အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်နဲ့ ခုခံစစ်ရင်ဆိုင်နေတဲ့ စစ်မျက်နှာတွေ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၁ မြင်ကွင်း
(မိုးမခ) ၊ အောက်တိုဘာ ၂၂ ၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်နဲ့ ခုခံစစ်ရင်ဆိုင်နေတဲ့ စစ်မျက်နှာတွေ
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ လအနည်းငယ်အကြာမှာပဲ နကိုက NCA မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်အချို့နဲ့ လက်မှတ်ထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်အချို့တို့ကပါ စစ်ကောင်စီအဖြစ် အမည်ပေးထားတဲ့ အာဏာသိမ်းအစိုးရတပ်တွေကို တိုက်ခိုက်မှု ပြန်ဖြစ်ပွားလာခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ တိုင်းရင်းသားဒေသ မဟုတ်တဲ့ မြို့တွေ၊ နယ်တွေက လူငယ်တွေလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဆီ သွားရောက်ပြီး စစ်ပညာသင်ယူတာ၊ လက်နက်ခဲယမ်း လက်ခံရယူပြီး မြို့တွေနဲ့ မြို့ပတ်ဝန်းကျင် ဒေသအသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းကြပြီး ခုခံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အခုလို ကျယ်ပြန့်တဲ့ လက်နက်ကိုင် ခုခံမှုနဲ့ တွေ့ကြုံရမယ်လို့ မျှော်လင့်ထားခြင်း မရှိတာကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီးခါစက မိန့်ခွန်းတခုထဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
အနီးဆုံး စစ်အာဏာသိမ်းမှုဖြစ်တဲ့ ၁၉၈၈ ခုနှစ် ပြီးနောက် ကျောင်းသားတွေနဲ့ လူငယ်တွေ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဆီ ခိုလှုံပြီး ခုခံတိုက်ခိုက်ခဲ့ကြတဲ့ သမိုင်းအတွေ့အကြုံအရ အတိုင်းအတာတခုထိ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့တော့ မှန်းဆထားမှာ ဖြစ်ပေမဲ့ အခုလောက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အများအပြားလည်း NCA လက်မှတ်ထိုးထားသလို အချို့က NCA မထိုးသည့်တိုင် အပစ်ရပ်သဘောတူညီမှု ရထားတဲ့ အခြေအနေမှာ စစ်တပ်ဟာ ရွေးကောက်ပွဲ အနိုင်ရတဲ့ NLD အစိုးရကို အာဏာသိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။
လက်တွေ့ ဖြစ်ပေါ်လာတဲ့ အခြေအနေက ၄င်းတို့ထင်သလို မဟုတ်ဘဲ အုံနဲ့ကျင်းနဲ့ ခုခံတိုက်ခိုက်ကြဖို့ ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေသာမက အညာဒေသလိုမှာ လက်နက်ကိုင်တပ်တွေ ဒေသအလိုက် အများအပြား ဖွဲ့စည်းပေါ်ထွက်လာပြီး နယ်တွေကို စိုးမိုးထားနိုင်တဲ့ အခြေအနေမျိုးထိ ဖြစ်လာခဲ့တာပါ။
အာဏာသိမ်းစစ်တပ်အနေနဲ့ ရွေးကောက်ပွဲပြန်လုပ်မယ် ဆိုတဲ့ ကမ်းလှမ်းမှုတွေလည်း အရာမရောက်တော့တဲ့ အနေအထား ဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကို နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ရှားမယ် ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ လက်နက်ကိုင်အဖွဲ့ အသီးသီးက နယ်သိမ်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာကြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ် ယခုလို အောက်တိုဘာလ ၂၇ ရက် နေ့မှာ နိုင်ငံအရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က တပြိုင်နက်ထဲ ချိန်ကိုက် တိုက်ခိုက်ခဲ့ကြတဲ့ ၁၀၂၇ စစ်ဆင်ရေးလအနည်းငယ်အတွင်း ဆယ်စုနှစ်များစွာ စစ်တပ်ထိန်းချုပ်ခဲ့တဲ့ နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ကြသလို လက်နက်ချ အညံ့ခံသူ ထောင်နဲ့ချီရှိခဲ့တဲ့ အဖြစ်က စစ်တပ်အဖို့ ကြီးမားတဲ့ အရှက်ရစရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးက ရှမ်းမြောက်ဒေသမှာ ဖော်ဆောင်ချိန်နဲ့ တပြိုင်နက်ထဲ မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေ ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ AA၊ ကရင်နီ (ကယား) ပြည်မှာ KNPP, KNDF တို့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် သီတင်း ၂ ပတ်ကျော်ကြာမှာ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ကြတာကြောင့် အာဏာသိမ်းစစ်တပ် အဖို့ အရူးမီးဝိုင်း သဖွယ်ဖြစ်ခဲ့ရတဲ့ ကာလတွေ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေ အသက်သွင်းကာ တလကို တပ်သားသစ် ၅၀၀၀ စုဆောင်းတာ၊ ဒရုန်းနည်းပညာနဲ့ ပစ္စည်းတွေကို လေ့ကျင့်ဖြည့်ဆည်းကာ နယ်မြေတွေ ထပ်ပြီးမဆုံးရှုံးရအောင် အပြင်းအထန် ကြိုးစားလာခဲ့တာ တွေ့ရပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းကနေ အခု ၂၀၂၆ ခုနှစ် ကုန်ခါနီး အနေအထားကို ပြန်သုံးသပ်ကြည့်ရင် ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ အပစ်ရပ်သဘောတူညီမှုကို တရုတ်နိုင်ငံရဲ့ ကြားဝင်ဖိအားပေးမှုနဲ့ ရယူခဲ့သလို၊ ပြောင်းလဲလာတဲ့ ဒရုန်းနည်းပညာကို အလျင်အမြန် လေ့ကျင့်သင်ယူကာ တွင်တွင်ကျယ်ကျယ် အသုံးချခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အနေနဲ့ စစ်တပ်ကို တနိုင်ငံလုံးမှာ အပြီးတိုင် အောင်ပွဲခံဖို့ထက် ၄င်းတို့ရောက်ရှိသွားတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းထားဖို့ အုပ်ချုပ်ရေး ထူထောင်ဖို့ ပိုဇောင်းပေးခဲ့တာ တွေ့ရပါတယ်။ ဒီအခြေအနေက ၁၀၂၇ စစ်ဆင်ရေးလိုမျိုး နယ်မြေတွေကို အရှိန်အဟုန်နဲ့ တိုက်ခိုက်သိမ်းယူနိုင်မဲ့ အလားအလာ မှေးမှိန်လာခဲ့ရတဲ့ အကြောင်းအချက်တခု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာ နယ်မြေစိုးမိုးမှုနဲ့ အခွန်အခ ကောက်ယူမှု၊ စစ်သားစုဆောင်းမှု လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ပွတ်တိုက်မှုတွေ ဖြစ်လာခဲ့တာပါ။
အဆိုပါ အခြေအနေတွေကြားမှာ အာဏာသိမ်းစစ်တပ် အနေနဲ့ နယ်မြေတွေပြန်လည် ရယူဖို့ရာ အခွန်အခ၊ သယံဇာတရရှိနိုင်တဲ့ လမ်းကြောင်းတွေကို ဦးစားပေး တိုက်ခိုက်တာ ဖြတ်တောက်တဲ့ မဟာဗျူဟာချပြီး လုပ်ဆောင်လာပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ ဒေသတခုနဲ့တခု စင်္ကြံလမ်းသဖွယ် ဆက်စပ်နေတဲ့ လမ်းကြောင်းဖြတ်တောက်ဖို့ သယံဇာတထွက်ရှိတဲ့ နေရာတွေကို သိမ်းယူနိုင်ရင် သိမ်းယူဖို့ မဟုတ်ရင် ဖျက်ဆီးဖို့ ဦးစားပေးလုပ်ဆောင်လာတာတွေ့ကြရမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ အတိုင်းအတာတခုထိ နယ်မြေပြန်လည် သိမ်းယူနိုင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ခုလက်ရှိ ၂၀၂၆ ခုနှစ်ထဲ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေကို စာရင်းချကြည့်ရင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်မျက်နှာ ၃ ခု၊ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ ကချင်ပြည်နယ် ဗန်းမော်မြို့၊ ကရင်ပြည်နယ် မြဝတီမြို့နယ်က ဒေသအချို့၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ထိစပ်ရာဒေသတွေ ဖြစ်ပါတယ်။
လတ်တလော အနေအထားမှာ ရခိုင်ပြည်နယ်ထဲနဲ့ ရခိုင်ပြည်နယ်အစပ်၊ ဗန်းမော်တိုက်ပွဲတွေက အပြင်းထန်ဆုံး စစ်မျက်နှာတွေ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တခုလုံး ပြန်သိမ်းဖို့ မလွယ်ကူမှန်း အာဏာသိမ်းစစ်တပ်ဘက်က သဘောပေါက်သည့်တိုင် တစိတ်တပိုင်းပြန်ရဖို့ ရှိတဲ့အင်အား အကုန်သုံးပြီး ထိုးစစ်ဆင်မယ်လို့ ဆုံးဖြတ်ထားတဲ့ အနေအထားလို့ မှန်းဆရပါတယ်။ ရခိုင်ပြည်နယ်ကို သိမ်းယူထားတဲ့ AA လက်နက်ကိုင်အဖွဲ့ကို ဒီထက်ပိုကျယ်ပြန့်တဲ့ နယ်မြေ မသိမ်းယူနိုင်အောင်၊ နောက်တချက်က စေ့စပ်ဆွေးနွေးရေးစားပွဲဆီ ရောက်လာအောင် လေကြောင်း၊ ရေကြောင်းနဲ့ ကုန်းကြောင်း နည်းလမ်းအသွယ်သွယ်နဲ့ တိုက်ခိုက်နေတယ်ဆိုတာ ထင်ထင်ရှားရှား မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။
၂ နှစ်နီးပါး ရောက်ရှိလာပြီဖြစ်တဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲက ဂုဏ်သိက္ခာအရနဲ့ မြို့နေရာက ဗျူဟာအရ အရေးပါတာကြောင့် အင်အားအများအပြားနဲ့ ကာလကြာရှည်တိုက်ခိုက်နေတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေးဗျူဟာ ဘယ်လောက် ထိရောက်မှုရှိမလဲဆိုတာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ပြင်းထန်တဲ့ စစ်မျက်နှာ ၂ ခုကို စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
