အမေရိကန်ပြည်ထောင်စုနဲ့ စစ်အစိုးရအကြား ဆက်ဆံရေး အပြောင်းအလဲရှိနေသလား
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၈ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၁၉ ၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စုနဲ့ စစ်အစိုးရအကြား ဆက်ဆံရေး အပြောင်းအလဲရှိနေသလား
စက်တင်ဘာ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ်စားလှယ်အဖွဲ့ စီးနင်းလာတဲ့ လေယာဥ် နေပြည်တော်ကို ဆိုက်ရောက်ပြီးနောက် တရက်နီးပါးအကြာ စက်တင်ဘာ ၁၆ ရက်နေ့ညနေပိုင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ လုပ်ငန်းရှင်ကြီးတွေကို ပိတ်ဆို့မှုတွေချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘန်ကောက်တဆင့် လာရောက်တယ်လို့ ယူဆရတဲ့ ကိုယ်စားလှယ်တွေ နေပြည်တော်ခရီးစဥ်ရဲ့ အကြောင်းရင်းက ဘာဖြစ်နိုင်လဲဆိုတာ ခန့်မှန်းပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့ကြပါတယ်။ နာရီအနည်းငယ် အကြာမှာ မကြာသေးမီလအနည်းငယ်က မြန်မာစစ်အစိုးရက ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား Adam Michael Castillo ကို ပြည်နှင်ဒဏ်ပေးလိုက်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်လာတာကြောင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဥ်ဟာ ၄င်းတို့ နိုင်ငံသားဖြစ်သူကို လာရောက်ခေါ်ဆောင်တဲ့ ခရီးစဥ်ဖြစ်မယ်ဆိုတဲ့ ကောက်ချက်ချတာတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။
ဇွန်လဆန်းမှာ ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်အဝင် လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားဖြစ်သူ Adam Michael Castillo ဟာ စစ်အာဏာသိမ်းပြီးနောက် ကာလတွေ ၄င်းတွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို စာအုပ်တအုပ် ရေးသားခဲ့ပြီး မကြာသေးခင်က ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ၄င်းဟာ မြန်မာနိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်းမှာ ဥက္ကဋ္ဌအဖြစ် နှစ်ကာလအချို့ တာဝန်ယူခဲ့ဖူးပြီး အသင်းရဲ့ ဖွဲ့စည်းပုံ စည်းမျဥ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသင်းရဲ့ တိုင်ကြားမှုအပေါ် အခြေခံကာ မြန်မာစစ်အာဏာသိမ်းအစိုးရက အရေးယူ ဖမ်းဆီးခဲ့တာလို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
အာဏာသိမ်းစစ်အစိုးရ အနေနဲ့ အမေရိကန် လော်ဘီကုမ္ပဏီတခုကို ငှားရမ်းတဲ့ ကိစ္စမှာ Adam Castillo က ဆက်သွယ်ဆောင်ရွက်ပေးခဲ့တယ် ဆိုတဲ့ သတင်းအချို့လည်း ပေါ်ထွက်လာခဲ့ပါတယ်။ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဥ်ကာလမှာ ဝါရှင်တန်အခြေစိုက် လော်ဘီကုမ္ပဏီနဲ့ ဆက်သွယ်လုပ်ဆောင်မှု တချို့က အသင်းရဲ့ စည်းမျဥ်းတွေနဲ့ မညီညွတ်တာကြောင့် အသင်းရဲ့ တိုင်ကြားမှုနဲ့ မြန်မာစစ်အစိုးရက ဖမ်းဆီးအရေးယူခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးမှု ဖြစ်ပွားပြီး ၃ လ ကျော်အကြာမှာ အခုလို ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘန်ကောက်ကတဆင့် နေပြည်တော်ကို လာရောက်ခဲ့တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေ ပါဝင်သလဲ ဆိုတာတော့ စစ်အစိုးရဘက်ကရော အမေရိကန်ဘက်ကပါ ထုတ်ပြန်ခြင်း မရှိတာကြောင့် မသိရှိနိုင်ပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးခါစ မေလက အမေရိကန် နိုင်ငံသားသတင်းသမား ဒန်နီဖန်းစတား ရန်ကုန်လေဆိပ်ကနေ ထွက်ခွာဖို့ ကြိုးစားစဥ် ဖမ်းဆီးခံခဲ့ရပြီးနောက် ၆ လ ခန့်အကြာမှာ အမေရိကန် သံတမန်ဟောင်းနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆင် ဦးဆောင်တဲ့ အဖွဲ့က နေပြည်တော်လာရောက်ပြီး ဒန်နီဖန်းစတားကို ပြန်ခေါ်ဆောင်သွားခဲ့တဲ့ အဖြစ်အပျက် သာဓကအနေနဲ့ ရှိခဲ့တာပါ။
အခု ၂၀၂၆ ခုနှစ်မှာ ဖြစ်ပွားတဲ့ Adam Castillo ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်မှာလည်း လက်ရှိ အမေရိကန်သံတမန် သို့မဟုတ် အမေရိကန်အစိုးရက တာဝန်ပေးတဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်တယ်လို့ ယူဆရပါတယ်။ ဝါရှင်တန်က လာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကတဆင့် မြန်မာစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို တညအိပ် လာရောက်ခဲ့တဲ့ သဘောဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက အမေရိကန် သတင်းသမား ဒန်နီဖန်းစတားကို လာရောက်ခေါ်ယူသူ ဘီလ်ရစ်ချတ်ဆင်က ပြီးခဲ့တဲ့နှစ်တွေက ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက်ဖြစ်ပွားစဥ်က သမ္မတ ဂျိုးဘိုင်ဒန်လက်ထက် ဖြစ်ပြီး မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးခါစကာလတွေ ဖြစ်ပါတယ်။ ဒန်နီဖန်းစတားကို လွှတ်ပေးတဲ့အတွက် အမေရိကန်ဘက်က ဘယ်လိုလိုက်လျောမှုတွေ လုပ်ခဲ့ရတယ်ဆိုတာမျိုးတော့ မကြားသိခဲ့ကြရသလို အဆိုပါ အဖြစ်အပျက်ပြီးနောက်မှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာစစ်ကောင်စီတို့အကြား ဆက်ဆံရေး ထူးထူးခြားခြား ကောင်းမွန်တဲ့ လက္ခဏာတွေ မတွေ့ခဲ့ကြရပါဘူး။
အခု တကြိမ် အမေရိကန်နိုင်ငံသား Adam Castillo ကို လွှတ်ပေးခဲ့တဲ့ အချိန်ကာလက အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးကို ၂၀၂၁ ခုနှစ်တုန်းကလောက်တောင် စိတ်မဝင်စားတဲ့ အနေအထားမျိုးလို့ ဆိုရမှာပါ။ သမ္မတ ထရန့်လက်ထက် “အမေရိကန် အကျိုးစီးပွားသာ ပထမ” ဆိုတဲ့ မူဝါဒကို ကြွေးကြော်ချိန် ဖြစ်လို့ ကမ္ဘာ့နေရာ အနှံ့အပြားက နိုင်ငံတွေရဲ့ ဒီမိုကရေစီ ထွန်းကားရေး ကိစ္စတွေကို အလေးမထားတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ကတော့ တဖက်မှာ ရုရှားနဲ့ တရုတ်ကို ပိုမိုနီးနီးကပ်ကပ် ဆက်ဆံရေးတွေ လုပ်ဆောင်နေသည့်တိုင် အမေရိကန် ပြည်ထောင်စုကိုလည်း ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိချင်တာ ပေါ်လွင်ထင်ရှားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်စေချင်တာဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားကို ချိန်ခွင်လျှာညှိချင်တာမျိုးထက် အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်မှုကို လိုလားတဲ့ သဘောလို့ ယူဆရပါတယ်။
၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် နောက်ပိုင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး အရှိန်အဟုန်နဲ့ တိုးတက်လာတာမျိုးကို လိုလားပုံရပြီး အဲဒီကာလအခြေအနေနဲ့ အခုလက်ရှိ အနေအထားက မိုးနဲ့ မြေလို ကွာခြားနေတာ ဖြစ်လို့ လက်တွေ့မှာ အမေရိကန်နဲ့ ဟန်ပြရွေးကောက်ပွဲအပြီး တက်လာတဲ့ မင်းအောင်လှိုင် အစိုးရတို့ အကြား ဆက်ဆံရေးတိုးတက်လာမဲ့ အလားအလာနည်းပါးတဲ့ အခြေအနေလို့ မှန်းဆရပါတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် လာရောက်ပြီးနောက်ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က “မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံ ပြောဆိုနေတယ်လို့ ဘီဘီစီ သတင်းဌာနကို ပြောဆိုကြောင်း ဖော်ပြပါရှိပါတယ်။ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံပြောဆိုခြင်းဟာ အမေရိကန် အကျိုးစီးပွားအတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန် အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပုံမှန်ဆက်ဆံရေးလမ်းကြောင်းမျိုးအထိ ရောက်ရှိမဲ့ အလားအလာ မမြင်တွေ့ရပေမယ့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့သော် လည်းကောင်း၊ ယခုနှစ် ဧပြီလမှာ အစိုးရဖွဲ့ခဲ့တဲ့နောက်မှာသော် လည်းကောင်း မြန်မာနိုင်ငံရေး အပြောင်းအလဲတွေနဲ့ပတ်သက်လို့ တစုံတရာ ဝေဖန်ပြောဆိုခြင်း မရှိခဲ့တာ တွေ့ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ကိုယ်စားလှယ် တွေ့ဆုံတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးက ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာမျိုးက ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထင်ရှားဆုံး သဘောထား ထုတ်ဖော်ပြသမှုတွေ လို့ ဆိုနိုင်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ တခုတည်းသော ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်ကနေ အခြား တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အပြိုင်အဆိုင် ထွက်ပေါ်လာနေတဲ့ အခင်းအကျင်းမှာ လက်ရှိမဟာမိတ်တွေနဲ့ ခိုင်မာတဲ့ စုဖွဲ့မှုတွေ တစတစ ပြိုကွဲနေချိန်မှာ မြန်မာနိုင်ငံ အရေးကိစ္စလိုမျိုးကို အာရုံမစိုက်နိုင် စိတ်မဝင်စားတဲ့ အနေအထားမျိုးမှာ ရောက်နေတာ ဖြစ်ပါတယ်။ ယခင်က ခိုင်မာတဲ့ မဟာမိတ်ဖြစ်တဲ့ ကနေဒါ၊ အနောက်ဥရောပ၊ ဥရောပ သမဂ္ဂအဖွဲ့၊ နေတိုး မဟာမိတ် စတာတွေနဲ့ ဆက်ဆံရေး အေးစက်တာ၊ အပြန်အလှန် ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားတာတွေ ဖြစ်ပေါ်နေချိန်မှာ မြန်မာ့အရေးက တစတစ နောက်ကိုရောက်ရှိလာနေတာ ဖြစ်ပါတယ်။
အဆိုပါ နောက်ခံ အခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါ အမေရိကန် အစိုးရ အနေနဲ့ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံရေးအနေအထား အပြောင်းအလဲတွေ ဆိုတာထက် မြန်မာ့အရေးမှာ ဟန်မပျက် အနေအထားကို ဆက်လက်ထိန်းသိမ်းတာလို့သာ ကောက်ချက်ချရမဲ့ သဘောမျိုးလို့ ဆိုချင်တာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar