Breaking News

မောင်ရစ် - ပြည်သစ်တည်ဖို့ လူမှုရှုခင်း၊ ခေတ်ပြိုင်အတွေ့အကြုံ



မောင်ရစ်  - ပြည်သစ်တည်ဖို့ လူမှုရှုခင်း၊ ခေတ်ပြိုင်အတွေ့အကြုံ
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၆

ခုတလော စာရေးမရေးဖြစ်ပါ။ အလုပ်က အဓိကအာရုံအဖြစ် အယ်ဒီတာနဲ့ ထုတ်လုပ်သူ တာဝန်ခံဖြစ်နေတော့ စာပေအနုပညာဖန်တီးရေးဘက် မလှည့်ဖြစ်ဘူး။ ကာတွန်းလေးတောင် မရေးဖြစ်ဘူး။ စာရေးလည်း သတင်းဆောင်းပါးပဲ များတယ်။ သို့သော် မိုးမခမှာ စာပေအနုပညာ ဖန်တီးရေးသားသူ မျိုးဆက်သစ်တွေ အတော်အတန် ရှိနေတော့ စိတ်ချမ်းသာမိပါတယ်။ ပြီးတော့ ရုပ်သံမီဒီယာကို လုပ်နေတဲ့ m.CDM က လူတွေကလည်း လူငယ်တွေ၊ နောက်မျိုးဆက်တွေချည်းဆိုတော့ ထုတ်လုပ်မှုတွေဟာ အိုမင်းဟောင်းနွမ်းတဲ့ အတွေးအခေါ်တွေ မပါလာတော့ဘူးဆိုပြီး စိတ်ချမိပါတယ်။

အခုချိန်က နွေဦးတော်လှန်ရေးမဟုတ်လား၊ ခေတ်သစ် ပြည်သစ်ကို တည်ဖို့ မျိုးဆက်သစ်တွေ ရုန်းကန်နေချိန်မှာ ကျနော်တို့လို မျိုးဆက်ဟောင်းတွေက ကိုယ့်နေရာကိုယ်သိဖို့ လိုတယ် ထင်မိတာပဲ။ တခါလာလည်း ဟိုးတုန်းက၊ တခါလာလည်း ငါတို့ခေတ်တုန်းက ဆိုတာမျိုးချည်း ရေးနေ၊ ပြောနေ၊ ဟောနေလို့ကတော့ အခုရောက်နေတဲ့ ငရဲတွင်းထဲက လွတ်လိမ့်မယ် မထင်ပါဘူး။ မျိုးဆက်ဟောင်းတွေရဲ့ သမိုင်းအတွေ့အကြုံတွေဟာ တန်ဖိုးမဲ့သွားတာ မဟုတ်ပါဘူး။ မျိုးဆက်သစ်တွေရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်နိုင်ဖို့သာ လိုအပ်ပါတယ်။ မျိုးဆက်သစ်တွေကို အမှန်တကယ်နေရာပေးတယ်ဆိုတာ သူတို့ရေးတာတွေကို ထုတ်ဝေပေးရုံတင် မဟုတ်ဘဲ သူတို့ရဲ့ မတူညီတဲ့အမြင်တွေ၊ မိမိတို့ကို ဝေဖန်တဲ့အသံတွေကိုပါ လက်ခံနိုင်ဖို့ ဖြစ်ပါတယ်။

တလောက ရေးမိတာက ခေတ်ပုံပြင်ပြောသူတွေ အလိုရှိသည်လို့ ရေးမိတယ်။ ဆိုချင်တာက ခေတ်ရှေ့ကို မျှော်တွေး ရေးဆသူတွေလိုချင်တယ်။ လက်ရှိဝဲဩဃထဲ လည်နေတာကို ဇာချဲ့နေတာ မလိုချင်ဘူးလို့ ပြောချင်တာပါ။ နောက်တပုဒ်ကတော့ မြန်မာစာရေးသူတွေဟာ ဟိုးကတည်းက ခေတ်ရှေ့ပြေးသူတွေ ရှိခဲ့ပြီးသားလို့ ရေးခဲ့တယ်။ အမေရိကန်မှာ စကားများနေကြတဲ့ - ဝုတ်တယ် မဝုတ်ဘူး ဖြစ်နေကြတာကို ကြည့်ပြီး ငါတို့တွေထံက စာရေးဆရာတွေ၊ ဆရာမတွေဟာ တိုးတက်အမြင်တွေနဲ့ စာဖတ်သူတွေကို အသိပေးခဲ့ကြတယ်လို့ ရေးခဲ့တာပါ။ နောက်တော့ တဖန် - ငါတို့တွေပြည်ထောင်စုမှာ တိုင်းရင်းသားဘာသာစကားစုံ ရှိတယ်။ ဗမာစကားကို အခြေပြုပြီး ဆက်သွယ်ကြသော်လည်း မိမိကိုယ်ပိုင်ဘာသာစကားလိုလည်း ငါတို့ ဆက်ပြီး ချီးမြှောက်ကြတယ်၊ ဆက်လက်သယ်ပိုးနေကြတယ်ဆိုတဲ့ မြင်ကွင်းကို မီးထိုးပြခဲ့မိတာပါ။ သည်လိုနဲ့ ပြည်သစ်တည်ဖို့ တို့တတွေ ကြိုးပမ်းနေကြချိန် ဘာတွေ ပြောချင်စရာ ရှိသေးလဲလို့ တွေးမိပြန်ပါတယ်။

သည်တခါကတော့ ပြည်သစ်တည်ဖို့ လူမှုရှုခင်းတွေ၊ ခေတ်ပြိုင်အတွေ့အကြုံတွေကို ရသစာမူတွေအဖြစ် ဆက်လက်တင်ဆက်နိုင်ကြဖို့ အရေးကြီးတဲ့အကြောင်း တွေးမိတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေး စတင်ဖြစ်ပွားတော့ လူငယ်အများစု၏ စိတ်တွေဟာ ခက်ထန်မာကြောသွားကုန်ကြတယ်လို့ ခံစားမိတယ်။ သူတို့ဟာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ နှလုံးသားတွေ အေးခဲမာကြောသွားကြတယ်လို့ တွေးမိတယ်။ ဥပမာ - ကဗျာဆရာတွေဟာ ကလောင်ကို စွန့်ပြီး လက်နက်ကို ကိုင်လိုက်ကြတယ်။ ကျောင်းဆရာတွေ၊ ဆေးဆရာတွေ၊ ပြည်သူ့ဝန်ထမ်းတွေဟာ မြေဖြူ၊ ဆေးအိတ်နဲ့ ဖိုင်တွဲတွေကို ပစ်ချပြီး လက်နက်ကိုင်လမ်းစဉ်ထဲ ခုန်ချလိုက်ကြတယ်။ မိမိတို့ကိုယ်တိုင်လည်း လက်နက်ကိုင်တိုက်ကြဖို့အရေးဟာ ဦးစားပေးဖြစ်တယ်လို့ မြင်မိတယ်။ သည်တော့ စာအရေး၊ ပေအရေး၊ သတင်းစာနယ်ဇင်းအရေးမှာ စစ်ပွဲအရေး၊ စစ်အနိုင်တိုက်ရေးတွေက အာရုံထဲ လွှမ်းမိုးနေမိတာ အပြစ်လို့ မဆိုချင်ပါဘူး။

မိမိတို့ကိုယ်တိုင်ကလည်း မိုးမခ၏ မြန်မာနွေဦးခရိုနီကယ် မြင်ကွင်းဆောင်းပါးကို နေ့စဉ်နီးပါး ရေးသားဖြစ်ကြတယ်။ စစ်သတင်း၊ နိုင်ငံရေးသတင်း၊ ပြည်တွင်းစစ်မီးကြားထဲက မြန်မာပြည်မြင်ကွင်းကို ရေးသားဖော်ကျူးနေကြတယ် ထင်မိပါတယ်။ မိမိနဲ့ မြန်မာပြည်တွင်းက အယ်ဒီတာတဦးတို့ လက်တွဲပြီး ရေးဖြစ်ခဲ့ကြတာ အခုဆိုရင် တော်လှန်ရေးနဲ့အမျှ ကြာညောင်းခဲ့ပြီ။ တခါတလေဆိုရင် ရေးစရာတွေက ဗုံးကြဲ၊ လူသတ်၊ လူသေ၊ ပိတ်ဆို့၊ ဖမ်းဆီး၊ နှိပ်စက် ဒါတွေချည်းပဲ များလွန်းလို့ ရေးစရာတောင် မရှိတော့ဘူးလား၊ အဲသည်ထဲက အလင်းရောင်တွေ၊ ခွန်အားတွေ၊ စိတ်ဓာတ်တည်ကြည်မှုတွေ စတာတွေ မတွေ့နိုင်တော့ပြီလားလို့ အကြိမ်ကြိမ် အားနည်း၊ စိတ်ကျခဲ့ကြပါတယ်။ သို့သော် မြန်မာပြည်နေ့စဉ်မြင်ကွင်းကိုတော့ အားတင်းပြီး ဆက်ရေးသားလျက်ပါပဲ။

သို့သော် ကဗျာဆရာတွေက လက်နက်ကိုင်တော်လှန်ရေးထဲ ခုန်ဆင်းသွားကြတယ်လို့ ဆိုချင်ပေမယ့် မိုးမခဆီမှာ ကဗျာဆရာတွေကတော့ နွေဦးမြင်ကွင်းကို ကဗျာတွေ ဆက်လက်ရေးသား ပေးပို့နေကြဆဲပါပဲ။ သည်လောက် တော်လှန်ရေး၏ မီးတောက်မီးလျှံတွေ၊ အနိဋ္ဌာရုံတွေ၊ ဒေါသတွေ၊ အမုန်းတွေကြားထဲကနေ ကဗျာဆရာတွေက လူထုကို အားမာန်နဲ့ ခွန်အားနဲ့၊ စိတ်ကို အစာလည်းကျွေး၊ ရုပ်နာမ်ထဲက ဝေဒနာတွေကို ကုစားပေးဖို့ ကဗျာတွေ ရေးကြတာ၊ ပေးပို့ကြတာဟာ အလွန်ခမ်းနားတဲ့ လူသားဆန်မှုပါပဲ။ မိမိတို့လည်း သူတို့ကဗျာတွေကို ဖတ်ပြီး ခွန်အားဖြည့်ရတယ်၊ စိတ်ကုစားမှုကို ခံယူရတယ်။ စိတ်သစ် လူသစ် လောင်းကြရတယ်လို့ ပြောချင်တယ်။

အကြိမ်ကြိမ်အခါခါ ကျေးဇူးစကားပြောမိတာက မိုးမခ၏ အယ်ဒီတာ ကဗျာဆရာ ခင်လွန်း။ သူရှိနေတော့ ကဗျာတွေက သူ့ဆီလာကြတယ်။ မြန်မာပြည်၏ မြေပြင်ပေါ်က ကဗျာဆရာတွေ၏ ကဗျာတွေ အများကြီးကို မိုးမခမှာ တင်ဆက်နိုင်ခဲ့တယ်။ သူတို့၏ ရင်ခုန်သံဟာ မြန်မာပြည်၏ ရင်ခုန်သံ။ သူတို့၏ ကာရန်ဟာ မြန်မာပြည်သားတွေ၏ ကာရန်တွေ၊ မျှော်လင့်ချက်တွေ မဟုတ်ပါလား။ ပြီးတော့ ကဗျာတွေဟာ ရန်သူတွေ၏ ကျည်ဆံတွေ၊ ဓားသွားတွေကို မကာကွယ်နိုင်ပေမယ့် မိမိစိတ်ဓာတ်တွေကို မထိခိုက် မပွန်းပဲ့သွားစေဖို့ အကာအကွယ် ဝတ်ရုံတန်ဆာ ဖြစ်ပါတယ်။ ကဗျာတွေထဲကနေ ရန်သူတွေ၊ ဖောက်ပြန်သူတွေ၊ တွေဝေနေသူတွေကို ဝေဖန်တယ်၊ ထောက်ပြတယ်၊ တွန်းလှန်ပစ်ပါတယ်။

တော်လှန်ရေးကြီးကို ဘာလို့ အသက်တွေ၊ သွေးတွေ၊ မျိုးဆက်တွေ များစွာ စတေးပြီး ဆက်တိုက်နေကြတာလဲ။ ခေါင်းဆောင်တွေ၏ မိန့်ခွန်းတွေ၊ အစုအဖွဲ့တွေ၏ အစီရင်ခံစာတွေ၊ သတင်းတွေက ထုတ်ပြန်နေတဲ့ အသေအပျောက် ထိခိုက်ဒဏ်ရာစာရင်းအင်းတွေ၊ ပရိသတ်တွေ၏ ညည်းညူပြစ်တင်မှုတွေ၊ အချင်းချင်း ရုန်းရင်းဆန်ခတ် ဆဲဆိုတိုက်ခိုက်မှုတွေ၊ ရန်သူ၏ ထိုးနှက်၊ တိုက်ခိုက်၊ သတ်ဖြတ်၊ ချေမှုန်း၊ နှိပ်စက်မှုတွေချည်းသက်သက်နဲ့ အရင်းခံပြီး ပြည်သူတွေဟာ မဆုတ်မနစ် တိုက်ပွဲကို ဆက်ချီတက်နေတာ မဟုတ်ပါဘူး။ လူထုဟာ ဒေါသတွေ၊ အမုန်းတွေ၊ အာဃာတတွေ၊ အညိုးအတေးတွေ၊ ပူလောင်မှု မီးတောက်မီးလျှံတွေကြောင့် တိုက်ပွဲထဲ မျက်စိမှိတ် ချီတက်နေကြတာ မဟုတ်ပါဘူး။ 

မြန်မာပြည်သူတွေဆီမှာ မျှော်လင့်ချက်တွေ ရှိတယ်၊ အိပ်မက်တွေ ရှိတယ်၊ နေ့စဉ်ဒုက္ခတွေကို ရင်စီးပြီး ဖြတ်သန်းနေတဲ့ အတွေ့အကြုံတွေ ရှိတယ်။ တဦးချင်းဆီမှာ ခါးသီးတဲ့ ခံစားချက်တွေ ကိုယ်စီ၊ ချိုမြိန်တဲ့ ခံစားချက်တွေ ကိုယ်စီ ရှိတယ်။ လာမယ့် အနာဂတ်မှာ ဖွင့်ဖတ်ကြမယ့် စာမျက်နှာအသစ်တွေ အသီးသီး ရှိတယ်။ နောက်မျိုးဆက်သစ်တွေအတွက် မိမိတို့ကိုယ်တိုင် စိုက်ပျိုးနေရတဲ့ မိမိတို့ဘဝမျိုးစေ့တွေ ရှိကြပါတယ်။ ဒါတွေအတွက် အသက်ဆက်ပြီး အသက်စွန့်ပြီး ဆက်ချီတက်နေကြတယ်လို့ မြင်မိပါတယ်။

အဲသည်အကြောင်းအရာတွေကို ကျနော်တို့တွေ အချင်းချင်း ချိတ်ဆက်၊ မျှဝေ၊ သိရှိ၊ ခံစား၊ ဖေးမ၊ စာနာကြလို့ ကျနော်တို့တွေ ပြည်သစ်တည်နိုင်ဖို့ ခွန်အားနဲ့ မျှော်လင့်ချက်ဖြစ်ပြီး ဆက်လက်ချီတက်နေကြတာ ဖြစ်တယ်။ အဲသည်အကြောင်းအရာ၊ ဘဝ၊ ခံစားချက်၊ အတွေ့အကြုံတွေကို စာရေးသူ မျိုးဆက်သစ်တွေက သူတို့၏ ရသစာပေတွေထဲကနေ စာဖတ်သူတွေဆီ၊ ပြည်သူတွေဆီ ပို့ဆောင်ပေးနေကြတယ်။ ကျနော်တို့ဆီမှာ လူမှုရှုခင်းနဲ့ ခေတ်ပြိုင်အတွေ့အကြုံဆိုတဲ့ ကဏ္ဍကို သီးခြားဖွင့်လှစ်ပြီး အဲသည်ကြေးမုံပြင်ကြီးကို တင်ဆက်ပေးနေကြတာ ဖြစ်ပါတယ်။ မိမိခံစားချက်ကိုပဲ သိပြီး၊ တပါးသူ၏ အတွေ့အကြုံတွေ၊ နာကျင်မှုတွေ၊ ကြိုးပမ်းနေမှုတွေ မသိဘဲနဲ့၊ ဘယ်လိုလုပ်ပြီး မိမိတို့ အစုအဖွဲ့၊ အသိုင်းအဝိုင်း၊ တိုင်းပြည်၊ လူမျိုး၊ သမိုင်း အတူတကွ တည်ဆောက်လို့ ရကြမှာလဲ။

သည်နေရာမှာ ကဗျာဆရာတွေအပြင် သုတနဲ့ ရသကို ရောမွှေပြီး မြန်မာပြည်သူတွေ၏ ပကတိရုန်းကန်နေမှုကို သရုပ်ဖော်တင်ဆက်နေတဲ့ မိုးမခ၏ မြေပြင်က စာရေးဆရာတွေကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောချင်ပါတယ်။ ကျနော်တို့မှာက သတင်းတွေ၊ ဆောင်းပါးတွေချည်းနဲ့ ပြည်သူတွေကို ပြည်သစ်တည်ဖို့ ဆွဲဆောင်စည်းရုံးလို့ မရပါဘူး။ ကိုယ်ချင်းစာတရားတွေ၊ လူသားဆန်မှုတွေ၊ လက်ချင်းချိတ်လို့ရတဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ လိုအပ်ပါတယ်။

မိုးမခ၏ နှစ်အလိုက် လက်တွဲလာကြတဲ့ ကလောင်ရှင်တွေ၊ ရဲဘော်တွေကို ပြန်ကြည့်လိုက်တော့ - မျိုးဆက်သစ် လူငယ်တွေ၊ လူရွယ်တွေ တိုးလာတာကို တွေ့ရပါတယ်။ အစက ပြောခဲ့သလို လက်နက်ကို ကိုင်စွဲလိုက်ကြတော့ ကလောင်တွေ၊ ဆေးအိတ်တွေ၊ မြေဖြူတွေ လွှတ်ချထားခဲ့ပြီးပြီလို့ ထင်ခဲ့ပေမယ့် သူတို့က ကလောင်တွေကို ဆက်ကိုင်စွဲထားဆဲ ဖြစ်တာ တွေ့ရတယ်။ ဥပမာထဲမှာ လူဟောင်းတွေထဲက ကိုသန်းလွင်၊ ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း၊ အန်ကယ်တူမီး၊ ကိုတင်အေး၊ ကောင်းဇေလူ၊ မောင်တူး၊ မန်းဖိုးအေး (ဝါးခယ်မ) တို့တွေအပြင် လူသစ်တွေထဲက မောင်လူမွှေး၊ မောင်ဘဦး၊ ဖလော်ဒါဟန်၊ ဖောင့်ဖ၊ တာပလု၊ လင်းလက်နွေဦး၊ ကိုနီတွတ် တို့လို ကလောင်ရှင်တွေ၊ ဝိုင်းတော်သားတွေက ပြည်သစ်တည်ဖို့ မျက်မှောက်မြန်မာပြည်ကြီး၏ လူမှုရှုခင်းနဲ့ ခေတ်ပြိုင်အတွေ့အကြုံတွေကို ရိုးရိုးရှင်းရှင်းဖြင့် ဆေးရောင်စုံခြယ် တင်ဆက်နေကြတာကို မိမိတို့ များစွာ ဝမ်းသာဂုဏ်ယူရပါတယ်။ အခုဖော်ပြတဲ့ ကလောင်ရှင်တွေထက် ပိုမိုများပြားတဲ့ စာပေအနုပညာသည်များစွာဟာ မိုးမခတင်သာမက အခြားပလက်ဖောင်းများစွာမှာ ခေတ်ပြိုင်အတွေ့အကြုံ၊ လူမှုရှုခင်းတွေကို ခြယ်မှုန်းနေကြတယ်ဆိုတာ အလေးအနက် ပြောချင်တယ်။ သူတို့၏ မျှဝေသော မြန်မာပြည်သူတွေ၏ ဘဝ၊ အလှ၊ အားမာန်၊ ခံစားချက်၊ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေကို စာဖတ်သူတွေ ဖတ်ရှုပြီးတော့ မိမိတို့တတွေ တဦးတည်း တစုတည်း အထီးကျန်မနေရစ်ဘဲ ဒိုးတူဘောင်ဖက် လက်တွဲတူညီမှုတွေနဲ့ ပြည်သစ်ကို ဆက်တည်ဖို့ ခွန်အားတွေ၊ အကြည်ဓာတ်တွေ ရရှိကြတယ်လို့ ဆိုချင်ပါတယ်။

ပြည်သစ်တည်ဖို့ ခေတ်ပြိုင်အတွေ့အကြုံတွေ၊ လူမှုရှုခင်းတွေဟာ ပြည်သူတွေကြားက ပကတိမြေပြင်ကနေ ပေါက်ဖွားလာဖို့ လိုအပ်ပါတယ်။ ဆင်စွယ်နန်းတော်ပေါ်က၊ အဝေးရောက် ဘုံဗိမာန်တွေကနေ ရော်ရမ်းမျှော်မှန်း စမ်းတဝါးဝါး ရေးနေတင်ပြနေလို့ မရပါဘူး။ ကျနော်ကိုယ်တိုင်လည်း မျက်မှောက်ရေးရာကို သတင်းတွေ၊ ဆောင်းပါးတွေ ရေးပေမယ့် မြေပြင်က မြန်မာပြည်သူတွေ၏ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို တသားတည်း မသိရှိဘဲနဲ့တော့ ဟိုတစ သည်တစ အတတ်ပညာကျွမ်းကျင်မှုလေးနဲ့ ရေးခြယ်ခြင်း မပြုလိုတာ အမှန်ဖြစ်ပါတယ်။ မိမိက မိမိပလက်ဖောင်းမှာ အစွမ်းတွေ စွတ်ပြမိလို့ မြန်မာပြည်က အသံတွေ၊ လက်ရာတွေကို ပိတ်ပင်သလို ဆွံ့အစေသလို မဖြစ်စေချင်တာကလည်း အဓိက ဖြစ်ပါတယ်။ "မိုးမခမှာ မရေးပါဘူး၊ မိုးမခကို မပို့ပါဘူး၊ သူတို့ဖာသာ သူတို့ချည်း ရေးနေကြတာ ..." ဆိုတဲ့ အသံမျိုး ပြန်ကြားရရင် ကျနော်တို့ ဝမ်းနည်းရပါတယ်။ သည်လိုမျိုး တမိုးလုံး ဖြောက်ဆိပ်လုပ်နေတဲ့ စာပေအနုပညာပလက်ဖောင်းတခု မဟုတ်ရပါခင်ဗျား။

သို့သော် သည်နေရာမှာ တပြိုင်တည်း ရှင်းလင်းထားချင်တာက မြေပြင်အတွေ့အကြုံကို ဦးစားပေးတယ်ဆိုတာ အဝေးရောက်နေသူတွေရဲ့ အတွေ့အကြုံတွေကို ပယ်ချတာ မဟုတ်ပါဘူး။ မိမိမကြုံဖူး၊ မသိရှိတဲ့ မြေပြင်ဘဝတွေကို အဝေးကနေ မှန်းဆပြီး ရေးသားနေခြင်းမျိုးကိုသာ သတိပြုစေချင်တာပါ။ အဝေးရောက်နေသူတွေရဲ့ လက်တွေ့ကျတဲ့ ရိုးသားတဲ့ ဘဝအတွေ့အကြုံတွေဟာလည်း ခေတ်ပြိုင်မြန်မာ့သမိုင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ နေရပ်စွန့်ခွာရခြင်း၊ မိသားစုကွဲကွာခြင်း၊ ပြည်ပမှာ ရှင်သန်ရုန်းကန်ခြင်း၊ အိမ်ပြန်မရနိုင်ခြင်း၊ နိုင်ငံနဲ့ ဝေးကွာနေသော်လည်း စိတ်ထဲမှာ နိုင်ငံကို ဆက်လက်သယ်ဆောင်ထားရခြင်းတွေဟာလည်း အရေးကြီးတဲ့ လူမှုရှုခင်းတွေပါပဲ။ အဓိကကတော့ မိမိတို့ရဲ့ ပကတိဘဝအတွေ့အကြုံတွေကို ရိုးသားစွာ ရေးသားမျှဝေနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ပြည်သစ်တည်ကြတာ အခြေခံမြန်မာပြည်သူတွေကနေ စကြရတာပါ။ မြန်မာပြည်က ကလောင်ရှင်တွေ၊ အနုပညာသမားတွေကနေ သမိုင်းမှတ်တမ်း လက်ဆင့်ကမ်းကြရတာပါ။ ဘုန်းတော်ဘွဲ့တွေချည်းနဲ့ ခေတ်ပြောင်းခဲ့တာ မဟုတ်ပါဘူး။ ဝါဒဖြန့်ချိရေးမှိုင်းတွေသက်သက်ကနေ တော်လှန်ရေးတွေ အောင်မြင်ကြတယ်လို့ မရှိပါဘူး။ လူမှုရှုခင်းတွေမှာ၊ ခေတ်ပြိုင်အတွေ့အကြုံတွေမှာ - လောကနဲ့ ဝေးလွန်းတဲ့ စိတ်ကူးယဉ်မှုတွေ၊ လက်တွေ့ဘဝကနေ ထွက်ပြေးတဲ့ သဘောထားတွေ မပါဝင်ကြပါဘူး။ အစွန်းရောက်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တမာနတွေကို သွတ်သွင်းနေမှုက ကင်းလွတ်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေ၏ ရိုးရှင်းတဲ့ ဘဝ၊ ဖြစ်တည်မှု၊ ခံစားချက်၊ အိပ်မက်၊ ပြီးတော့ တရားမျှတလွတ်လပ်မှုကို အာမခံမယ့် လူ့ဘောင်သစ်အတွက် အတွေးတွေ၊ အရေးတွေ၊ ရုန်းကန်မှုတွေကို ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။

သည်လို လူမှုရှုခင်းတွေ၊ ခေတ်ပြိုင်အတွေ့အကြုံတွေကို ရေးသားမျှဝေကြခြင်းဟာ စာပေဖန်တီးမှုသက်သက် မဟုတ်ပါဘူး။ မိမိတို့ အချင်းချင်း နားလည်နိုင်ဖို့၊ ကိုယ်ချင်းစာနိုင်ဖို့၊ မတူညီတဲ့ ဘဝတွေနဲ့ အတွေးအမြင်တွေကို လေးစားလက်ခံနိုင်ဖို့ ကြိုးပမ်းကြခြင်းလည်း ဖြစ်ပါတယ်။ ပြည်သစ်တည်ဆောက်ခြင်းဆိုတာ အာဏာရှင်ကို ဖယ်ရှားခြင်းတခုတည်း မဟုတ်ဘဲ အာဏာရှင်စနစ်က ဖျက်ဆီးခဲ့တဲ့ လူသားဆန်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်မှုတွေကို ပြန်လည်တည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်။ ပြည်သစ်တည်ဆောက်ရေးအတွက် စာပေလိုအပ်တယ်ဆိုရင် အဲဒီစာပေဟာ ပြည်သစ်တည်ဆောက်သူတွေကိုယ်တိုင်ရဲ့ အားနည်းချက်တွေ၊ အမှားတွေကိုလည်း ထောက်ပြဝေဖန်နိုင်ရပါမယ်။ တော်လှန်ရေးကို ချစ်မြတ်နိုးခြင်းနဲ့ တော်လှန်ရေးကို ဝေဖန်ခြင်းဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ပါဘူး။

နိဂုံးအနေနဲ့ တိုက်တွန်းလိုတာကတော့ ကျနော်တို့တွေအနေနဲ့ အခြားသူတွေ၏ ကြည်လင်တဲ့ နှလုံးသားတွေ၊ ဦးနှောက်တွေကနေ ထွက်ပေါ်လာတဲ့ စာတွေ၊ ခံစားချက်တွေ၊ အတွေးအမြင်တွေကို ဖတ်ကြပါ။ စာ ဖတ် ကြ ပါ။ ပြီးတော့ သန့်ရှင်းလွတ်လပ်တဲ့ မိမိနှလုံးသားနဲ့ စိတ်ကလာတဲ့ မိမိအကြောင်း၊ မိမိပတ်ဝန်းကျင်၊ မိမိအိပ်မက်တွေကို ဖြူစင်တဲ့ စာမျက်နှာလွတ်တွေမှာ ချရေးကြပါ။ မျှဝေကြပါ။ စာ ရေး ကြ ပါ။ မိုးမခနဲ့ မိုးမခပရိသတ်ကြီးက မျှော်လင့် ကြိုဆို အားပေးလျက် ရှိနေပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar