မောင်ဘဦး - အရေးပါသော အိမ်နီးချင်း၊ တည်ငြိမ်သောဆက်ဆံရေး
မောင်ဘဦး - အရေးပါသော အိမ်နီးချင်း၊ တည်ငြိမ်သောဆက်ဆံရေး
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၆
“...နှာပေါက်မှာ မျက်နှာစကင်ဖတ်တယ်၊ ကားချိန်းပေးလိုက်မယ်...။ ကျနော်က လိုင်းကားဆွဲတာ မကြာသေးတော့...။”
ဟုတ်ပေမည်။ သူလည်း အင်ဂျင်နီယာကနေ အခြေအနေအရ ကားသမားဖြစ်နေသည်လေ...။
ပရိုဂျက်တာဝယ်ချင်လို့သာ ခရီးသွားရသည်။ ခရီးမသွားတာ ၄-၅ နှစ်လောက် ကြာခဲ့ပြီ။ မသွားတာကြာတော့ ဘယ်မှလည်း သိပ်မသွားချင်...။ ပြီးတော့ ကားမူးတတ်တာက ပိုဆိုးသည်။ ကားမူးပြီဆိုတာနဲ့ တပျို့ပျို့၊ တဝေါ့ဝေါ့၊ တအန်အန်။ ကားသမားပေးသည့် ကြွတ်ကြွတ်အိတ် တအိတ်နှစ်အိတ်လောက်နှင့် မရ...။ အထုပ်လိုက်ပါ ဆောင်ထားရသည်...။ သည်တော့ ခရီးသိပ်မထွက်ချင်...။
ခွေးဆွဲမှာ၊ ငပိကြော်စားရမှာကို ကြောက်လို့တော့ မဟုတ်။ စီဒီအမ်ဘဝ...၊ တခါတလေ အပြင်မှာနေရလည်း ငပိကြော်တောင် နပ်မမှန်ချင်။ သို့သော်ငြား အတွင်းထဲမှာထက် အပြင်မှာက ပို၍ကောင်းသည်။ လုပ်သင့်တာကို လုပ်ပေးနိုင်သည့် အခွင့်အလမ်းရှိသည်လေ...။ ဒါကြောင့်လည်း အခုလို သင်ထောက်ကူပစ္စည်းကို ကိုယ်တိုင်ဆင်းဝယ်သည်ပေါ့။ တကယ်တမ်း ခွေးအဆွဲမခံရအောင် နေရတာကိုက ပညာရပ်တခု။ အပေါ်က ကျလာတဲ့ ဗုံးဆံအတွက်ကတော့ မတတ်နိုင်...။
ကားခက ၂ ယောက်အတွက် ၇၀,၀၀၀/-...။ ကားဆရာက မှတ်ပုံတင်တောင်းသဖြင့် ပေးရသည်။ ကားထိုင်ခုံအလိုက် ဖောင်မှာ နာမည်နဲ့ မှတ်ပုံတင်နံပါတ်ကို ရေးဖြည့်ပြီး ဂိတ်ထဲမှာ ကားပတ်မောင်းပြရသည်။ မအူဂိတ်အဝင်ဝ မှတ်ပုံတင်ပြဖို့ ကားဆရာတွေ တန်းစီကြရသည်။ လဝက ယူနီဖောင်းနှင့် တယောက်က ခွေးခြေခုံပေါ်တွင် ကွမ်းစားရင်း ထိုင်နေပြီး စားပွဲတွင် ပျူ ၂ ယောက်က မှတ်ပုံတင်နံပါတ်ကို ကွန်ပျူတာထဲ ရိုက်ထည့်နေသည်ကို ကားထဲမှ မြင်နေရသည်။
ကားရပ်ထားတာ ကြာနေရကား၊ အလှည့်မကျသေး၍ တန်းစီနေသော ကားဆရာကို ပျူတကောင်က ဦးစွာ အပတ်ခိုင်းပြီး အပြန်မှဝင်ယူရန် ပြောသဖြင့် ပတ်ပြရလေ၏။ ဂိတ်တဲတောင်ဘက်နား သစ်ပင်အောက်အရောက်တွင် ခဏရပ်ခိုင်းပြီး စစ်သည်။ ပစ္စည်းနှင့် ပါစင်ဂျာမျက်နှာတွေကို အကုန်လိုက်ကြည့်သည်။ စစ်သည်။
စကစ ဒေါက်တိုင်တွေများ တာဝန်ကျေပြလိုက်ကြတာ...။ ဘယ်သောခါမှ သနားဖို့မကောင်း...။ သည်ခွေးသဒေါင်းစားတွေ...၊ ဒို့ဘက်က ဖမ်းမိတာနဲ့ “...ကြောက်ပါပြီဗျ၊ ကယ်ပါဦးဗျ၊ မအေL မင်းအောင်လှိုင် ဘာညာ...” အော်...။ ပြီးတော့ ထောင်ဖောက်ပြေး။ တကယ့်ခွေးမြီးကောက်တွေပါလေ...။ ဒါလည်း... ကိုယ့်ဘက်က ရဟန္တာမထေရ်၊ အလောင်းအလျာကြီးတွေက စွပ်ပြီးဖြောင့်ပေးဖို့ ကျည်တောက်တွေ ကိုယ်စီကိုင်လို့...။
မအူဂိတ်၊ စွမ်းရည်ထက်ဆီဆိုင်ဂိတ်၊ နတ်ရေကန်ဂိတ်၊ နုံးတွင်းဂိတ် စသည်ဖြင့် ဂိတ်ပေါင်းများစွာ၊ အတားအဆီး သွပ်ဆူးကြိုးဇစ်ဇက်တွေသာမက စလိုးဒေါင်းမျိုးစုံကို ဖြတ်ကျော်ပြီးသကာလ ညောင်ပင်ဝန်းသို့ရောက်၊ ခေတ္တထမင်းစားနားကြလေသတည်း။
“...ဒါလေးက ရေကြီးလို့ ရေကျပြီးမှဖွင့်တဲ့ ဆိုင်သစ်လေးလေ...။ မဆိုးဘူး ဆရာမ...။”
မိတ်ဆွေအင်ယာ ကားဆရာက ထမင်းစားရင်း ရှင်းပြနေ၏။
“...နှာပေါက်အတွက် မပူကြပါနဲ့...။ ကျနော်က ကားဆရာမိတ်ဆွေကောင်း ရထားတာလေ...။ သူက ရန်ကုန်မှာ ကားမောင်းလာခဲ့တာ...။ ကျနော်နေတဲ့အိမ်နဲ့ အိမ်နီးချင်းလည်း ဟုတ်တယ်...။”
မဆီမဆိုင် ဂျပန်ဝန်ကြီးချုပ် ကိုအိချိ၏ သမိုင်းဝင်စကားလေးကို ကြားယောင်မိသည်။
Important neighbour,
Stable association.
အရေးပါသော အိမ်နီးချင်း။
တည်ငြိမ်သောဆက်ဆံရေး။
တချို့အိမ်နီးချင်းက တချို့ကိစ္စတွေမှာ အရေးပါပေသိ၊ အခြားကိစ္စမျိုးကျတော့ အရေးမပါ။ ဘေးအိမ်မှ ဓမ္မမိတ်ဆွေက မရှင်းလင်းသည့် ဓမ္မရေးရာများအတွက် အရေးပါသော်ငြား၊ ရွာကတူတော်မောင် ပေါ်တာဆွဲသည်တွင် အကူအညီတောင်းလို့မရ။
မြောက်ဘက်အိမ်မှ နီ-စိမ်း စက်သုံးဆီဆိုင်ကြီးကတော့ “မြို့တော်ခန်းမထဲ ရှိသေးတယ်...၊ ဘယ်လောက်နဲ့ရွေးရင် ရတယ်။ ဘယ်ရောက်သွားပြီ လိုက်မနေနဲ့တော့...” စသည်ဖြင့် အရေးပါသည်။
တည်ငြိမ်သောဆက်ဆံရေးကျတော့ ဘေးက ဓမ္မမိတ်ဆွေက ခေတ်အဆက်ဆက် တည်ငြိမ်သည်။ လေသံရော ပုံစံပါ မပြောင်းလဲ...။ ခေတ်အဆက်ဆက်... သည်ဆက်ဆံရေးပဲ... မပြောင်းလဲ...။
နောက်ဘေးအိမ် “ဆီပန့်” ကတော့ မတည်ငြိမ်။ ဆန္ဒပြချိန်တွင် ထမင်းထုပ်၊ ရေဘူး လိုက်လံဝေငှပေး၊ မအေL မင်းAလှိုင် ဘာညာသာရကာ ဖင်ကုန်းအော်ခဲ့သော်ငြား၊ စကစ၏ မဲဆွယ်ကာလ၊ ရွေးတုအစိုးရ ဖွဲ့ပြီးကတည်းက ပုံစံရော လေသံပါ ပြောင်းသွားသည်။ လမ်းတွေ့လို့မှ မမြင်ယောင်ဆောင်၊ တယ်... အပြောင်းအလဲမြန်တဲ့ကောင်...။
ရွာ့တောင်ကျောင်း ဗုံးကြဲလို့ ပြောပြသည်ကို “ပီဒက်ရှိလို့ ကြဲတာ” ဟု ပြန်လှန်ပြောသေးသည်။ အခု စာလေးကြော်၊ အခု ဆီထမင်း၊ အခုရွှေ၊ တော်ကြာငွေ...။ ဆက်ဆံရေး မတည်ငြိမ်ပါချေ...။
“...လူနာ တအားအန်နေလို့ပါ ဆရာ...။”
ပြည်သူများအတွက် တပေါက်တည်းသာ အသုံးပြုခွင့်ရသော စစ်ကိုင်းနှာပေါက်တွင် ခရီးသည်များအားလုံး ဆင်း၍ မျက်နှာစကင်ဖတ်ရသည်။ တန်းစီရပ်ထားသော ကားတန်းကြီးရော၊ တန်းစီတိုးနေကြသည့် ခရီးသည်များပါ ကြိတ်ကြိတ်တိုး...။
တန်းစီဝက်ခြံက ၃ တန်း (ထင်၏) ထဲ၊ နေကလည်း ခြစ်ခြစ်တောက်ဆိုတော့ ခရီးသွားသူမျက်နှာတွေမှာ ရှုံ့တွတွ...။ သည်နေရာ နုကြည်သာဆို ဘာကွညာကွ... ပေါ့လေ...။ မုံရွာ ရှစ်ရက်ပွဲကြီးပင် သည်နေရာ ရွှေ့ထားလေရော့သလား ထင်မိသေး...။
ကားဆရာလေး၏ အကြိမ်တထောင် ဆရာခေါ်ကာ ပြောသောအပြော...၊ တဝေါဝေါ အန်နေသည်ကလည်း မျက်မြင်မို့ မျက်နှာစကင်မဖတ်ရဘဲ ဆက်သွားခွင့်ရသည်ပေါ့...။
အရေးပါသော အိမ်နီးချင်း။
တည်ငြိမ်သောဆက်ဆံရေး။
မဆီမဆိုင် တွေးမိလေသော ကိုအိချိ၏ စကားတခွန်း...။ မှန်လိုက်လေ ကိုအိချိ...။ သူမကတော့ အိမ်နီးချင်း တီလုပ်ကို ရည်ရွယ်၍ ဆိုပေသိ၊ ဒို့တွေနှင့်ပါ ကိုက်ညီနေလေတော့...။
ကိုယ်တွေနှင့်သာမက လူတိုင်းလူတိုင်း၊ နိုင်ငံတိုင်းနိုင်ငံတိုင်းနှင့်ပါ “အံဝင်ဂွင်ကျ”...။
အမေစုပြောခဲ့သမျှတွေသည်လည်း အားလုံး အမှန်အကန်တွေချည်း။ လောကီလောကုတ္တရာ၊ ပစ္စုပ္ပန်၊ သံသရာ၊ နေရာတကာမှာ ပုဂ္ဂိုလ်တိုင်း၊ အဖွဲ့အစည်းတိုင်း၊ ကာလဒေသမရွေး အသုံးတည့်သော စကားရပ်တွေချည်း...။
ပညာရှိများ ဆိုစကား၊ မှတ်သားအသုံးကျ လှပါပေသတည်း...။
(ဤစာ၊ မကျန်းမာလျက်၊ ရေးသည့်အတွက်၊ ခွင့်လွှတ်လျက်၊ ဖတ်စေလို။)
သုခိတာ ဟောထ၊ တော်လှန်သူရဲကောင်းအပေါင်း ချမ်းသာကြပါစေ။
မောင်ဘဦး
(၁၃၈၈၊ ကျွတ်ကျော် ၇)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
