မောင်လူမွှေး - ဒဏ်ရာတွေနဲ့ သည်းသည်းရွာ
မောင်လူမွှေး - ဒဏ်ရာတွေနဲ့ သည်းသည်းရွာ
မိုးမခ ၊ ဩဂုတ် ၁၂ ၊ ၂၀၂၆
အခုရက်ပိုင်းအတွင်း မိုးတွေ ဆက်တိုက်ရွာတယ်။ မောင်လူမွှေးတစ်ယောက် ကိုယ်အနည်းငယ်ပူပြီး အအေးမိနေတာ မပျောက်နိုင်ဘူး ဖြစ်နေတယ်။ သူတို့တွေလည်း အခုရက်ပိုင်းအတွင်းမှာ အအေးမိနေလောက်ရောပေါ့။ စစ်ရှောင်ပြည်သူတွေ အားလုံးကို ကိုယ့်ဆွေမျိုးသားချင်းလို သဘောထားပြီး အနစ်နာခံကူညီပေးနေတဲ့ ဦးမြင့်စိုးတစ်ယောက် ဖျားများနေမလား။ သူ့အမျိုးသမီးလည်း ခေါင်းကပ်ပလာစတာနဲ့ ဖြစ်နေမလား။ ချောက်ကြားထဲမှာ နေကြတဲ့ ဦးမြင့်မော်တို့ မိသားစုက ကလေးတွေရော နေကောင်းကြရဲ့လား။ ဦးမြင့်မော်တို့နားက အသက်ခုနစ်ဆယ်ကျော် အဘိုးကြီး၊ အဘွားကြီး လင်မယားနှစ်ယောက်ရော ဘယ်လိုနေကြမလဲ။ မိုးရွာရင် သူတို့ ချောက်ကြားက ရေစီးတာမို့ ကလေးတွေလည်း အောက်ကို ဆင်းနိုင်မှာ မဟုတ်ဘူး။
"မိုးတကယ်ရွာရင် ကပ်မိုး ဆိုတော့ မိုးကတော့ ယိုတာပဲ။ ပစ္စည်းတွေဆို ဟိုးနားရွေ့လိုက်၊ ဒီနားပုံလိုက်နဲ့ ဒီလိုပဲ နေကြရတာ။ မိုးရွာရင်တော့ ကျွန်တော်တို့ စစ်ရှောင်ကျောင်းက ဘယ်လိုမှ စာသင်လို့မရတော့ဘူး။ အကာကောင်းကောင်းမရှိတော့ မိုးက ပက်တော့တာကိုး" စတဲ့ စကားသံတွေကို မိုးပေါက်သံတွေနဲ့အတူရောပြီး ပြန်ကြားယောင်နေမိပါတယ်။
မောင်လူမွှေးလည်း အအေးမိပြီး ကိုယ်ပူ၊ ချောင်းဆိုးတာကို ဗမာဆေးတွေသောက်ပြီး ကုပါတယ်။ ဒါပေမဲ့ စာသွားသင်ရင် လမ်းမှာ ခြေထောက်ကို ရေစိုတာကြောင့် မပျောက်နိုင်ပါ။ ဒီတော့ ဆေးခန်းကို ပြေးရပါတယ်။ သောက်ဖို့ဆေးတွေ ဆရာမက ပေးလိုက်ပါတယ်။ ဆေးဖိုးက သုံးလေးရက်စာ ရှစ်ထောင် ကျပါတယ်။ ဆေးခန်းက ပြန်အလာမှာ မောင်လူမွှေး စစ်ရှောင်တွေအကြောင်း ခေါင်းထဲပေါ်လာပြန်ပါတယ်။
လက်လုပ်လက်စား နေ့စားလုပ်ကိုင်နေရသူတွေအနေနဲ့ အခုအချိန်မှာ ဖျားနာရင် မလွယ်လှပါ။ ဖျားနာခဲ့ရင် ရာသီလိုက်လုပ်ရတဲ့ နှမ်းရိတ်တဲ့အလုပ်ကို မလုပ်နိုင်လို့ ဝင်ငွေမရ ဖြစ်မယ်။ နေမကောင်းလို့ ဆေးခန်းပါ ပြရဦးမယ်ဆို မလွယ်တော့ဘူး။ စစ်ရှောင်စခန်းကနေ ဆေးခန်းကိုလာရမယ့် ဓာတ်ဆီဖိုး၊ ဆေးဝယ်ရမယ့် ငွေကြေး... ဒီနှစ်ခုကို လက်လုပ်လက်စား စစ်ဘေးရှောင်တစ်ယောက်အနေနဲ့ ကျော်ဖြတ်ဖို့ မလွယ်ပါ။ ဒီတော့ သူတို့အများစုဟာ မိုးမလုံတဲ့ ကပ်မိုးတဲလေးတွေအောက်မှာ ငုတ်တုတ်ထိုင် ရေနွေးသောက်လိုက်၊ လဲအိပ်လိုက်နဲ့ပဲ ဖျားနာမှုကို ခုခံကြရပါတယ်။ ဘယ်လိုမှ နေမရအောင် ခေါင်းမူးလာရင်တော့ နီးစပ်ရာ ဆေးထိုးသမားကို ခေါ်ပြီး ဆေးထိုးကြရတာပေါ့။
မိုးတွေဆက်တိုက်ရွာပြီဆိုရင် ကျေးရွာတွင်းက လမ်းတွေဟာ သွားလာလို့ သိပ်မကောင်းတော့ပါဘူး။ မိုးတွေဆက်တိုက်ရွာလို့ နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ ကျေးရွာလမ်းတွေတောင် သွားလို့မကောင်းမှတော့ စစ်ရှောင်စခန်းတွင်းက လမ်းတွေဆိုတာ မပြောနဲ့တော့။ တဲပေါ်ကနေ ဗွက်ထဲတန်းဆင်းရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ခြေထောက်ကို ရေမစိုဘဲနဲ့ သူတို့ အပေါ့အပါး သွားလို့မရဘူး။ ရွံ့ဗွက်တွေထဲ မဖြတ်ဘဲနဲ့ ရေခပ်လို့မရဘူး။ ထမင်းချက်လို့မရဘူး။ ရေစိုစိုထင်းတွေနဲ့ ဒုက္ခ မီးခိုးတွေအူနေမယ့် တဲတွေ၊ ချောင်းတဟွပ်ဟွပ်အသံတွေကို မောင်လူမွှေး စိတ်မှာ မြင်နေ၊ ကြားနေပါတယ်။
မိုးတွေစွေရင် လူတွေဟာ လွမ်းတတ်၊ ဆွေးတတ်ကြပါတယ်။ မိုးတွေရက်ဆက်ရွာနေတော့ မောင်လူမွှေးလည်း စိတ်ထဲမှာ အုံ့မှိုင်းနေတယ်။ လွမ်းတာလိုလို၊ ဆွေးတာလိုလို၊ အထီးကျန်အားငယ်တာလိုလိုနဲ့ မအီမသာရှိလှတဲ့ ခံစားချက် စိတ်မှာ ဖြစ်ပေါ်တယ်။ သူတို့ကို အမြဲ နှစ်သိမ့်အားပေးနေတဲ့ မောင်လူမွှေးတောင် ဒီလိုစိတ်ခံစားချက်မျိုးတွေ ပေါ်ပေါက်နေရင် ရပ်ရွာကိုစွန့်ခွာပြီး ဆင်းဆင်းရဲရဲ နေထိုင်ကြရရှာတဲ့ သူတို့တွေ ဘယ်လိုခံစားကြရရှာမလဲ။ မိုးလင်းတာနဲ့ သူတို့ဆီကို သွားမယ်လို့ အိပ်ရာထဲမှာ လဲနေရင်း မောင်လူမွှေး တွေးတယ်။
ဖျားနေတဲ့ကြားကပဲ ကျောင်းပိတ်တဲ့ရက်မှာ တောထဲက အစ်ကို့ဆီကို အလည်သွားဖြစ်တယ်။ ကျောင်းပိတ်တဲ့ရက်လေး အေးအေးဆေးဆေး နေချင်တယ်။ မိုးက တဖြောက်ဖြောက်နဲ့ တဲအမိုးပေါ်ကျလို့။ မြစ်ရေဟာ ဖောင်းကားလို့။ တောင်တန်းတွေကို မှိုင်းပြပြသာ မြင်ရတယ်။ တောင်ခြေမှာ မိုးသည်းတော့ တောင်တန်းတွေကို မိုးက ကွယ်သွားပါရော။ ကဗျာဆရာ မောင်စိမ်းနီရဲ့ မိုးကဗျာတစ်ပုဒ်ကို မောင်လူမွှေး သတိရသွားတယ်။
"မိုး"
အုံပြပြ
စေးပျစ်ပျစ်
ခေတ်ရဲ့ မျက်နှာစာ
ဒဏ်ရာတွေနဲ့ တဖွဲဖွဲရွာ။
အခု မောင်လူမွှေးတို့ ကြုံနေရတာကတော့ ဒဏ်ရာတွေနဲ့ သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးဖြစ်ပါတယ်ခင်ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar