်ပါ ပိတ်ဖို့ပြောတယ်။ ဦးဝင်းမြင့်ကိုသာ သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုပါတဲ့။

ဖွတ်တွေ၊ ကြံ့တွေ၊ ဖားတွေကြားတော့ ခွေးက တိလောကဂုရု လုပ်လို့ရတာပေါ့။ လူတွေသူတွေကြား မင်းတွေစိုးတွေကြားတော့ ခွေးဟာ အာပု၊ အာပုဟာ ခွေး၊ ရိုးရိုးခွေးမဟုတ်၊ ခွေးသူခိုး နှုတ်သီးမည်း၊ ခွေးရူး၊ သခင် လက်ကိုက်တဲ့ ခွေးယုတ်ဆိုတော့ မောင်းထုတ်တာပေါ့။ ခွေးရှင် ကျင့်ဖျင် မျက်နှာတောင်မကြည့်ဘဲ ခွေးကို ရိုက်လွှတ်ကြတာနော်။

အမေရိကား၊ ပြင်သစ်၊ အင်္ဂလန်၊ အော်ဇီတို့ကအစ အားလုံးက ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း ပြောနေပြီ။ ဖမ်းတုန်းက အမှုဆင်ပြီး လျှောက်ဖမ်းထားတာလေ။ လျှော့ရက်တွေဘာတွေ ခြွင်းချက်တွေ လုပ်နေစရာမလိုဘူး၊ အကုန်ချက်ချင်းလွှတ်ပဲ။ အာဏာလုလို့ ပြန်တုံ့ပြန် ဆန္ဒပြတဲ့သူတွေ၊ လူငယ်‌တွေ၊ နိုင်ငံရေးသမားတွေကို အလကားနေရင်း လိုက်ဖမ်းထားတာ မဟုတ်လား။ ဒေါ်စုကလည်း အာဏာအလုခံရသူ။ တချို့များဆို ဘာမှမလုပ်ရဘဲ အိမ်လာခေါ် ဖမ်းသွားတာတွေ။ အဓိကကတော့ ဖမ်းတုန်းကတည်းက ဘာအပြစ်မှ ကျူးလွန်လို့ ဖမ်းတာမဟုတ်ဘူး။ အာဏာရှိနေတဲ့ပုဂ္ဂိုလ်တွေကို သေနတ်ပြအနိုင်ကျင့် ခေါ်သွားပြီး ထောင်ရောက်မှ ပေါက်ကရအမှု ကောက်တပ်လိုက်တာ။ အဲဒီလိုပဲ နိုင်ငံရေးသမားတွေကိုလည်း ဒီတိုင်း အိမ်မှာလာခေါ်ပြီးတော့ ထောင်ချလိုက်တာ။ သူ့ဟာသူ အရူးထအာဏာသိမ်း၊ ပြီး သူများလျှောက်ဖမ်းတာပေါ့။ တကယ်က သူကသာ နိုင်ငံတော်ပုန်ကန်မှု မြောက်တာ၊ တခြားသူတွေက တိုင်းချစ်ပြည်ချစ်စိတ်နဲ့ တုံ့ပြန်ကြတာ။ ဒါကြောင့် နိုင်ငံတကာက ခြွင်းချက်ထားစရာမလိုဘူး၊ ချက်ချင်းအကုန်လွှတ်ခိုင်းတာ။ အဲဒါကို ဟိုနေ့ ဒီနေ့တွေ ရောက်ပြီလားဆို နိုင်ငံတော်က မေတ္တာရှေ့ထားပြီးတို့၊ စေတနာနဲ့တို့တွေ အူတဲအူတဲလုပ်ပြီး လူလွှတ်၊ ရက်လျှော့ လုပ်လုပ်ပြနေတာ။ ခွေးနှုတ်သီးမည်းက သူ့ကိုယ်သူ နိုင်ငံတော်လုပ်တော့ နိုင်ငံပါ ဒေါ့ဂ်ကန်းထရီး အချောင်ဖြစ်ရသေးတာ။

ခွေးကောင်လှိုင်က အူစရာ ပွဲရှာနေတဲ့ကောင်၊ အာဆီယံကျ အဝေးကြီးက အူရတာလေ၊ ဘယ်အားရမလဲ။ သူအူချင်သလောက် အူလှိုက်သည်းလှိုက် အူလို့ရတဲ့ ပြည်တွင်းက သူအမ်းထားတာလေးတွေ ပတ်ရှာတာ ရှာတာ။ အဲဒီမှာ လူရည်ချွန် ဆိုတာနဲ့ လူရည်ချွန်ကလေးတွေဆီ အမြီးတယမ်းယမ်းနဲ့‌ ပြေးတော့တာပေါ့။ တမုန်းအူလို့ရပြီ မဟုတ်လား။ အူဝါဒချွေချက်များ၊ လက်ကုန် အမြီးကုန်။

သူ့လို စစ်ရာဇဝတ်ခွေးက လူရည်ချွန်တွေကို ဘယ်လိုတွေတောင် အူဝါဒပေးလဲဆိုတော့ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်‌တွေနဲ့ အနာကပ်ပလာစတာ ဘာညာ ရွှီးတာပေါ့‌ကွယ်။ စဉ်းစားကြည့်၊ ဘာဆေးမှ ကောင်းကောင်းအသွင်းမခံလို့ ကုရာနတ္ထိ ဆေးမရှိဖြစ်နေတဲ့ လူတွေခမျာ၊ ဘယ်လို ကျန်းမာကြံ့ခိုင်မတုန်း။ အလုပ်မရှိ စားဖို့သောက်ဖို့ခက်နေတဲ့ နိုင်ငံမှာ နိုင်ငံ့သယံဇာတအချောင်ရ၊ လုပ်ပိုင်ခွင့် ဖရီးရတဲ့ စစ်အုပ်စုသားသမီးတွေနဲ့ ခရိုနီသားသမီးတွေပဲ ကြံ့ခိုင်မှာပေါ့။ မီးမမှန်၊ ရေမမှန်၊ လေပါမမှန်လို့ အသက်ရှူပါ မမှန်တော့တဲ့ နိုင်ငံကြီးမှာ ဘယ်သူတွေက ကြံ့ခိုင်မလဲ။ နေရာမရလို့ ကြံ့ခိုင်ရေးတွေတောင် မကြံ့ခိုင်တော့တာ။ ဒီကြားထဲ အပြင်ကို ကောင်းကောင်းမသွားရဲဘူး၊ အကုန်ပေါ်တာဆွဲနေလို့ အိမ်ထဲပဲ ကုပ်နေရတာက တစ်မျိုး။ မဝရေစာကျွေး၊ ဆေးပြားငုံ စစ်တိုက်ခိုင်းနေလို့ သေသွားတဲ့ လူငယ်တွေဆိုတာ ဒုနဲ့ဒေး။

ထူးချွန်ထက်မြက်တဲ့ လူငယ်တွေနဲ့တဲ့၊ အူသေးတယ်‌၊ လူခွေးရယ်။ ဘယ်လိုမှ ထူးချွန်ထက်မြက်စရာ မရှိဘူးလေ။ ကျန်းမာရေးလိုပဲ ပညာရေးလည်း ဘာမှ ကောင်းတာမရှိတော့ဘူးလေ။ အာဏာလုကတည်းက တိုင်းပြည်က တစ်ရက်ထက်တစ်ရက် ပျက်တော့တာ။ တော်တဲ့ဆရာတွေ တတ်တဲ့ဆရာတွေကလည်း CDM လုပ်သူလုပ်၊ နိုင်ငံခြားထွက်သူထွက်။ ခွေးစိုးမိုးနယ်မြေမှာ ဆရာ မရှိ၊ လူစိုးမိုးနယ်မြေမှာ ကျောင်းအရှိမခံ၊ မြေလှန်မီးတိုက် ဗုံးကြဲ။ ဆရာအင်အား မလုံလောက်၊ မကျွမ်းကျင်လို့ နိုင်ငံခြားထွက် ပညာသင်မယ် ဆိုပြန်တော့လည်း အပိတ်အပင် အတားအဆီးအမျိုးမျိုးနဲ့ နှောင့်ယှက်၊ လူငယ်တိုင်း စစ်မှုထမ်းရမယ်ဆိုပြီးတော့ ဘက်စုံမျိုးစုံ ဒုက္ခပေး။

ဒါတောင်မှ ပါးစပ်ထဲ စားလက်စ ချေးတုံးပလုတ်ပလောင်းနဲ့ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ လူငယ်တွေ ပေါ်ထွက်အောင် နိုင်ငံတော်က လုပ်ပေးနေတယ်လို့ကလည်း ဗလုံးဗထွေး အူသေးတာ။ ဗလာငါးတန်ပဲ ထွက်တာလေ။ ပညာဗလာ၊ အကျင့်ဗလာ၊ အသိဗလာ၊ သုတဗလာ၊ ဉာဏဗလာ။ အဲဒီလို ဗလာငါးတန်ပဲ ထွက်မှာပေါ့။ ခွေးကျင့်‌ ခွေးကြံနဲ့ အုပ်ချုပ်၊ ခွေးသူခိုးမင်းလုပ်၊ ခွေးတော်သလင်းပဲ ကျင်းပနေတဲ့ နိုင်ငံမှာ သူခိုး၊ ဓားပြ၊ မုဒိမ်း၊ ရက်စက်ယုတ်မာ ဒါတွေပဲ ထွက်မှာပဲလေ။ ခွေးရူးထလိုက်တာ တောထဲရောက်တဲ့ လူငယ်နဲ့၊ ထောင်ထဲရောက်တဲ့ လူငယ်နဲ့၊ အမှောင်ထဲရောက်တဲ့ လူငယ်နဲ့၊ အချောင်သမား လူငယ်နဲ့၊ နိုင်ငံခြားအလုပ်သမားဖြစ်တဲ့ လူငယ်နဲ့၊ ပေးစာကမ်းစာ ထိုင်စားရတဲ့ လူငယ်နဲ့၊ ချုပ်ရရင် နှစ်ဖက် စစ်တိုက်ရတဲ့ လူငယ်နဲ့ ဘေးထိုင်တဲ့ လူငယ်ရယ်ပဲ ရှိတော့တာ။

ယဉ်ကျေးမှုတွေ ထိန်းဖို့တဲ့၊ ကောင်းမြတ်တဲ့ အစဉ်အလာတွေ ထိန်းဖို့တဲ့၊ ဓလေ့ထုံးစံတွေ ထိန်းဖို့တဲ့၊ ဘာမှ မကျန်တော့ဘူး။ အကုန်လေယာဉ်နဲ့ ဗုံးကြဲဖြိုဖျက်၊ လက်နက်ကြီးနဲ့ ထုဖြိုဖျက်၊ စစ်ကြောင်းထိုး မီးတိုက်လိုက်တာ၊ လူသတ်လိုက်တာ ဘာယဉ်ကျေးမှုမှ မရှိတော့ဘူး။ ဓလေ့ထုံးစံတွေလည်း အကုန်ပျက်ကုန်ပြီ။ သယံဇာတလည်း ကုန်ပြီ။ မြေကြီးအဆိပ်ခပ်ပြီး မြေရှားညှစ်ထုတ်ရတဲ့ဘဝ ရောက်နေပြီ။ အာဏာနဲ့လဲပြီး ရှမ်းမြောက်တခုလုံး တရုတ်လက် ထိုးအပ်ထားတဲ့ကောင်က ဘာထိန်းချင်သေးတာတုန်း။

လူရည်ချွန်တွေကို လူရည်ကျွန်လုပ်ဖို့ အမြီးလေး တနှန့်နှန့်နဲ့ ခွေးစကားတွေကို အူအူပြောနေတာလေ။

👉 အူတော့သည်လည်း ခွေးစကား (၁)

👉 အူတော့သည်လည်း ခွေးစကား (၂)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar