Breaking News

လေးလေး - ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ဘုရား...


လေးလေး - ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ဘုရား...

မိုးမခ ၊ ဇူလိုင် ၂၃ ၊ ၂၀၂၆


စာအုပ်နာမည်ဖတ်ပြီး ပြုံးမိတယ်။ “ဘဝသံသရာအဆက်ဆက် မပျက်တမ်းပေါင်း ပေါင်းရစေသားလို့ ဆုပန်ရွယ်ကြသေးတယ်” ဆိုတဲ့ သီချင်းလေးလည်း ပြေးသတိရမိ။ ဆရာတော် အရှင်ဆန္ဒာဓိကတို့၊ ရဝေနွယ် (အင်းမ) တို့ ရေးတဲ့ စာအုပ်တွေ အသစ်မဖတ်ရတာ ကြာပေါ့လို့ အတွေးရောက်တုန်း ဒီစာအုပ်ကြော်ငြာတွေ့ရတယ်။ ရန်ကုန်လူကြုံရှိတာနဲ့ စာအုပ်လေးက မဆိုင်းမတွ ရောက်ချလာတယ်။ အတိုးချပြီး ဖတ်ပေါ့။

အရှင်ဆန္ဒာဓိက ရေးတဲ့ စာတစ်အုပ်ထဲ ဖတ်ဖူးတယ်။ သမီးလေး ငယ်ငယ်နဲ့သေလို့ သောကမီးတောက်လောင်ပြီး တငိုငို တရယ်ရယ် ဖြစ်နေရှာတဲ့ မိခင်တစ်ယောက်ကို ဘုရားက တရားချတော့ “ငါ့သမီး - ဘယ်ဘဝက သမီးသေလို့ ငိုနေတာတုန်း၊ ဘဝပေါင်း ရှစ်သောင်းလေးထောင်ထဲက ဘယ်ဘဝက သမီးသေလို့ ငိုနေတာတုန်း” လို့ မေးခွန်းထုတ်လိုက်မှ တရားကျသွားရှာတဲ့ မိခင်တစ်ယောက်အကြောင်း...။ သံသရာရှည်ပုံက ဆွဲဆန့်စရာမလို၊ ဘဝပေါင်း ရှစ်သောင်းလေးထောင်တောင် ရှိပါသတဲ့။

အခုစာအုပ်လေးကတော့ ရှိရှိသမျှ ဘဝတွေအားလုံးမှာ စိတ်ချမ်းသာရပါလို၏တဲ့။ တောင်းမယ့်တောင်းတော့ အားမနာတမ်း တောင်းလိုက်တဲ့ ဆုတစ်ခုပါပဲ။ “ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ဘုရား”။ ဆရာတော်က ဒီစာအုပ်ရဲ့ ထူးတာတစ်ခုကို အခုလို အမှာပါးတယ်။

“စာရေးသူ ဒီနောက်ပိုင်း ရေးတဲ့ စာတွေက ဇာတ်ဝတ္ထု၊ ထေရီထေရာဝတ္ထု၊ သီဟိုဠ်ဝတ္ထု၊ အဋ္ဌကထာဝတ္ထု၊ ဈာန်ပုံပြင် စသည်တွေကို အခြေခံပြီး ပိဋကတ်ဗဟုသုတ၊ ရှေးဆရာတော်ဘုရားတွေရဲ့ အဆိုအမိန့်၊ သမထ၊ ဝိပဿနာတွေနဲ့ သုံးသပ်ပြီး ရေးဖြစ်နေပါတယ်။ အခု ဒီစာအုပ်သစ်မှာတော့ ရေးဟန်မပြောင်းပေမဲ့ မြန်မာ့သမိုင်း ရာဇဝင်တော်တော်များများကို အခြေခံပြီး ရေးလိုက်ပါတယ်” တဲ့။

စာအုပ်ခေါင်းစဉ်တင်ထားတဲ့ “ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ဘုရား” ဆိုတဲ့ စာစုကို စာရေးသူပြောထားတဲ့အတိုင်း သိင်္ဃသူ့သမီးကျောက်စာနဲ့ ဖွင့်ထားတယ်။ ဒီကျောက်စာပါ ဆုတောင်းတွေဟာ ထူးတဲ့အကြောင်းပြောပြီး “လိုရင်းကတော့ ကိုယ်မလိုချင်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ကုသိုလ်ပြုပြီး ဆုတောင်းသွားခဲ့တာပါ။ ဒါကြောင့် သိင်္ဃသူ့သမီးဆုတောင်းကို သာဓကယူပြီး ကိုယ်မလိုချင်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ကုသိုလ်ပြုပြီး ဆုတောင်းသွားရုံပါပဲ။ မြတ်စွာဘုရားမှာ ရေချမ်း၊ ပန်းကပ်ပြီးပဲ ဆုတောင်းဆုတောင်း၊ ဂါထာ၊ ပဋ္ဌာန်း၊ ပရိတ်တွေ ရွတ်ပြီးပဲ ဆုတောင်းဆုတောင်း၊ မရှိခက်ခဲနေတဲ့ သူတွေကို ပေးကမ်းလှူဒါန်းပြီးပဲ ဆုတောင်းဆုတောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ စာကြည့်တိုက် စသည့် အဆောက်အအုံတွေ ဆောက်ပြီးပဲ ဆုတောင်းဆုတောင်း၊ ကိုယ်အဆင်ပြေသလို ကုသိုလ်ပြုပြီး ဆုတောင်းလို့ ရပါတယ်။

ဥပမာ ဘုရားရေချမ်း ပန်းကပ်ပြီး “ဘဝအဆက်ဆက် စိတ်မညစ်ရသော၊ စိတ်ချမ်းသာရသောသူ ဖြစ်ရပါလို၏” လို့ နေ့စဉ် ဆုတောင်းလို့လည်း ရပါတယ်။”

ဆရာတော့်စာတွေဖတ်ပြီး သဘောကျနှစ်သက်ရတာကတော့ သိပ်ပြီး အထူးအထွေတွေ လုပ်နေစရာမလိုဘဲ လုပ်နိုင်တာလေးတွေကို လမ်းညွှန်ရေးပြတာပါပဲ။ “ဥပမာ ဘုရားရေချမ်း ပန်းကပ်ပြီး ‘ဘဝအဆက်ဆက် စိတ်မညစ်ရသော၊ စိတ်ချမ်းသာရသောသူ ဖြစ်ရပါလို၏’ လို့ နေ့စဉ် ဆုတောင်းလို့လည်း ရပါတယ်။” ကဲ - အဲဒါပဲ ကြည့်လေ၊ ဘုရားရေချမ်းပန်းကပ်ရင်း အလွယ်လုပ်နိုင်တာပဲလေ။

“ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ဘုရား” စာစုအပြင် ‘ပြန်မရနိုင်တော့တဲ့ တဒင်္ဂလေးတွေ’၊ ‘စကားလုံးတွေကို ဂရုစိုက်ပါ’၊ ‘မာနကို ချစ်သူများ’၊ ‘ချစ်တဲ့သူတွေ အကုသိုလ်လုပ်တဲ့အခါ’ စတဲ့ စာစုပေါင်း ၁၄ ပုဒ်တိတိ ဖတ်ရတယ်။ မြန်မာ့သမိုင်း ရာဇဝင်နောက်ခံစာစုတွေ ပါသလို၊ ဇာတ်ဝတ္ထုနောက်ခံစာစုတွေလည်း ပါတယ်။

စာရေးသူ အတော်လေး အားစိုက်ရေးထားတဲ့ စာအုပ်ပါ။ ပြန်ဖတ်ပြီး ကိုယ်တိုင်လည်း အားရကျေနပ်ရတဲ့ စာအုပ်ပါလို့လည်း ဆိုထားတဲ့ ရဝေနွယ် (အင်းမ) ရဲ့ “ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ဘုရား” စာအုပ်ကို ရန်ကုန်မြို့၊ စာနဒီစာပေတိုက်က ၂၀၂၆ ခုနှစ်၊ မေလမှာ ပထမအကြိမ်၊ အုပ်ရေ ၅,၀၀၀ ထုတ်ဝေထားပြီး စာအုပ်တန်ဖိုးကလည်း ကျပ် ၅,၀၀၀ ပါပဲ။

ဆရာတော့်စာအုပ်ဖတ်ပြီး စိတ်ချမ်းသာရပါတယ်ဘုရား။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar