Breaking News

ထိခိုက်ဆုံးရှုံးမှုတွေ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ ထားဝယ်ဒေသ ရေကြီး မြေပြိုမှု

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၂ ၊ ၂၀၂၆  

 

ထိခိုက်ဆုံးရှုံးမှုတွေ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ ထားဝယ်ဒေသ ရေကြီး မြေပြိုမှု

စက်တင်ဘာလနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက လောင်းလုံး၊ သရက်ချောင်းမြို့နယ်တွေမှာ အဆိုးဆုံးခံစားခဲ့ရတဲ့ ရေကြီး မြေပြိုမှုရဲ့ ထိခိုက်ဆုံးရှုံးမှုတွေ တဖြည်းဖြည် ရုပ်လုံးပေါ်လာနေပြီး အသက်သေဆုံးရတဲ့သူ အရေအတွက်တွေ တရက်ထက် တရက် မြင့်တက်လာသလို လူနေအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အားပေးဝေမှုနဲ့ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုတွေလည်း တဖြည်းဖြည်းနဲ့ များပြားလာနေတာကို သတင်းဖော်ပြမှုတွေနဲ့ ပရဟိတအကူအညီပေးတဲ့ အဖွဲ့အစည်းတွေက ဝေမျှထားတာတွေမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့နှောင်းပိုင်း သိရှိရတဲ့ သတင်းအချက်အလက်တွေအရ ထားဝယ်ဒေသက ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ အရေအတွက် ၄၁ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ အသက်ဆုံးရှုံးရသူ ၄၁ ဦးအနက် ၃၁ ဦးမှာ လောင်းလုံးမြို့နယ်က ဖြစ်ပြီး ကျန် ၁၀ ဦးက သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က ဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

လောင်းလုံးမြို့နယ်ရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ ကဒက်ငယ်ထိန် ကျေးရွာတရွာထဲမှာတင် ၁၅ ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ နာရီပေါင်းများစွာ ရေတွေ ဆက်တိုက်သွန်ချသလို ရွာသွန်းတဲ့မိုးကြောင့် တောင်တွေက မြေပြိုကျလာရာမှာ ရေနဲ့ မြေကြီးတွေက ကျေးရွာတွေက လူနေအိမ်တွေကို တိုက်စား ဖျက်ဆီးလိုက်တာ မြေတွေ ဖုံးအုပ်သွားတာတွေ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ညက စတင်ဖြစ်ပွားတဲ့ ရေကြီး မြေပြိုမှုမှာ နေအိမ်တွေကို များပြားလွန်းတဲ့ မိုးရေကြောင့် ပြိုကျလာတဲ့ မြေကြီးတွေက ဖုံးလွှမ်းသွားကြရာမှာ အိမ်အပျက်အစီးနဲ့ မြေကြီးတွေအောက်မှာ ဖုံးလွှမ်းခံရရင်း အသက်ဆုံးရှုံးတာ အနည်းငယ်မျှသောသူတွေက ထိခိုက်ဒဏ်ရာရတဲ့ အနေအထားနဲ့ ကူညီကယ်ဆယ်သူတွေ တွေ့ရှိကြရတာ ဖြစ်ပါတယ်။

ကျွန်းဆွယ်သဖွယ် ဖြစ်နေတဲ့ လောင်းလုံးမြို့နယ်ဟာ တောင်နဲ့မြောက် ရှည်လျားစွာ တည်ရှိနေတာဖြစ်ပြီး ထားဝယ်မြို့ကလာတဲ့ ကားလမ်းက ကျွန်းဆွယ်ရဲ့ မြောက်ဘက်ကနေ တောင်ဘက်ကို အလျားလိုက် ဆက်သွယ်ထားတဲ့သဖွယ်ဖြစ်ပြီး မြေပြိုမှုတွေကြောင့် တခုတည်းသော ကားလမ်းပေါ် ပေနဲ့ချီရှိတဲ့ ရွှံ့မြေထုတွေ ဖုံးလွှမ်းသွားပြီး ရေကြီး မြေပြိုမှု ဖြစ်ပွားပြီးပြီးချင်း ကျေးရွာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ မသွားရောက်နိုင်ခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရွှံ့မြေထုတွေ ဖုံးလွှမ်းနေတဲ့ ကားလမ်းကို ယန္တရားစက်တွေနဲ့ ဖယ်ရှားတာကို အစပိုင်းရက်မှာ လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။

အဲဒီကာလတွေမှာလည်း တနင်္သာရီတိုင်းအစိုးရအနေနဲ့ ကူညီကယ်ဆယ်တာ၊ အစိုးရအဖွဲ့အောက်မှာ ရှိတဲ့ ဆောက်လုပ်ရေး၊ ဆည်မြောင်းဌာနတို့လိုမှာ ရှိတဲ့ စက်ယန္တရားတွေ အသုံးပြုဖို့ လုပ်ဆောင်တာတွေ မတွေ့ခဲ့ရဘဲ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ် ၂ မြို့နယ်လုံးရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အစိုးရမဟုတ်တဲ့ ကူညီကယ်ဆယ်ရေးအသင်းတွေကသာ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ထားဝယ်မြို့နယ် အခြေစိုက် ဇမ္ဗူသီရိလူမှုကယ်ဆယ်ရေးအသင်းဟာ ပထမဆုံး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့အဖွဲ့ ဖြစ်ပြီး လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေကို ကူညီဖို့ အခြားဒေသက လာရောက်ကြတဲ့ ပရဟိတအသင်းအဖွဲ့တွေ အနေနဲ့ ဇမ္ဗူသီရိ ကူညီကယ်ဆယ်ရေးအသင်းရဲ့ ထောက်ခံချက်၊ ကူညီမဲ့ ပစ္စည်းစာရင်း၊ ပါဝင်တဲ့ ယာဥ်ယန္တရားလိုမျိုးပါ ထားဝယ်မြို့ကနေ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမှာရှိတဲ့ စစ်အစိုးရ စစ်ဆေးရေးဂိတ်တွေမှာ ပြသဖို့လိုတယ်ဆိုတဲ့ သတင်းလည်း စက်တင်ဘာ ၁ ရက်နေ့မှာ ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။

ဇမ္ဗူသီရိ လူမှုကယ်ဆယ်ရေးအသင်းကတော့ ၄င်းတို့ ထောက်ခံချက် လိုအပ်တယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်ဖြေရှင်းထားပြီး ၄င်းတို့အနေနဲ့ ကူညီကယ်ဆယ်မှု လုပ်ဆောင်တဲ့အခါ တင်ပြတဲ့ စာရင်းအချက်အလက်တွေရဲ့ နမူနာလိုမျိုးကို စစ်ဆေးရေးဂိတ်တွေက တောင်းခံရာက နားလည်မှုလွဲတာလို့ ဖြေရှင်းတာလည်း တွေ့ရပါတယ်။

ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားနေတဲ့ ထားဝယ်ဒေသကို တနင်္သာရီတိုင်းပြင်ပမှာ ရှိတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့က  ကူညီကယ်ဆယ်ရေးအသင်းအချို့ လာရောက်ကူညီကယ်ဆယ်နေကြတာ ရှိပြီး အာဏာသိမ်း စစ်အစိုးရဘက်ကတော့ သိသာထင်ရှားတဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှု ခုချိန်ထိ မြင်တွေ့ရတာ မရှိသေးပါဘူး။

ကူညီကယ်ဆယ်ရေး မလုပ်ဆောင်တဲ့အပြင် ရေကြီး မြေပြိုမှုဒဏ် ခံစားရတဲ့ မြို့နယ်တခု ဖြစ်တဲ့ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာအချို့ကို အောက်တိုဘာ ၁ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တဲ့ သတင်းလည်း ကြားသိနေကြရတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဘက်မှာ ထိခိုက်သေဆုံးမှုတွေ မရှိခဲ့သည့်တိုင် အခုလို လောင်းလုံးနဲ့ သရက်ချောင်း မြို့နယ်တွေမှာ ရေကြီး မြေပြိုမှု ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ အချိန်မှာ တိုက်ခိုက်တဲ့အဖြစ်က ရုပ်ဆိုးလွန်းတဲ့ အနေအထားဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ ရေကြီး မြေပြိုမှု ဖြစ်ပွားပြီးရက် အနည်းငယ်အကြာမှာ တနင်္သာရီတိုင်းထဲက တောင်ဘက် အနည်းငယ်ကျတဲ့ တနင်္သာရီမြို့နယ်မှာလည်း ရေကြီးတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မိုးသည်းထန်မှုကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လာရာက ကျေးရွာအချို့မှာ ရေနစ်မြုပ်တာတွေ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်ဟာ ရေလုပ်ငန်းနဲ့ စပါးနဲ့ ခြံစိုက်ပျိုးတဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးမှာ အားကောင်းတဲ့ မြို့နယ်တခုအဖြစ် ထင်ရှားပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့ လောင်းလုံးမြို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ကျေးရွာတွေမှာ ဒေသ PDFတွေက အားကောင်းတဲ့ ခုခံတိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့နှစ်တွေ တလျှောက်လုံး ရှိခဲ့တာ ဖြစ်ပါတယ်။ ပထဝီအနေအထားအရ ကျွန်းဆွယ်သဖွယ်ဖြစ်ပြီး တောင် မြောက် ကားလမ်းတလမ်းတည်း ရှိတာက PDF တော်လှန်ရေး အင်အားစုတွေအဖို့ အသာစီးရတဲ့ အနေအထား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လောင်းလုံးမြို့နယ်ဟာ ထားဝယ်မြို့နဲ့ အနီးဆုံးမြို့နယ်တခု ဖြစ်ပေမဲ့ အာဏာသိမ်းစစ်အစိုးရအနေနဲ့ စိုးမိုးနိုင်ခြင်း မရှိဘဲ လောင်းလုံးမြို့ကိုသာ ထိန်းချုပ်ထားနိုင်ခဲ့တာ တွေ့ရပါတယ်။

အဆိုပါ စစ်ရေးအနေအထား၊ မထိန်းချုပ်နိုင်တဲ့ အနေအထားတွေကြောင့် အခုလို ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားလာချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအဖြစ်နဲ့ ကူညီကယ်ဆယ်ရေးတွေ မလုပ်ဆောင်တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။

ရေကြီး မြေပြိုမှုကြောင့် ဒါဇင်နဲ့ချီတဲ့သူတွေ အသက်ဆုံးရှုံးခဲ့ကြရသလို ပျက်စီးသွားတဲ့ လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အားပေးစနစ်၊ စာသင်ကျောင်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့အတွက် အချိန်ကာလတခု လိုအပ်သလို ဘဏ္ဍာရန်ပုံငွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။

သို့ပေမဲ့ လက်နက်ကိုင် ပဋိပက္ခနယ်မြေလို့ သတ်မှတ်ခံထားရတဲ့ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တွေရဲ့ ပြန်လည်ထူထောင်ရေးမှာ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ လက်ပိုက်ကြည့်နေမဲ့ အလားအလာတွေပဲ မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar