အီရန်စစ်ပွဲကြောင့် အမေရိကန် ကြားဖြတ်ဒုံးကျည် စုဆောင်းမှု များစွာ ကျဆင်း
အီရန်စစ်ပွဲကြောင့် အမေရိကန် ကြားဖြတ်ဒုံးကျည် စုဆောင်းမှု များစွာ ကျဆင်း
(မိုးမခ ဘာသာပြန်) ဩဂုတ် ၁၀၊ ၂၀၂၆
အီရန်စစ်ပွဲအတွင်း အမေရိကန်၏ လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးအတွက် အသုံးပြုသည့် ကြားဖြတ်ဒုံးကျည်များ အမြောက်အမြား ပစ်ခတ်အသုံးပြုနေရသဖြင့် ဒုံးကျည်သိုလှောင်မှုများ သိသိသာသာ လျော့ကျလာကြောင်း အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟို (Center for Strategic and International Studies – CSIS) ၏ အချက်အလက်များက ဖော်ပြသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန်စစ်ပွဲ စတင်ချိန်မှ ဇူလိုင်လကုန်အထိ THAAD ကြားဖြတ်ဒုံးကျည် ၂၀၀ စင်း အသုံးပြုခဲ့ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် အသုံးပြုခဲ့သည့် ၁၅၀ စင်းထက်ပင် ပိုမိုများပြားခဲ့သည်။
ပင်လယ်ပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်များ၏ အသုံးပြုမှုလည်း အလားတူ မြင့်တက်လာခဲ့သည်။ အီရန်စစ်ပွဲအတွင်း SM-3 ကြားဖြတ်ဒုံးကျည် ၁၃၀ စင်း အသုံးပြုထားပြီး ၂၀၂၅ ခုနှစ်တွင် ၈၀ စင်းနှင့် ၂၀၂၄ ခုနှစ်တွင် ၃၉ စင်းသာ အသုံးပြုခဲ့သည်။
SM-6 ဒုံးကျည် အသုံးပြုမှုမှာလည်း ယခုနှစ်အတွင်း ၁၉၀ စင်းအထိ ရှိလာပြီး ယခင်နှစ်က အသုံးပြုခဲ့သည့် ၁၅၀ စင်းထက် မြင့်တက်လာသည်။
THAAD (Terminal High Altitude Area Defense) သည် ပဲ့ထိန်းဒုံးကျည်များကို အမြင့်ပိုင်းတွင် ကြားဖြတ်ဖျက်ဆီးရန် အသုံးပြုသည့် မြေပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်ပြီး SM-3 နှင့် SM-6 တို့မှာ ရေတပ်သင်္ဘောများပေါ်မှ အသုံးပြုသည့် လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးဆိုင်ရာ Standard Missile အမျိုးအစားများ ဖြစ်သည်။
အမေရိကန်၏ ကြားဖြတ်ဒုံးကျည်သိုလှောင်မှု လျော့နည်းလာခြင်းမှာ အီရန်စစ်ပွဲတစ်ခုတည်းကြောင့် မဟုတ်ပေ။ ယခင်နှစ်များအတွင်း တစ်ချိန်တည်း ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခနှင့် စစ်ဆင်ရေးအများအပြားကြောင့်လည်း ကြားဖြတ်ဒုံးကျည်များနှင့် အခြားဒုံးကျည်အမျိုးအစားများ အမြောက်အမြား အသုံးပြုခဲ့ရသည်။
ယင်းတို့တွင် ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများအပြင် ၂၀၂၄ ခုနှစ် ဧပြီလနှင့် အောက်တိုဘာလများတွင် အစ္စရေးကို အီရန်က ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့စဉ် ကြားဖြတ်ကာကွယ်ရာ၌ အသုံးပြုခဲ့သည့် ဒုံးကျည်များလည်း ပါဝင်သည်။
CSIS ကမူ ယခုကဲ့သို့ ဒုံးကျည်သိုလှောင်မှု လျော့ကျလာခြင်းသည် စစ်ရေးအရသာမက အမေရိကန်၏ ရေရှည်မဟာဗျူဟာအတွက်ပါ အရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားသည်။
အထူးသဖြင့် ယခု အရှေ့အလယ်ပိုင်းတွင် အမြောက်အမြား အသုံးပြုနေသည့် ဒုံးကျည်အမျိုးအစားများသည် အနောက်ပစိဖိတ်ဒေသတွင် အနာဂတ် စစ်ရေးပဋိပက္ခတစ်ရပ် ဖြစ်ပွားလာပါက အမေရိကန်အတွက် အဓိကလိုအပ်မည့် လက်နက်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
CSIS ၏ အချက်အလက်များအရ Patriot နှင့် THAAD ကဲ့သို့သော ဒုံးကျည်ကာကွယ်ရေးစနစ်များအတွက် မူလရှိခဲ့သည့် ကြားဖြတ်ဒုံးကျည်သိုလှောင်မှု၏ ထက်ဝက်ခန့်ကို အသုံးပြုပြီးဖြစ်သည်။
တစ်ချိန်တည်းတွင် SM-2၊ SM-3၊ SM-6၊ JASSM နှင့် Tomahawk စသည့် အခြားဒုံးကျည်များ၏ မူလသိုလှောင်မှုမှာလည်း သုံးပုံတစ်ပုံခန့် အသုံးပြုပြီးဖြစ်ကြောင်း CSIS က ခန့်မှန်းထားသည်။
ယင်းအခြေအနေကြောင့် အမေရိကန်ကာကွယ်ရေးစက်မှုလုပ်ငန်းအပေါ် ဒုံးကျည်ထုတ်လုပ်မှု တိုးမြှင့်ရန် ဖိအားပိုမိုများပြားလာနိုင်သကဲ့သို့ အသုံးပြုပြီးသည့် ဒုံးကျည်များကို ပြန်လည်ဖြည့်တင်းရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် ရေရှည်အစီအစဉ်များလည်း လိုအပ်လာနိုင်သည်။
အီရန်စစ်ပွဲကြောင့် အမေရိကန်၏ ဒုံးကျည်အသုံးပြုမှု သိသိသာသာ မြင့်တက်လာခြင်းသည် လက်ရှိ အရှေ့အလယ်ပိုင်းစစ်ရေးအခြေအနေအတွက်သာမက အနာဂတ် အနောက်ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်၏ စစ်ရေးပြင်ဆင်နိုင်စွမ်းအပေါ်ပါ သက်ရောက်မှုရှိလာနိုင်သည့် အခြေအနေဖြစ်သည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
