မောင်တူး - ငရဲတမျှ ခံခဲ့ရ ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် ဦးဂမ္ဘီရဘဝ
မောင်တူး
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၆
နရက် ငရဲ
စစ်ထောင်ထဲမှ
ထွက်ဆဲအသက်
ငင်လျှက်လွတ်ရ
ဂမ္ဘီရမှာ
ရွှေဝါရောင်လွ
သံဃတော်လှန်ရေး
ရှေ့ပြေးခေါင်းဆောင်ဖြစ်ပါသည်။ ။
NARAKA: The U Gambira Story ခေါင်းစဉ်နဲ့စာအုပ်အကြောင်းကို အခုပဲသိလိုက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရ(ခ)ကိုညီညီလွင်ကို ကျနော်ဖုန်းဆက်စကားပြောခဲ့လို့ အခုလိုသိရတာပါ။ သူဟာ ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့နဲ့ ၂ နာရီခွဲကြာ ကားမောင်းသွားလို့ရတဲ့နေရာမှာနေပါတယ်။ ကျနော်က မဲလ်ဘုန်းမှာနေတာပါ။ သူနဲ့ ကျွန်တော်က ၃ နာရီလောက် ကားမောင်းရတဲ့ အကွာအဝေးပေါ့။ သူ့ကို ကျနော်က ဖုန်းဆက်ရတဲ့အကြောင်းက လာမယ့်စက်တင်ဘာ ၂၆ မှာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ဖြစ်တာမို့ မဲလ်ဘုန်းကိုလာဖို့ ခေါ်တာပါ။ သူကလည်း နေ့လည်ကတင် မဲဘုန်းကိုကားမောင်းပြီးရောက်လာသေးကြောင်းပြောပါတယ်။ စက်တင်ဘာ ၂၆ မှာ မဲလ်ဘုန်းကိုလာမယ်လို့ သူက ကတိပေးပါတယ်။ ဒါပေမယ့် အခြေအနေအရပေါ့။
စကားပြောကြရင်းက သူ့ (အရှင်ဂမ္ဘီရ) အကြောင်း ရေးထားတဲ့ "ရွှေဝါရောင်တော်လှန်ရေး သမိုင်းနော်ခံ စာအုပ်" NARAKA: The U Gambira Story ကို ပြင်သစ်နိုင်ငံကနေ ထုတ်ဝေဖို့ ပြင်ဆင်နေကြောင်းပြောပါတယ်။ ပြင်သစ်ဘာသာအပါအဝင် ဘာသာ ၆ ဘာသာနဲ့ ထုတ်မယ်။ လာမယ့် ဇန်နဝါရီမှာ ထုတ်မယ်တဲ့ဗျာ။ ဆက်ပြီး အင်္ဂလိပ်ဘာသာနဲ့ကထုတ်ထားတာကြာပြီလို့ သူက ပြောတယ်။ NARAKA: The U Gambira Story ခေါင်းစဉ်နဲ့ စာအုပ်ပေါ့။ ဒီစာအုပ်ကိုတော့ သူ့ဇနီး အော်စီ စာရေးဆရာမ Marie Siochana က ရေးတာပါ။ ၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်မှာ စာမျက်နှာ ၃၃၉ မျက်နှာ ပါရှိတယ်။
ကိုညီညီလွင် (ဦးဂမ္ဘီရ) ဖုန်းချသွားပြီးနောက် သူ့အကြောင်းကို ပြန်စဉ်းစားနေမိတယ်။ သူဟာ ရွှေဝါရောင် တော်လှန်ရေးအပြီး ထောင် နှစ် ၆၀ ကျော်ကျသွားတယ်။ အင်းစိန်ထောင်၊ ကလေးထောင်တွေမှာ ဆိုးဆိုးဝါးဝါးအနှိပ်စက်ခံဘဝနဲ့ နေထိုင်ခဲ့ရတယ်။ အင်းစိန်ထောင်မှာ အာရုံကြောချွတ်ယွင်း ရောဂါဖြစ်တယ်။ ကလေးထောင် ပြောင်းပြီးနောက် လက်နောက်ပြန် လက်ထိပ်ခတ် နှိပ်စက်တာကိုအချိန်အကြာကြီး ခံခဲ့ရတယ်။ လက်ထိပ်ချွတ်ပေးလိုက်ချိန်မှာ သူ့လက်တွေ ပူးကပ်နေပြီး ခွာမရ အရှေ့ပြန်ရွှေ့လို့ မရတော့တဲ့အထိ ဖြစ်သွားခဲ့တယ်။ ကလေးထောင်မှာပဲ အမျိုးအမည်မသိ ဆေး ၂ လုံး သူ့ကို ဝိုင်းချုပ်အထိုးခံရပြီးတဲ့နောက် သူ့ကိုယ်သူမမှတ်မိတော့ဘူး။ ခေါင်းအမြဲကိုက်နေပြီး အာရုံတွေစုစည်းမရတော့ဘူး။ ၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ စစ်တပ် သမ္မတ သိန်းစိန်ရဲ့ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွှတ်ရာမှာ သူ လွတ်မြောက်ခဲ့တယ်။ စိတ်မတည်တော့တာကြောင့် လူထွက်ခဲ့ရတယ်။ ကိုညီညီလွင် ဖြစ်လာတယ်။ မိသားစုကလည်း ကုသမပေးနိုင်တော့ဘူး။ နောက်တော့ ဩစတေးလျသူ စာရေးဆရာမ Marie Siochana နဲ့ လက်ထပ်ခဲ့တယ်။ နောက်ပိုင်း ထိုင်းနိုင်ငံကတဆင့် ဩစတေးလျမှာလာနေတယ်။ အခုတော့ ကျန်းမာရေးကောင်းနေပြီ။ သူ့ဇနီးက သူ့အတွက် ရွှေဝါရောင် တော်လှန်ရေးနောက်ခံ NARAKA: The U Gambira Story ခေါင်းစဉ်နဲ့ စာအုပ်ရေးပြီး ၂၀၂၀ ခုနှစ်က အင်္ဂလိပ်လိုထုတ်ခဲ့တယ်။ အခုလာမယ် ၂၀၂၇ ဇန်နဝါရီမှာ ဒီစာအုပ်ကို ပြင်သစ်အပါအဝင် ဘာသာ ၆ မျိုးနဲ့ ထုတ်ဦးမယ်။ ဒီလိုစာအုပ်ထုတ်ဝေမယ့်အချိန်ဟာ သံဃာ့တော်လှန်ရေး အနှစ် ၂၀ မြောက် နှစ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါပေမယ့် အခုလာမည့် စက် တင်ဘာလ ၂၆ ကတော့ ရွေဝါရောင့် သံဃာ့ တော်လှန်ရေး ၁၉ နှစ်မြောက်ပါ။
(ငါးရောင်ခြယ်)
ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော တို့တိုင်းပြည်။ ။
(မောင်လွမ်းဏီ)
ရွှေဝါရောင်သံဃာ့တော်လှန်ရေးဟာ စက်တင်ဘာလဆန်းစ စတင်တယ်။ အခု ၂၀၂၆ ခုနှစ် စက်တင်ဘာမှာ ၁၉ နှစ် နှစ်ပတ်လည် ရောက်ပြီ။ ရွှေဝါရောင် တော်လှန်ရေးမှာ ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး စတာတွေကို တောင်းဆိုတော်မူခဲ့ကြပါတယ်။ အခု လုပ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး FREE HER ကမ်ပိန်းလိုပါပဲ။ သံဃာတော်တွေက လမ်းလျှောက် မေတ္တာပို့ခဲ့ယုံပါ။ အဲ့ဒါကို စစ်အစိုးရက ပစ်ခတ် ဖြိုခွင်း ဖမ်းဆီး ရိုက်နှက် နှိပ်စက် သတ်ဖြတ်ခဲ့ကြတာပါ။ မှတ်မိပါသေးတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီစတဲ့ လောင်စာဆီ စျေးနှုန်းတွေ တက်လို့ နောက်ဆက်တွဲ ကုန်စျေးနှုန်းတွေ အဆမတန် ထပ်တက်လာပြီး ပြည်သူလူထုအပေါင်း အထွေထွေအကျပ်အတည်းဆိုက်ခဲ့လို့ ဒါယိကာ ဒါယိကာမတွေအတွက် မြန်မာ သံဃာထုကဦးဆောင်ပြီး စစ်အာဏာရှင်အစိုးရကို ဆန္ဒပြတော်မူခဲ့ကြတာပါ။ ဒီကနေ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာ စစ်တပ်က သံဃာသတ်ခဲ့တဲ့အထိ ကျော်မကောင်း ကြားမကောင်းတဲ့ ကမ္ဘာကျော် အရေးအခင်းတခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ သံဃာထုရဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးပါပဲ။ အခု ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ရွေဝါရောင် တော်လှန်ရေးကြီး ၁၉ နှစ် တင်းတင်း ပြည့်ပြီ။

၂၀၀၇ မှာ
စက်တင်ဘာ၌၊ သံဃာထုများ
လှမ်းလျှောက်သွားချိန်၊ သူရိန်နေမင်း
ပူရှိန်ပြင်းလည်း၊ ခြေနင်းမဲ့စွာ
ထီးဗလာနှင့်၊ မေတ္တာသုတ်ရွတ်
ဆင်းရဲကျွတ်စေ၊ အမျှဝေသံ
ပြည်လုံးညံ့ခဲ့၊ ပစ်သတ်ခဲ့ကြ
တဆယ့် ကိုးနှစ် ကြာပါပြီဘုရား ။ ။
၂၀၀၇ စက်တင်ဘာ ၅ ရက်က ပခုက္ကူမှာ လမ်းလျှောက် မေတ္တာပို့တော်မူကြတဲ့ သံဃာတွေကို ဖြိုခွင်းပြီး သံဃာတွေကို ဓာတ်တိုင်မှာကြိုးချီပြီး ရိုက်ခဲ့ပါတယ်။ ဒါကို စစ်အစိုးရက တောင်းပန်ပေးဖို့ တောင်းဆိုတာကို မလိုက်လျောခဲ့လို့ သံဃာတွေက "ပတ္တနိက္ကုဇန" သပိတ်ကံဆောင်ပွဲ စက်တင်ဘာ ၁၈ ရက်မှာ စတင်ပါတယ်။ ဒီနေ့အထိ မတောင်းပန်သေးလို့ သပိတ်ကံကလဲ ရှိနေဆဲပါ။ နောက်ပိုင်းမှာ လမ်းလျှောက် မေတ္တာပို့တော်မူနေကြတဲ့ သံဃာတွေကိုရော ကျောင်းတိုက်တွေထဲမှာ သီတင်းသုံးတော်မူနေကြတဲ့ သံဃာတော်တွေကိုပါ စစ်တပ်က ရိုက်နှက် အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးကြပါတော့တယ်။ အဲ့သည်တုန်းက သံဃာအလောင်းတွေ ရေမှာမြောနေခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးတခုလုံးမှာ ပစ်ခတ် ရိုက်နှက် ဖမ်းဆီးခဲ့ကြလို့ ရဟန်း၊ သာမဏေ၊ သီလရင်နဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၇၀၀၀ ကျော် အဖမ်းခံခဲ့ရပြီး ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သေသူတွေထဲမှာ ဂျပန် အမျိုးသားသတင်းထောက် နာဂအိစံလဲ ပါဝင်ခဲ့ပါတယ်။ တပ်တွင်း သတင်းတွေအရ အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဟာ နိုင်ငံခြား သတင်းထောက်တွေကို အကုန်ရှင်းခိုင်းခဲ့ပေမဲ့ "တယောက်သတ် တယောက်ပေါ်" "တခါခိုး တခါမိ" ဆိုသလိုပဲ နာဂအိစံ ကို ပစ်ခတ်နေတဲ့ ခြေညှပ်ဖိနပ်စီး စစ်သားတဦးရဲ့ ဓာတ်ပုံဟာ နာရီပိုင်းအတွင်းမှာ ကမ္ဘာကျော် သွားခဲ့တာမို့ သန်းရွှေရဲ့ သတင်းသမားတွေ သတ်မယ့် အစီအစဉ်ကို လက်လျှော့လိုက်ပုံရပါတယ်။ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးဟာ သတင်းသမားတွေနဲ့ စစ်အာဏာရှင်တွေ၊ သတင်းပိတ်သူနဲ့ သတင်းလိုက်သူ ပြိုင်ပွဲလို့ ဆိုနိုင်ပါတယ်။
သတင်းသမား ပြည်၏နားမျက်စေ့ ဖြစ်တယ် ဆိုသလိုပါပဲ။ ရွှေဝါရောင် တော်လှန်ရေးအတွင်း သေဆုံး ပျံလွန်တော်မူ စာရင်းကို အခုလို တွေ့နိုင်ပါတယ်။ ဂျပန်သတင်းသမား နာဂအိစံကို ရွှေဝါရောင် ဆန္ဒပြပွဲ မှတ်တမ်းယူနေတုန်း ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်က ရန်ကုန်မှာ စစ်တပ်က ပစ်သတ်တယ်။ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ စတဲ့ မြို့တွေမှာ ရဟန်း၊ သာမဏေ သီလရင်တွေကို ရိုက်တယ် ဖမ်းတယ် ပစ်သတ်တယ်။ ပျံတော်မူခဲ့ကြတာပေါ့။ နာဂအိစံ အပါအဝင် သတင်းသမားတွေ ပြည်သူလူထုတွေလည်း သေဆုံးခဲ့တယ်။ နအဖ စစ်အစိုးရက ၁၃ ဦး သေတယ်ဆိုလား ကြေညာတယ်။ ထုံးစံအတိုင်း ဒါက လိမ်တာပါ။ ကမ္ဘာ့ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ပီညဲရိုးကတော့ အနည်းဆုံး သံဃာ အပါး ၄၀ ပျံလွန်တော်မူကြောင်း ကြေညာခဲ့တယ်။ ကျနော်တို့ DVB ကတော့ သံဃာတော်တွေ အပါအဝင် အားလုံး ၁၃၈ ဦး ရွှေဝါရောင်အရေး တော်ပုံကြီးအတွင်း စစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။
အနန္တ စကြဝဠာ၊
အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အနန္တ စက်ြာဝဠာ၊
အနန္တသတ္တဝါတို့
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ။
သံဃာထုအပေါင်း ၂၀၀၇ စက်တင်ဘာက လမ်းတွေပေါ်မှာ လမ်းလျှောက် မေတ္တာပို့ခဲ့ကြတဲ့ ပုံရိပ်တွေကို ပြန်မြင်နေမိပါတယ်။ သတင်းဌာနတွေကို လျှော့တွက်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေဟာ သူတို့ သမိုင်းဆိုးကို သူတို့ ရေးထိုးသွားခဲ့တယ်။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ မေတ္တာပို့ သံတွေကြား တုတ်နဲ့ ရိုက်လို့ ခေါင်းကွဲသွားတဲ့သံဃာတွေ၊ ကြေးသွန်းဘုရားကြီးရှေ့မှာ လုံထိန်းတွေက ဝိုင်းဆွဲလို့ ကိုယ်ပေါ်က အပေါ်ရုံရော အောက်ဝတ်ပါ ကျွတ်ပါသွားပြီး ကိုယ်လုံးတီးနဲ့ ပြေးသွားတဲ့ ရဟန်းတော်တပါး၊ ရေမြောင်းစပ်မှာ မြောလာတဲ့ သံဃာတော်တွေရဲ့ အလောင်းတွေဟာ မြင်ကွင်းထဲမှာ ဖျောက်မရတော့ပါ။
အရိုးတွေ တောင်လိုပုံနေမှ
မြန်မာပြည်
အာဏာရှင်လက်အောက်က လွတ်မယ်ဆိုရင်
ဦးဇင်းတို့ သံဃာတွေရဲ့ အရိုးတွေဟာ
အောက်ဆုံးကရှိနေမယ်။
(ပြည်သူများ၏ သံဃာတော်များ)
ရွှေဝါရောင် တော်လှန်ရေးမှာ သတင်းသမားတွေ ဘလော်ဂါသမားတွေရဲ့ ကဏ္ဍဟာ ပွင့်လင်းလာပါတယ်။ အထူးသဖြင့် ပြည့်ပဘလော့ဂ်တွေဟာ ရွှေဝါရောင် တော်လှန်ရေးကို နေ့စဉ် မှတ်တမ်းတင်ပေးခဲ့ကြတယ်။ DVB သတင်းဌာန ကိုယ်တိုင်လည်း ရွှေဝါရောင်တော်လှန်ရေးမှာ ပြည်သူ့အတွက် သတင်းတွေ ပိုမိုတင်ဆက်နိုင်ခဲ့တယ်။ ပိုပြီး ပေါ်ပြူလာ ဖြစ်လာတော့တယ်။ ဒီအတွက် သတင်း သမား ဖမ်းဆီးခံခဲ့ရတာလည်း အများအပြားပါပဲ။ အနည်းဆုံး ပြည်သူ ၁၀၀၀ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ၂၀၀၇ အောက်တိုဘာ ၇ ရက်နေ့ အယ်လ်ဂျာဇီးရာ (Al Jazeera) သတင်းက ကြေညာတယ်။ အယ်ဂျာဇီးယားကနေ ရဲချုပ်ခင်ရီကိုယ်တိုင် သံဃာတွေကို ရိုက်နှက်နေတဲ့ ရုပ်သံကို အဲ့ဒီနေ့ကပဲ ထုတ်လွှင့်ခဲ့တယ်။ ကမ္ဘာကျော်သွားတယ်။ ၂၀၀၇ အောက်တိုဘာလ ၁၁ ရက်နေ့ စစ်အစိုးရသတင်းထုတ်ပြန်ချက်မှာ ပြည်သူ ၂၁၀၀ ဦး အဖမ်းခံခဲ့ရပြီး အယောက် ၇၀၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုတယ်။ DVB ကတော့ လူ ၆၀၀၀ ကျော်အဖမ်းခံခဲ့ရတယ်လို့ ကြေညာတယ်။ ရိုက်တာ (Reuters) သတင်းက သံဃာအပါး ၈၀ သီလရင် ၁၀၀ ကျော်ကို ၂၀၀၇ အောက်တိုဘာလ ၃ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာတယ်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ အင်းစိန်အကျဉ်းထောင်စစ်ခုံရုံးကနေ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ထောင် ၆၅ နှစ်စီ ချတယ်။ ရန်ကုန်ငွေကြာယံကျောင်း သံဃာတော် ၅ ပါးအပါ အဝင် နိုင်ငံရေးလှုပ်ရှားသူ ၂၆ ဦးတို့ကိုလည်း ၆ နှစ်က ၂၄ နှစ်အထိ ထောင်ချခဲ့တယ်။ ရွှေဝါရောင် ခေါင်းဆောင် အရှင်ဂမ္ဘီရလည်း အလုပ်ကြမ်းနဲ့ ထောင် ၆၈ နှစ်ချတာ ခံလိုက်တယ်။ အင်းစိန်ထောင် ကလေးထောင်တို့မှာ နှိပ်စက်ဆေးထိုးခံခဲ့ရပြီး ပုံမှန်မဟုတ်တော့ပဲ ကိုညီညီလွင်ဘဝ ရောက်ရတယ်။ နိုင်ငံရပ်ခြား ရောက်သွားရတယ်။
(ရွေဝါရောင် တော်လှန်ရေး ၁၉ နှစ်မြောက်)
ကိုညီညီလွင် ဘဝ ရောက်နေပြီဖြစ်တဲ့ ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရကို ဩစတေးလျားမှာ တွေ့လိုက်ရတော့ ရင်ထဲ သိမ့်အောင် ခံစားရတယ်။ သာသနာပြု ရဟန်းတော်တွေဟာ စစ်တပ် ပရောဂကြောင့် သာသနာ မပြုနိုင်တဲ့ဘဝတွေ ဖြစ်ကြရတာ များလှပြီလို့ တွေးမိတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ ပျံတော်မူခဲ့ရတဲ့ ရာချီတဲ့ သံဃာ သာမဏေ သီလရင်တွေ၊ လူထွက်သွားရတဲ့ သံဃာတွေဟာ မနည်းမနောပါ။ ပိုဆိုးတာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ သံဃာထုကို သင်းခွဲဖို့ မဘသ အဖွဲ့ကို ဖွဲ့လိုက်တာပါ။ အခုဆို မြန်မာပြည်မှာ သံဃာနဲ့မတူ တမူထူးတဲ့သင်္ကန်းဝတ်တွေ များ များလာနေပြီ။ စစ်တပ်ထောင်ထားတဲ့ ရဟန်းတွေတောင် ရှိနေပြီ။ စစ်တပ်လော်ဘီ ရဟန်းတွေ ရှိနေပြီ။ နွေဦးတော်လှန်ရေးမှာလည်း စစ်တပ်ဟာ သံဃာတော်တွေကိုထပ်သတ်နေပါပြီ။ ထပ်ဖမ်းနေပြန်ပြီ။ ဘုန်းကြီးကျောင်းတွေ ဘုရားစေတီတွေ ဗုံးကြဲ မီးရှို့ ဖျက်ဆီးနေပြန်ပါပြီ။ ဒါပေမယ့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဗကသများအဖွဲ့ချုပ် ပြန်ပေါ်လာခဲ့တယ်။ ဒါ့အပြင် စစ်တပ်ဟာ သူ့အာ ဏာအတွက်ဆိုရင် သူကိုးကွယ်တဲ့ရဟန်းသံဃာတွေကိုပါသတ်တဲ့ ဘာသာမဲ့ သာသနာဖျက်တွေဆိုတဲ့သမိုင်းကိုရေးထိုးပေးခဲ့ပါတယ်။ ဒီနေ့မှာ ရွှေဝါရောင် သံဃာတွေဟာလည်း နွေဦးတော်လှန်ရေးကြီးမှာ ကျရာနေရာက ပါဝင်နေကြပါပြီ။ အဆုံးသတ်အနေနဲ့ အာဏာအတွက် သံဃာတော်တွေကိုတောင် သတ်ရဲတဲ့ စစ်အာဏာရှင်ကို စေ့စပ် ညှိနှိုင်း ဆွေးနွေးလို့ မရဘူးလို့ ပြောလိုပါတယ်။ သံဃာသတ်တဲ့ စစ်အာဏာရှင်တွေရဲ့စစ်တပ်ကိုအမြစ်ပြတ်အောင်တိုက်မှသာ သာသနာ ဘာသာနဲ့ နိုင်ငံနေပြည်သူတွေ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြမှာပါ။ ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar



