Breaking News

BRNA ပြီးတော့ PLA အလှည့်လား သို့မဟုတ် NUG ၊ CoC နဲ့ တော်လှန်ရေးရဲ့ မူပိုင်

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၂ မြင်ကွင်း

(မိုးမခ) ဇွန် ၂၃ ၊ ၂၀၂၆

BRNA ပြီးတော့ PLA အလှည့်လား သို့မဟုတ် NUG ၊ CoC နဲ့ တော်လှန်ရေးရဲ့ မူပိုင်

လတ်တလော သတင်းဖြစ်နေသည့် အဖြစ်အပျက်တခုက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခပဲ ဖြစ်ပါတယ်။ 

မြင်းခြံခရိုင် တောင်သာနယ်ထဲမှာ ရှိတဲ့ PLA တပ်စခန်းတခုကို NUG အစိုးရလက်အောက်က တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်တော့မယ် ဆိုတဲ့ သတင်းကို PLA ဘက်က စတင်ထုတ်ဖော်ပြောကြားခဲ့ပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်းမှာ NUG လက်အောက်က မြင်းခြံခရိုင် ပကဖ တပ်ရင်းအချို့က စခန်းကိုဝင်ရောက်ရာမှာ မိုင်းနင်းမိပြီး တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားတယ် ဆိုတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။ တဖန် PLA တပ်ဖွဲ့ဘက်က ဖမ်းထားတဲ့ သူတဦးကို ပြန်လွှတ်ပေးဖို့  NUG လက်အောက် တပ်တွေဘက်က တောင်းဆိုခဲ့တဲ့ အဖြစ်အပျက်၊ PLA ရဲ့အဆိုအရ အဆိုပါဖမ်းဆီးထားသူဟာ စစ်တပ်ဘက်ကို သတင်းပေးပို့နေသူ ဖြစ်တာကြောင့် ဖမ်းဆီးရတာဆိုတဲ့ အဖြစ်အပျက်ကလည်း လတ်တလော အပြန်အလှန် စွပ်စွဲပြောဆိုနေကြတဲ့ အကြောင်းအရာ တခု ဖြစ်လာနေပါတယ်။ 

မြင်းခြံခရိုင် တောင်သာနယ်ထဲက PLA  စခန်းကို NUG လက်အောက်ခံ တပ်တွေက သိမ်းယူဖို့ လုပ်တယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ လူအများအမြင်မှာတော့ မဟာမိတ်လို့ မှတ်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဘာကြောင့် ဆွေးနွေးပြီး အဖြေမရှာနိုင်ကြတာလဲ။ တော်လှန်ရေးဘက်က လက်နက်ကိုင်အချင်းချင်း လက်နက်နဲ့ တိုက်ခိုက်ကြတာဟာ တလျှောက်လုံး နားလည်ထားကြတဲ့ စစ်အာဏာရှင်စစ်တပ်နဲ့ တော်လှန်ရေးလက်နက်ကိုင် အင်အားစု တနည်းအားဖြင့်ပြောရရင် ရန်သူနဲ့ မိတ်ဆွေ ဆိုတဲ့ ခွဲခြားသတ်မှတ်မှုက နားလည်ဖို့ ရှုပ်ထွေးလာစေပြီး တော်လှန်ရေး အောင်မြင်မှုရဖို့ ဝေးကွာသွားစေတော့မလား ဆိုတဲ့ စိုးရိမ်ပူပန်မှုပဲ ဖြစ်ပါတယ်။ 

မကြာသေးခင် လပိုင်းအတွင်းကလည်း ဗိုလ်နဂါး ဦးဆောင်တဲ့  BNRA တပ်ကို စီးနင်းတိုက်ခိုက်မှု လုပ်ခဲ့စဥ်ကလည်း လူအများ စိုးရိမ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဗိုလ်နဂါးက ရက်အနည်းငယ်အကြာ စစ်တပ်ဘက်ကို လက်နက်ချ အညံ့ခံသွားတာကြောင့် သွေးထွက်သံယို ဖြစ်မှုတွေ တော်လှန်ရေး လက်နက်ကိုင် တပ်အချင်းချင်း အကြား သွေးမြေကျမှု ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။ 

ဗိုလ်နဂါး လက်နက်ချ အညံ့ခံသွားခြင်းက NUG အစိုးရလက်အောက်ခံတပ်တွေက တိုက်ခိုက်ဖို့ ဖိအားပေးတာကြောင့်လား သို့မဟုတ် နဂိုကတည်းက စစ်အုပ်စုရဲ့ တပ်တွေနဲ့ အဆက်အသွယ်ရှိတာကြောင့်လား ဆိုတာတော့ တထစ်ချ မပြောနိုင်တဲ့အနေအထားလို့ ဆိုရမှာပါ။ 

အခု NUG လက်အောက်က တပ်တွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ PLA တပ်ဖွဲ့ကတော့ BNRA လို အာဏာသိမ်းစစ်တပ်ထံ လက်နက်ချ အညံ့ခံမဲ့ တပ်ဖွဲ့မျိုးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် လက်နက်ကိုင်တော်လှန်ရေးက စတင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ သမိုင်း အဆက်အစပ် ရှိတဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းပေါ်ထွက်လာတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်တွေကို ဦးဆောင်နေကြသူတွေက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့လိုမှာ လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ 

တနည်းအားဖြင့် ပြောရရင် လက်ဝဲ အယူအဆကို ကိုင်စွဲတဲ့ ကွန်မြူနစ်ပါတီ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို သမိုင်းအစဥ်အလာ ဆက်ခံတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသအချို့မှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေလည်း ဖြစ်ပါတယ်။ 

BNRA ပြီးနောက် PLAလားလို့ မေးခွန်းထုတ်တာဟာ BNRA နဲ့ PLA ကို တိုက်ရိုက်နှိုင်းယှဥ်တာမျိုး မဟုတ်ဘဲ အလားသဏ္ဌာန်တူတဲ့ ဖြစ်ရပ်အဖြစ်နဲ့ နှိုင်းယှဥ်တာမျိုး ဖြစ်ပါတယ်။ 

NUG အနေနဲ့  နယ်မြေ စိုးမိုးမှုအရ၊ အခွန်အကောက် ကောက်ခံခွင့်၊ စစ်သားစုဆောင်းခွင့် စတဲ့ အုပ်ချုပ်မှုဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့က တပ်သားသစ်စုဆောင်းခွင့်တွေနဲ့ ပတ်သက်ပြီး မြေပြင်က ထိစပ်နယ်မြေတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တပ် မဟုတ်တဲ့ အခြားတော်လှန်ရေး တပ်တွေနဲ့ ပြဿနာတွေ ဖြစ်လာနေပြီလား၊ နောက်ထပ်ရော BNRA တွေ၊ PLA တွေလို အလားတူတဲ့ လက်နက်ကိုင်တပ်တွေ ပေါ်လာဦးမှာလား ဆိုတဲ့ မေးခွန်းကိုလည်း မေးလိုတာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးမှာ NUG အစိုးရဟာ နယ်မြေအလိုက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဘယ်လို သဘောထားမလဲ၊ နွေဦးတော်လှန်ရေး အစပိုင်းမှာ ရွာအလိုက်၊ သို့မဟုတ် မြို့နယ်အလိုက် ဖွဲ့စည်းထွက်ပေါ်လာခဲ့ကြတဲ့ အမည်အမျိုးမျိုးနဲ့ လက်နက်ကိုင်တပ်တွေကို ပထမ CoC ( Code of Conduct) ဒုတိယ CoC (Chain of Command ) အောက်ရောက်အောင် ဘယ်လို စည်းရုံးသိမ်းသွင်း စုစည်းကြမလဲ ဆိုတဲ့ မေးခွန်း ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ထွက်ပေါ်လာခဲ့တာလည်း တွေ့ရပါတယ်။ 

တရွာ၊ တမြို့နယ်၊ ခေါင်းဆောင် တယောက်အပေါ် မူတည်ပြီး ဖွဲ့စည်းပြီး လှုပ်ရှားနေကြတဲ့ အမျိုးမျိုးသော တော်လှန်ရေး လက်နက်ကိုင်တွေကို ဘယ်လို စုစည်းနိုင်မှာလဲ၊ မြို့/ရွာနဲ့ နယ်အလိုက် လိုအပ်တဲ့ ရန်ပုံငွေကို ၄င်းတို့ဘာသာ ၄င်းတို့ ရှာဖွေပြီး လက်နက်ဝယ်၊ ရိက္ခာဝယ်၊ ခဲယမ်းဝယ်ကာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဦးဆောင်လှုပ်ရှားနေကြသူတွေကို ၅ နှစ်ကြာလာချိန်မှာ တခုတည်းသော တပ်ဖွဲ့အောက်၊ တခုတည်းသော အမိန့်ပေးမှု စနစ်အောက်ရောက်အောင် စုစည်းဖို့က စိန်ခေါ်မှု အကြီးကြီး ရှိနေတဲ့ အနေအထားလို့ ယူဆရပါတယ်။ စတင်ဖွဲ့စည်းခဲ့ကြရာမှာ NUG ရဲ့ အကူအညီဖြစ်တဲ့ ငွေကြေး၊ နိုင်ငံရေးလမ်းညွှန်မှု၊ စစ်သင်တန်း၊ လက်နက် စတဲ့ အရာတွေ တစုံတရာမျှ ပါဝင်ခဲ့ခြင်းမရှိခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အခုအချိန်မှာ ဒီနယ်မြေကနေ ဖယ်ပေးဖို့၊ ထွက်ခွာပေးဖို့ သို့မဟုတ် NUG ရဲ့ အမိန့်ပေးမှု စနစ်အောက်မှာနေဖို့လို့ ပြောလာတဲ့အခါ လွယ်လွယ်နဲ့ လက်ခံကြမှာ မဟုတ်ပါဘူး။ 

မိမိတို့ လှုပ်ရှားတိုက်ခိုက်တဲ့ နယ်မြေတွေမှာ မိမိတို့ဘာသာ အခွန်ကောက်ခံ၊ မိမိတို့ဘာသာ အုပ်ချုပ်နေကြတဲ့ အခြေအနေမျိုးမှာ အခွန်အကောက် မကောက်ခံဖို့၊ သို့မဟုတ် ဒီနယ်မြေကနေ ထွက်ခွာပေးဖို့က လက်တွေ့မှာ ခက်ခဲလွန်းမှာ အသေအချာဖြစ်ပါတယ်။ 

လက်နက်၊ ခဲယမ်း၊ ငွေကြေး၊ အခွန်ကောက်ခံခွင့်၊ တပ်သားသစ်စုဆောင်းခြင်း စတဲ့အရာတွေက လက်တွေ့ အကြောင်းအရာ ခေါင်းစဥ်တွေ ဖြစ်ပါတယ်။ နိုင်ငံရေး အယူအဆအရ၊ အတွေးအခေါ်အရ လွှမ်းမိုးထားခြင်း မပြုနိုင်တဲ့အခါမျိုးမှာ လက်တွေ့အကြောင်းအရာတွေက သီးခြားစီလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့  အကျိုးစီးပွား၊ ရပ်တည်ချက်တွေ ဖြစ်နေမှာ အမှန်ပင်ဖြစ်ပါတယ်။ 

PLA နဲ့ NUG ပြဿနာဟာ အကျိုးစီးပွားပြဿနာထက် နိုင်ငံရေး အယူအဆ ကွာဟမှု ပြဿနာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပြီး အခြားသော စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ စတဲ့ဒေသတွေက ဒေသအလိုက် ဖွဲ့စည်း လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို NUG အောက်ဝင်ဖို့ သိမ်းသွင်းရေး၊ CoC နှစ်ခုအောက် ဝင်ဖို့ သိမ်းသွင်းရေးက လွယ်ကူတဲ့ တာဝန်တရပ် မဟုတ်တာ အဖြစ်အပျက်တွေက တဖြည်းဖြည်းနဲ့ သက်သေပြလာနိုင်တဲ့ အနေအထားလည်း ဖြစ်နေပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar