Breaking News

ကိုအောင်မှိုင်း - ပွင့်ပွင့်လင်းလင်း ပြောချင်တယ် (၄)

ကိုအောင်မှိုင်း - ပွင့်ပွင့်လင်းလင်း ပြောချင်တယ် (၄)

မိုးမခ ၊ နိုဝင်ဘာ ၂၃ ၊ ၂၀၂၆

 

ဒီနေ့တော့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ရဲ့  ထိပ်သီး တွေ့ဆုံမှုရလဒ်နဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေ ရှိနေပါတယ်ဗျ။

 ဒီထိပ်သီးတွေ့ဆုံမှုကနေ သိသိသာသာ ရလိုက်တာကတော့ သိပ်များများစားစား မတွေ့ရပါဘူး။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ယာယီရပ်ဆိုင်းထားမှု သက်တမ်းတိုးမြှင့်မယ်။ ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးရှိတဲ့ ကုန်စည်တွေအပေါ်  အခွန်လျှော့ချတာနဲ့  ဉာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာ အရေးပေါ်ဆက်သွယ်ရေးလိုင်း ထူထောင်မယ် စတဲ့ သဘောတူညီချက်အချို့ ရခဲ့ပေမဲ့  မဟာဗျူဟာမြောက် အငြင်းပွားမှုကြီးတွေကိုတော့ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

အိမ်ဖြူတော်က ထုတ်တဲ့ စာရွက်စာတမ်းတွေနဲ့ နိုင်ငံတကာသုတေသနအဖွဲ့တွေရဲ့ သုံးသပ်ချက်များအရ ၂၀၂၆ ခုနှစ် မေလ ပေကျင်း တွေ့ဆုံမှုနဲ့ စက်တင်ဘာလ ဝါရှင်တန် တွေ့ဆုံမှုတွေက ထွက်ပေါ်လာတဲ့ အဓိကရလဒ်တွေကို ကျနော်တို့ စုစည်းကြည့်ပါမယ်။

၁။ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ

ကုန်သွယ်ရေး အပစ်ရပ်စဲမှု သက်တမ်းတိုးခြင်း။          ။ နှစ်နိုင်ငံကြား အခွန်တိုးမြှင့်ကောက်ခံမှုများ ယာယီရပ်ဆိုင်းထားခြင်း (Trade Truce) ကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးမြှင့်ရန် သဘောတူခဲ့ကြပါတယ်။

အခွန်လျှော့ချမဲ့ ကုန်စည်စာရင်း (Board of Trade)။     ။ မေလ တွေ့ဆုံမှုမှာ ဖွဲ့စည်းခဲ့တဲ့ ကုန်သွယ်ရေး ဘုတ်အဖွဲ့ (Board of Trade) ကို စတင်အသက်သွင်းခဲ့ပြီး တဖက်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးရှိ အရေးကြီးမဟုတ်တဲ့ ကုန်စည်များ (အမေရိကန်ဘက်မှ စိုက်ပျိုးရေးထွက်ကုန်၊ သစ်နှင့် အလှကုန်များ၊ တရုတ်ဘက်မှ အိမ်သုံးလျှပ်စစ်ပစ္စည်းငယ်များနဲ့ ကစားစရာများ)အပေါ် အပြန်အလှန် အခွန်လျှော့ချပေးရန် သဘောတူခဲ့ကြပါတယ်။                                                   

ကျောက်မီးသွေးနှင့် လေယာဉ်ဝယ်ယူမှု။         ။ တရုတ်နိုင်ငံက ၂၀၂၇ နှင့် ၂၀၂၈ ခုနှစ်များမှာ အမေရိကန်ထံမှ ကျောက်မီးသွေး မက်ထရစ်တန်ချိန် ၁၀ သန်း (စုစုပေါင်း တန်ချိန် သန်း ၂၀ ခန့်) ဝယ်ယူရန် ကတိပြုခဲ့ပါတယ်။ ထို့အပြင် မေလ ပေကျင်းခရီးစဉ်အတွင်း သဘောတူခဲ့တဲ့ Boeing လေယာဉ် အစီး ၂၀၀ ဝယ်ယူရေး အစီအစဉ်ကိုလည်း ဆက်လက်အကောင်အထည်ဖော်ရန် အတည်ပြုခဲ့ကြပါတယ်။

၂။ ဉာဏ်ရည်တုနည်းပညာ (AI) နှင့် လုံခြုံရေးဆိုင်ရာ ရလဒ်များ                                               

AI Hotline နှင့် နည်းပညာဆွေးနွေးပွဲ။            ။ AI စနစ်များကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မတော်တဆမှုများ၊ ဘေးအန္တရာယ်များကို အချိန်မီ  အကြောင်းကြားနိုင်ရန်  နှစ်နိုင်ငံ  တိုက်ရိုက်ဆက်သွယ်ရေးလိုင်း (AI Incident Communication Channel) ထူထောင်ရန်နဲ့  ၂၀၂၆ နိုဝင်ဘာလ နှောင်းပိုင်းတွင် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့ကြပါတယ်။ (အမေရိကန်ဘက်က Super Intelligence ဟု သုံးနှုန်းသော်လည်း တရုတ်ဘက်က Artificial Intelligence ဟုသာ ဆက်လက်သုံးစွဲထားပါတယ်)။

 မူးယစ်ဆေးဝါး တိုက်ဖျက်ရေး။          ။ အမေရိကန်တွင် ပြဿနာကြီးထွားနေသော Fentanyl မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်သုံးသည့် ဓာတုကုန်ကြမ်းများ (Precursors) တင်ပို့မှုကို တရုတ်အစိုးရက ပို မိုတင်းကျပ်စွာ ထိန်းချုပ်ပေးခဲ့ပြီး ထုတ်လုပ်သူ ၂၁ ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး။        ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ဘက်ဆိုင်ရာ ပွတ်တိုက်မှုများကို တားဆီးရန် နားလည်မှုစာချွန်လွှာ (MoU) တရပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပေမဲ့ အမေရိကန်ဘက်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအချက်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

၃။ ဖြေရှင်းနိုင်ခြင်းမရှိဘဲ ကျန်ရှိနေသေးတဲ့ အဓိက အငြင်းပွားမှုများ

Center for Strategic and International Studies (CSIS) နှင့် Brookings Institution တို့ရဲ့ သုံးသပ်ချက်များအရ တွေ့ဆုံမှုဟာ အခမ်းအနားအပြင်အဆင်နှင့် သံတမန်ရေးရာ တည်ငြိမ်မှုကို ဦးစားပေးခဲ့ ပြီး အဓိကပြဿနာတွေကိုတော့ မဖြေရှင်းနိုင်ခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။  

တပိုင်းလျှပ်ကူးပစ္စည်းနှင့် မြေရှားသတ္တု ကန့်သတ်ချက်များ။              ။ အမေရိကန်ဘက်က တရုတ်ကို အဆင့်မြင့် AI ချစ်ပ်ပြားများတင်ပို့မှု ပိတ်ပင်ထားခြင်းနှင့် တရုတ်ဘက်က မြေရှားသတ္တု   (Rare earths / Critical minerals) တင်ပို့မှု ကန့်သတ်ထားခြင်းတို့ကို ဖြေလျှော့ပေးရန် သဘောတူညီချက် မရရှိခဲ့ကြသေးပါ။          

ထိုင်ဝမ်အရေး။          ။ သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်လွတ်လပ်ရေးကို အမေရိကန်က တရားဝင် ဆန့်ကျင်ကြောင်း ပြောကြားရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်ရဲ့ မူဝါဒ ပြောင်းလဲခြင်း မရှိခဲ့သလို ထိုင်ဝမ်ကို ရောင်းချမဲ့ ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချရေး အစီအစဉ်ကိုလည်း အ ဖြေ မထုတ်နိုင်ခဲ့ကြပါ။ 

နိုင်ငံတကာ ပဋိပက္ခများ။        ။ အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးနဲ့ ဟော်မုဇ်ရေလက်ကြား လွတ်လပ်စွာ  ဖြတ်သန်းခွင့်ရှိရေးတို့ကို   နှစ်ဖက်စလုံးက သဘောတူခဲ့ကြသော်လည်း ရုရှား-ယူကရိန်း စစ်ပွဲမှာ တရုတ်က ရုရှားအပေါ် ထောက်ပံ့နေမှုနဲ့ ပတ်သက်ပြီး ထူးခြားတဲ့တိုးတက်မှု မရရှိခဲ့ကြပါ။

၄။ အချုပ်ဆိုရသော် ၂၀၂၆ စက်တင်ဘာ ထရမ့်-ရှီ ထိပ်သီးတွေ့ဆုံမှုဟာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုကို အဆုံးသတ်နိုင်ခြင်း မရှိပေမဲ့ (Structural competition persists)၊ ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်မလာအောင် ထိန်းညှိနိုင်ခဲ့ပြီး AI ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အရေးပါတဲ့ ဆက်သွယ်ရေးယန္တရားတခုကို စတင်အုတ်မြစ်ချနိုင်ခဲ့တဲ့ တွေ့ဆုံမှုအဖြစ် နိုင်ငံတကာပညာရှင်များက သုံးသပ်ကြတာ တွေ့ရပါတယ်။ ၂၀၂၆ စက်တင်ဘာလက စတင်ပြီး အမေရိကန်အဆင့်မြင့် အရာရှိတွေဟာ မြန်မာစစ်ကောင်စီ (နေပြည်တော်နဲ့ တိုကျို) မှာ တိုက်ရိုက်ပြန်လည် ထိတွေ့ဆက်ဆံမှုများ (Direct engagement) ပြုလုပ်လာခဲ့ကြောင်း Reuters နှင့် Bloomberg တို့က ဖော်ပြထားတာ တွေ့ရပါတယ်။

“ဝါရှင်တန်ထိပ်သီးဆွေးနွေးပွဲမှာ မပြေလည်ခဲ့တဲ့ AI ချစ်ပ်ပြားနဲ့ မြေရှားသတ္တုအငြင်းပွားမှုဟာ မြန်မာနိုင်ငံကို မြေရှားသတ္တု စစ်မြေပြင်အသစ် (New Geopolitical Battleground) အဖြစ်ကို တွန်းပို့လိုက်သလို ဖြစ်နေရင်တော့ ဒီမိုကရေစီစံနှုန်းတွေ လူ့အခွင့်အရေးစံနှုန်းတွေထက် ကျော်လွန်ပြီး ကိုယ်ကျိုးစီးပွား ပဓာနဝါဒဟာ ကြောက်စရာကောင်းအောင် ကြီးထွားလာမယ် ဆိုတာကိုတော့ ကျ‌နော် ပွင့်ပွင်းလင်းလင်း ပြောချင်တယ်ဗျာ။

👉ကိုအောင်မှိုင်း - ပွင့်ပွင့်လင်းလင်း ပြောချင်တယ် 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar