ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁)
မိုးမခ ၊ ဧပြီ ၃၀ ၊ ၂၀၂၆
စစ်ခွေးကနေ တိုက်ပုံဝတ်ခွေးပု ဖြစ်လာပြီဆိုပေမဲ့ ထုံးစံအတိုင်း အူသံကတော့ အတူတူပင်။ အူတူတူပုံ၊ မခုန်တတ်တဲ့မျောက်၊ မခုတ်တတ်တဲ့ဟန်၊ မကိုက်တတ်တဲ့စောက်ခွက်၊ ဇောက်နက်တဲ့အကြံ၊ မျက်လုံးသွေးစွန်း၊ ပြုံးတဝက် မဲ့တချက် မျက်နှာ၊ အသက်မပါ မသက်မသာ အူသံတွေကတော့ လုံးဝချွတ်စွပ် အတူတူ။
အေးလေ ကလေးသူငယ်တွေ သွေးကိုစုတ်နေတဲ့ သွေးစုတ်ဖုတ်ကောင်၊ တွေ့သမျှ လူငယ်လူရွယ်တွေ လိုက်ဖမ်းလိုက်သတ်နေတဲ့ ဇွန်ဘီကောင်၊ အမျိုးသမီးငယ်တွေ၊ အိမ်ထောင်သည်တွေ၊ အဘွားအိုတွေကို သူတို့မိဘရှေ့၊ လင်သားရှေ့၊ သားသမီးတွေရှေ့၊ ရပ်သူရွာသားတွေရှေ့ မုဒိမ်းကျင့် သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်၊ ပစ္စည်းယူ မီးရှို့ နှုတ်သီးမဲ ခွေးသူခိုးကောင်၊ အမှုဆင် ဖမ်းဆီး ထောင်ချ ခွေးဝဲစား ဆိုတော့လည်း ဒီမူဟန်နဲ့ ဒီအူသံပဲ ထွက်မှာပ။
ဘာတဲ့ ပညာမတတ်လို့ ပီဒီအက်ဖ် (PDF) လုပ်တာတဲ့၊ တကယ့် ခွေးနာအူသံကြီး။
တစ်နေ့က ဝမ်ယိလာတော့ တော်သလင်းလ ဖော်တသင်းသမတဲ့ ခွေးဖာသည်မကြီး အူသံနဲ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေမဲ့ ဘယ်လုပ်ရပ်ကိုမှ ခွင့်မပြုဘဲ တရုတ်အကျိုးစီးပွား ကာကွယ်မယ်လို့ အူတာ အူတာများဆို။ မြန်မာနိုင်ငံထဲရှိတဲ့ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ ဆီပုလင်းခါးချိတ်မူနဲ့ အူနေတုန်းရှိသေး၊ ဘေဂျင်းနိုင်ငံခြားဘာသာတက္ကသိုလ် (BFSU) က တရုတ်မစွာတေးလန်က တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်နေတဲ့ အမျိုး ဘာသာ (လဘာဂျာ) တွေကို ဖမ်းပြီး နားအုံဖုန်ခါပေးဖို့ ဟောင်ကရော။
ဟိုလဘာဂျာကောင်တွေကလည်း တရုတ်မအနာကို တုတ်ကျွေးတာလေ၊ ဘာတဲ့... တရုတ်ရဲ့ မိတ်ဆွေအစစ်က မြောက်ကိုရီးယားသာရှိပြီး ကျန်နိုင်ငံတွေက ရက်လည်တွေ့လို့ မုန့်ဟင်းခါးဝင်စားတာ၊ ဇရပ်မို့ ဝင်အိပ်တာသာဖြစ်တယ်လို့ဆိုတော့ တင်းပြီပေါ့။ ဒါ အလွန်ပလီ တရုတ်ပြည်လို့ ပြောတာပဲ၊ နိုင်ငံ့အတွက် အန္တရာယ်ကောင်တွေပဲဆိုပြီး ကိုင်ခိုင်းတာ။
အဲဒီမှာ တိုက်ပုံဝတ်ခွေးပုဟာ သူ့ခွေးတွေကို ရှော့ရမယ့် အခြေအနေ ဆိုက်လာ။ မကိုင်လို့က မရတော့။ တရုတ်အကျိုးစီးပွားအတွက် ဘာမဆိုလုပ်ပေးမယ်လို့က ပြောထားကာစလေ။ မလုပ်ပေးရင် လားစီးရမှာ။ ဝမ်ယိက ရှီကျင့်ဖျင်ရဲ့ လားနှစ်ကောင်ပုံ လက်ဆောင် သယ်လာတာက အဲဒီအထာနဲ့လေ။ ခွေးပုလားစီးပုံသာ မြင်ယောင်ကြည့်၊ မချိမဆံ့ကြီး ဖြစ်မှာပေါ့။
ဗိုလ်ချုပ်တွေတောင် ဖမ်းဆိုဖမ်း၊ ထောင်ချဆိုချ၊ ဖြုတ်ဆိုဖြုတ်ပေးရတာ မဟုတ်လား။ တရုတ်မက အရင် တရုတ်ဆန့်ကျင်ရေး စာကပ်တာတွေ၊ ဆန္ဒပြပွဲတွေလုပ်ခဲ့တဲ့ လဘာဂျာတွေအကုန်လုံးကို ရှင်းဖို့စောင့်နေတာ ကြာပလေ၊ အခုမှ ခွင်တည့်သွားတာ။ ပြေးနိုင်မှ လွတ်မယ်နော်။ ပေါက်ကိုယ်တော်နဲ့ ဝီဝီတို့ပါ တစ်ခါတည်း ပါသွားနိုင်တယ်။ သူတို့ပါ ကိုင်လိုက်ရင် နိုင်ငံတကာနဲ့ ပြည်သူ့ထောက်ခံမှုပါ ရနိုင်တဲ့အကွက်ဆိုတော့ အရင်လော်ပေးခဲ့၊ ဘောလျက်ခဲ့တာတွေကို ခွေးပုက တွေးရှုနေမှာ မဟုတ်။ အင်း သူ မလုပ်ရင်လည်း သူ ပြုတ်မှာ၊ တရုတ်က လုပ်မဲ့ တစ်ကောင်နဲ့ လဲမှာ။ စစ်တပ်ဘက်က လဘာဂျာတွေကို အရေးမယူဘဲ လွှတ်ထားခြင်းဟာ "ရှေ့တွင် သမင်မွေးပြီး နောက်တွင် ကျားကိုက်ခိုင်းခြင်း" ဖြစ်တယ်လို့ တရုတ်မက စွပ်စွဲလိုက်ပြီဆိုတော့ သားကြီးတို့ ပြေးနိုင်မှ လွတ်မယ်နော်။
ခွေးပုက တရုတ်ခိုင်းတာ မလုပ်လို့မရ။ ခိုင်းမှလုပ်နေတာကိုက သူ့အတွက် စောက်ခွက်ပျက်ရတဲ့ အခြေအနေနော်။ ခွေးပီပီ အလိုက်တသိ ကိုက်ကြည့်နေရမှာ။ ICC, ICJ တွေအပြင် အခု အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးက ခွေးပုရဲ့ ခွေးကျင့်ခွေးကြံ သခင်ကိုပြန်ကိုက်တဲ့အမှုကို တရားဝင် လက်ခံလိုက်ပြီ။ ကြီးလေးတဲ့ ရာဇဝတ်မှုများကို အထူးပြုစစ်ဆေးတဲ့ ဌာနခွဲကို လွှဲပြောင်းပေးပြီး စကိုင်တွယ်နေပြီတဲ့။ တကမ္ဘာလုံးရဲ့ တရားရုံးမှန်သမျှနဲ့ ရင်ဆိုင်ရတော့မှာဆိုတော့ အားကိုးစရာက တရုတ်ပဲ ရှိတာမဟုတ်လား။ တရုတ် ခိုင်းတာဆို မလုပ်ဘဲနေလို့က မရတာလေ။ ပြည်တွင်းကလည်း တရုတ်ခရာသံ ပေးလိုက်ရင် အပြေးလာ နားပန်ရိုက်မဲ့ ERO တပ်တွေက အသင့်။ သူ့တပည့် ခွေးဘီလူး ရဲဝင်းဦးကို ကိုက်ခိုင်းလိုက်ရင်ကို ခွေးပုက သေပြီးသား။ အခုဟာ ခွေးပုက ခွေးခေါင်းဆောင်သာ ပြောတာ၊ တကယ်က ဘူဂျာလီတောခွေးအဆင့်ပဲ ရှိတော့တာ။ ဟိုက ခွေးဘီလူး။ ခွေးဘီလူးက သူ့ကို ကာလုံကနေတစ်ဆင့် ချုပ်ကိုင်ထားတဲ့ သရေကြိုးကို အစာကြေတာမဟုတ်။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ လုပ်နေတာ။
ခင်ရီ တို့ ကြံ့ဖွတ်တွေကလည်း ပြည်သူ့လွှတ်တော်မှာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၀၈ နေရာ အနိုင်ရခဲ့ပေမဲ့ သမ္မတနေရာလည်းမရ၊ အစိုးရအဖွဲ့အတွင်းမှာလည်း ဝန်ကြီးနေရာတွေမရ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေမှာလည်း ဗဟိုအလုပ်အမှုဆောင်တွေ၊ ဗဟိုကော်မတီဝင်တွေက ပါဝင်ခွင့်မရလို့ ခွေးပုကို အမှုန့်ကြိတ်ပစ်ချင်နေကြတယ်။
အဲဒီထဲက ကြံ့ဖွတ်တွေကို ရွဲ့ပြီး ပြည်သူ့ဆန္ဒကြောင့် သမ္မတတာဝန် ထမ်းဆောင်ရတယ်လို့ အူသွားတော့ အသေတင်းနေကြတာပေါ့။ ချောင်ရင် ဖျောင်မယ်လေ။ ဟောင်ကောင်သားကို ကြံ့ဖွတ်တွေက ပိုကြိုက်တာကိုး။
သူတို့ကသာ ဖွတ်ဖွတ်ချင်း အမြီးလိမ်လိုက်၊ ဖွတ်နဲ့ခွေး ကိုက်လိုက် လုပ်နေကြတာ၊ စစ်ယူနီဖောင်းချွတ် အဝတ်သစ်လဲပြီး အရပ်သားအယောင်ဆောင်ထားတဲ့ အကြမ်းဖက်စစ်အာဏာရှင်ကို နိုင်ငံတကာက တရားဝင်မှု မပေးဖို့နဲ့ မြန်မာ့အရေး ICC တရားရုံးကို လွှဲပြောင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နဲ့ အာရှလွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာကွန်ရက် (ANFREL) တို့က ပူးတွဲအစီရင်ခံစာတရပ် ထုတ်ပြန် တိုက်တွန်းထားတယ်။ ရွေးကောက်ပွဲတွေဟာ တရားမဝင်၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အဲဒီရွေးကောက်ပွဲရလဒ်များကို အပြတ်အသတ် ငြင်းပယ်ဖို့လိုအပ်၊ “Old Generals, New Clothes” တဲ့။
စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ သူတို့ အာဏာသိမ်းမှုကို တရားဝင်မှုအယောင်ပြဖို့ လုပ်ဆောင်တာသာဖြစ်ပြီး စစ်တပ်ကပဲ စည်းမျဉ်းတွေ သတ်မှတ်ပြီး သူတို့စိတ်ကြိုက် ရွေးချယ်ထားသူများနဲ့သာ ကစားခဲ့တဲ့ပွဲမို့ ဘာတရားမှ မဝင်ဘူးတဲ့။
အကြမ်းဖက် မင်းအောင်လှိုင် သမ္မတရာထူး အတင်းအကျပ်ရယူမှုအပေါ် တရားဝင် အသိအမှတ်မပြုဖို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အစိုးရကို အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ကလည်း တိုက်တွန်းထားသေးတာ။ မင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမယ့် ဘယ်လုပ်ဆောင်ချက်မျိုးကိုမဆို ငြင်းပယ်ဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းထားတာနော်။
စစ်တပ်က ထိန်းချုပ်ထားတဲ့ ဟန်ပြလုပ်ငန်းစဉ်တွေကနေ သရေကြိုး သမ္မတ ဖြစ်လာတာဟာ ဒီမိုကရေစီစနစ်ကို ပြန်လည်ကူးပြောင်းမဲ့ အရိပ်အယောင် လုံးဝမရှိဘူးလို့ ထောက်ပြတယ်။ ဒါဟာ အရပ်သားအစိုးရပုံစံနဲ့ စစ်အာဏာရှင်စနစ်ကို အမည်ပြောင်းလဲဖို့ ကြိုးပမ်းတာသာဖြစ်ပြီး ပြည်သူတွေအပေါ်တော့ အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲ။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ စစ်ကောင်စီနဲ့ ဆက်လက် ထိတွေ့ဆက်ဆံနေတာဟာ စစ်တပ်ကို ပိုမိုရဲတင်းသတ်ဖြတ်စေပြီး အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်တဲ့။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့အတိုင်း စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် ဆက်ဆံခြင်းကို ရပ်တန့်ပြီး NUG၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)၊ ERO တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဦးစားပေးဆက်ဆံဖို့၊ ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီတွေဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းများကို ပိုမိုပံ့ပိုးကူညီဖို့၊ စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် အရေးယူနိုင်မဲ့ လမ်းစတွေ ဖော်ဆောင်ဖို့ အပီအပြင် တိုက်တွန်းထားတယ်။
အဲဒီလို ပြည်တွင်းပြည်ပ၊ တပ်တွင်းတပ်ပ၊ ပါတီတွင်းပါတီပ ဘယ်ကမှသာ အသိအမှတ်မပြုတာ စစ်တပ်ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ကလည်း အတည်ပေါက် ထထအူသေးတာ။ သူ သတ်သမျှ ငြိမ်ခံ ပြန်မတိုက်နဲ့၊ သူ ဗုံးကြဲသမျှကိုလည်း တိုင်းပြုပြည်ပြုလို့ သဘောထားလို့ ခွေးစကားပြောတာပေါ့လေ။ တိုင်းပြည်ကို မီးတိုက်ခိုင်းပြီး တပ်ကို ထာဝရပြည်သူ့ရန်သူ ဖြစ်အောင် လုပ်ထားရင်း ငြိမ်းချမ်းရေးအူသံ ထထပေးတာ။
"နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်" ဆိုပြီး နိုင်ငံရေးအနံ့ကို ရှူစရာ တစ်စက်မှမရှိတဲ့ ကောင်က "နိုင်ငံရေးလမ်းကြောင်းကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း" ဆိုတဲ့အလုံးကြီးနဲ့ကို အူတာနော်။
အူချက်က ပြူထွက် ဆိုသလို ရွေးကောက်ပွဲက တရားမျှတမှုရှိပြီး ဂုဏ်သိက္ခာရှိရှိ ကျင်းပနိုင်ခဲ့တယ်တဲ့၊ အဲဒီကျကျ အခုအခါ ပြည်သူများလိုလားတဲ့ အစိုးရသစ် ပေါ်ပေါက်လာပြီ၊ စာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီလို့ကို အူတာ အူတာဆိုတာ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar