Breaking News

တော်လှန်ရေး လက်နက်ကိုင်တပ်တွေရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးစစ်ဆင်နွှဲနိုင်ခြေ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၂ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၁၃ ၊ ၂၀၂၆


တော်လှန်ရေး လက်နက်ကိုင်တပ်တွေရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးစစ်ဆင်နွှဲနိုင်ခြေ

NUG အစိုးရရဲ့ ဝါဒဖြန့်ချိရေး ပလက်ဖောင်းတခုဖြစ်တဲ့ Public Voice TV ယူကျု့ ချန်နယ်မှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ NUCC မှာ တာဝန်ယူထားသူ ဦးမင်းကိုနိုင် တို့ စစ်အာဏာရှင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးပြောဆိုကြတဲ့ စကားဝိုင်းမှာ စစ်ရေးမျက်နှာစာ ၁၅ ခုလောက်မှာ စစ်တပ်ထိုးစစ် ဦးကျိုးခဲ့ရင် စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲကြီး ပြောင်းလဲလိမ့်မယ်လို့ ယူဆကြောင်း ဦးရည်မွန်က ပြောဆိုခဲ့ပါတယ်။ အဲဒီ ထိုးစစ်စစ်မျက်နှာ ၁၅ ခုက ဘယ်နေရာတွေလဲ ဆိုတာတော့ စကားဝိုင်းမှာ ရှင်းလင်းပြောဆိုခဲ့ခြင်းမရှိပါဘူး။

ယခုလက်ရှိ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်တွေ တိုက်ခိုက်နေတဲ့ စစ်မြေပြင်တွေလို့ ဆိုရင် ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ရွှေကူနဲ့ ဗန်းမော်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ စစ်ကိုင်းတိုင်းနေရာအချို့တွေမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းနဲ့ စစ်တွေတဝိုက်မှာ ဖြစ်ပွားနေတဲ့ ထိုးစစ်၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအစပ်က စစ်ဆင်ရေးကို ပြီးခဲ့တဲ့ သီတင်းတပတ်ကျော် စက်တင်ဘာ ၄ ရက်နေ့မှာ စတင်တာကြောင့် ၄၉၂၆ စစ်ဆင်ရေးလို့ စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တွေက ခေါ်ဆိုကြပါတယ်။

နောက်ထပ် တနေရာက စစ်မျက်နှာလို့ ခေါ်ဆိုတဲ့ အဆင့်မဟုတ်ဘဲ စစ်ကြောင်းနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ တံတားဦးမြို့နယ် ကျောက်ဆည်နဲ့ နွားထိုးကြီးအစပ်က ကျေးရွာတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က တံတားဦးလေတပ်စခန်းက တိုက်လေယာဥ်ဂိုဒေါင်ထဲက တိုက်လေယာဥ်အချို့ကို PDF တပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုအပြီး အာဏာသိမ်းစစ်တပ်က အနီးအနားက ကျေးရွာတွေမှာ ခိုအောင်းနေတယ်လို့ ယူဆတဲ့ နေရာတွေကို လိုက်လံတိုက်ခိုက်ရင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် အကုန် ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်လယ်တွေအထိ ရခိုင်ပြည်နယ်တွင်းနဲ့ ထိပစ်ရာဒေသ၊ ကချင်ပြည်နယ် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ကရင်ပြည်နယ် မြဝတီခရိုင်၊ ပဲခူးတိုင်းအရှေ့ခြမ်း စတဲ့ ဒေသတွေကလွဲလို့ ကျန်တဲ့ ဒေသတွေမှာ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ ထိုးစစ် အနေအထားထက် ခံစစ် အနေအထားမျိုးနဲ့ ရင်ဆိုင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်၊ ရှမ်းမြောက်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ ယခုလက်ရှိ ထိုးစစ်ဆင်တာ၊ ရင်ဆိုင် တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာ အနေနဲ့ ရှိမနေတာတွေ့ရမှာ ဖြစ်ပါတယ်။ အလားတူ ချင်းပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းလို ဒေသ၊ ချင်းနဲ့ စစ်ကိုင်းတိုင်းထိစပ်ရာ ကလေးလွင်ပြင် တို့လိုဒေသတွေမှာလည်း ဖြစ်ပွားနေတာ မရှိဘဲ မန္တလေးတိုင်းထဲမှာ မြင်းခြံ၊ နွားထိုးကြီး၊ တံတားဦးတဝိုက်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေသာ ရှိနေပြီး မန္တလေးတိုင်း မြောက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် အရှေ့ဘက် ထိုင်းနယ်စပ်၊ တနင်္သာရီတိုင်း တို့မှာတော့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသ၊ တနင်္သာရီနဲ့ ထိုင်းနယ်စပ် မောတောင်၊ တနင်္သာရီတို့မြို့နယ်တို့လိုမှာ တိုက်ပွဲတွေ ရှိနေတာသာ ဖြစ်ပါတယ်။

ဒီစစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို ဆန်းစစ်ကြည့်ရင် AA ၊ မန္တလေး၊ စစ်ကိုင်းက MoD လက်အောက်က PDF တွေ၊ MoD အောက်က မဟုတ်တဲ့ PDF တွေနဲ့ KIA, ABSDF နဲ့ အခြား KPDF နဲ့ ပူးပေါင်းတပ်တွေနဲ့ ဖြစ်ပွားနေတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

ဦးရည်မွန်က ထိုးစစ်စစ်မျက်နှာ ၁၅ ခုမှာ ရန်သူ့ထိုးစစ် စစ်ဦးကျိုးခဲ့ရင် စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားနိုင်တယ် ဆိုတာ အငြင်းအခုံ မလုပ်လိုပေမဲ့ လက်တွေ့ အခြေအနေအရတော့ ဖြစ်နိုင်ခြေ နည်းပါးနေတဲ့ လက္ခဏာတွေ တွေ့နေရတာပါ။ စစ်မျက်နှာ ၁၅ နေရာမှာ တိုက်ခိုက်နေတဲ့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဟာ အဖွဲ့အသီးသီး ကွဲပြားနေပြီး ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်က တူညီတဲ့အပိုင်းရှိသလို ကွဲပြားနေတဲ့ အပိုင်းတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသနဲ့ အချို့သော ဒေသတွေမှာပါ တပြိုင်နက်တည်းလိုလို စတင်တိုက်ခိုက်ခဲ့ကြတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ စစ်ရေးအောင်မြင်မှုရလာချိန်မှာ နယ်မြေစိုးမိုးမှုတွေနဲ့ ပတ်သက်လို့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေအကြား ပွတ်တိုက်မှု၊ အကျိုးစီးပွား ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာကြတာကို ပြီးခဲ့တဲ့နှစ်တွေအတွင်း မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်၊ အာဏာရှင်စစ်တပ်ကို တိုက်ခိုက်ကြဖို့အရေးကိစ္စမှာ သဘောထား ကွဲလွဲစရာ မရှိပေမယ့် နယ်မြေစိုးမိုးအုပ်ချုပ်ရေးနဲ့ သတ်မှတ်ရေး ကိစ္စရပ်တွေမှာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြားမှာ နားလည်မှုချင်း မတူညီကြတာတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသ အရေးကိစ္စလိုမျိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ ဒေသတွေလိုမျိုးမှာ KIA နဲ့ TNLA တို့အကြား နယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီး ပွတ်တိုက်မှုတွေ ဖြစ်ပွားတာ၊ TNLA နဲ့ MNDAA အကြား အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ပွတ်တိုက်မှုနဲ့ တိုက်ခိုက်မှုတွေအထိ ဖြစ်ပွားခဲ့ကြတာတွေ အားလုံး ကြားသိခဲ့ကြရတာ ဖြစ်ပါတယ်။

နယ်မြေစိုးမိုးမှုနဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းခြင်း မပြုနိုင်ခဲ့ရင် လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေအထိ ဖြစ်ပွားနိုင်ကြတာ အားလုံးသိရှိကြပြီး ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေအကြား ဖြေရှင်းဖို့ အခြေခံမူဘောင် တရပ်၊ နည်းလမ်းနဲ့ ယန္တရားတခု ရှိဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။

တဖက်က အာဏာသိမ်းစစ်တပ်ဘက်မှာ အဲလို ကွဲပြားမှုတွေ မရှိဘဲ လက်နက်ကိုင်တပ်တွေက တသွေးတသံတမိန့်နဲ့ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဖြစ်တဲ့အားလျော်စွာ သဘောထားကွဲလွဲမှုတွေ မရှိစေရဘဲ တသွေးတသံတမိန့်နဲ့ အုပ်ချုပ်တဲ့ စစ်တပ်ဟာ စိတ်ဓာတ်ရေးနဲ့ ယုံကြည်မှုအရ အားနည်းချက်တွေ ရှိနေသည့်တိုင် အမိန့်နဲ့ လှုပ်ရှားမှုတွေမှာ တစုတစည်းတည်း ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဒီလို အားနည်းချက် အားသာချက် အနေအထားတွေ တခုချင်း နှိုင်းယှဥ်ချိန်ထိုးပြီး တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးမဟာဗျူဟာကို ချမှတ်သင့်ကြဖို့ လိုအပ်နေပြီလို့ တိုက်တွန်းလိုတာလည်း ဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar