Breaking News

ICJ စီရင်ချက်နဲ့ စစ်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေအဖို့ အရှုံး အမြတ်

ICJ စီရင်ချက်နဲ့ စစ်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေအဖို့ အရှုံး အမြတ် 

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၂၁ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၆


ICJ တရားရုံးစီရင်ချက် ပေါ်ထွက်လာတဲ့အခါ နိုင်ငံရေး နဲ့ စစ်ရေး (လက်နက်ကိုင်အဖွဲ့) အဖွဲ့အစည်းတွေ အကြား ဘယ်လို တုံ့ပြန်ရမလဲ။ ဘယ်လိုမှတ်ချက်ပြုရမလဲ။ မိမိတို့ အဖွဲ့အစည်းအပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲ အစရှိတဲ့ သဘောထား၊ ရပ်တည်ချက်တွေ ပေါ်ထွက်လာကြပါတယ်။

အစိုးရဆိုတဲ့ အဖွဲ့အစည်းတွေ၊ ဒီစီရင်ချက်နဲ့ တိုက်ရိုက်သက်ရောက်မှု ရှိနိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ သွယ်ဝိုက်သက်ရောက်မှုရှိတဲ့ အဖွဲ့တွေက အသီးသီး ဝေဖန်ချက်၊ သဘောထားတွေ ထုတ်ပြန်ကြရတာ တွေ့ကြရမှာပါ။

အထက်ကလို အဖွဲ့အစည်းတွေသာမက ဆိုရှယ်မီဒီယာ သုံးတဲ့ လူထုပရိသတ်ကလည်း အမျိုးမျိုးသော ထင်မြင်ချက် ယူဆချက်၊ ထောက်ခံတာ၊ ကန့်ကွက်တာ၊ ရှုတ်ချတာ စသဖြင့် အမျိုးမျိုးပေါ်ထွက်လာတာ တွေ့ကြရပါတယ်။

လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းပေါ်က ICJ စီရင်ချက်နဲ့ ဆက်စပ်တဲ့ သတင်းဖော်ပြမှုတိုင်းရဲ့ အောက်မှာ ထောက်ခံတဲ့ မှတ်ချက်တွေ၊ ဆဲဆိုမှုတွေ၊ အမုန်းစကားတွေ ပြည့်နှက်နေတာ တွေ့ကြရပါတယ်။

လူမှုကွန်ရက်မီဒီယာက သတင်းဖော်ပြမှုတွေအောက်က မှတ်ချက်တွေကို လူထုပရိသတ်ရဲ့ သဘောထား အစစ်အမှန်လို့ အပြည့်အဝ မဆိုနိုင်သည့်တိုင် ၅၀ ရာခိုင်နှုန်းကျော်ကတော့ မြန်မာပရိသတ်ရဲ့ သဘောထား၊ ရပ်တည်မှုကို ထင်ဟပ်တယ်လို့ ဆိုရမှာပါ။

အခုလို ICJ တရားရုံးစီရင်ချက် ချမှတ်လိုက်တဲ့အခါ ဘယ်အဖွဲ့အစည်းတွေက ဘယ်လို သဘောထားရပ်တည်ချက်တွေ ထုတ်ပြန်ကြသလဲ။ လူထုပရိသတ်က ဘယ်လို တုံ့ပြန်ကြသလဲဆိုတာ ခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့မြင်နေကြရတာပါ။

အာဏာသိမ်းစစ်အစိုးရ

ပထမဆုံး အနေနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရအဖို့ ဒီစီရင်ချက်ကို ဘယ်လို တုံ့ပြန်သလဲ။ ဒီစီရင်ချက်ကနေ ဘယ်လို ထိခိုက်မှု၊ အရှုံးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်လဲ ဆိုတာ ဆန်းစစ်ကြည့်ရင် မင်းအောင်လှိုင်အစိုးရဟာ စီရင်ချက်ချပြီး နောက်တရက်မှာ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ICJ တရားရုံးစီရင်ချက်ကို မျှတမှုမရှိဘူးလို့ ကနဦး သဘောထားပြောဆိုခဲ့ပါတယ်။

နောက်တရက်မှာ စာမျက်နှာ ၃ မျက်နှာရှိတဲ့ သဘောထားထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ တရားသူကြီး ၁၅ ဦးအနက် ၉ ဦးက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်လို့ မဲပေးဆုံးဖြတ်ပြီး ကျန် ၆ ဦးက သဘောမတူခဲ့လို့ တရားသူကြီး ၁၅ ဦးလုံး တညီတညွတ်တည်း ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ တုံ့ပြန်ထားသလို၊ သက်သေအထောက်အထား အရင်းအမြစ်တွေကိုလည်း ကျွမ်းကျင်မှုအရင်းအမြစ် နဲ့ လုပ်ပိုင်ခွင့် သတ်မှတ်ပေးထားမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်  တရားရုံးအနေနဲ့ တွေ့မြင်နိုင်ခြင်း မရှိတဲ့ အခြားအချက်တွေကို တဆင့်ကြားနဲ့ ရေးသားထားတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိ အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတဲ့ နေရပ်စွန့်ခွာသူများထဲက အမှန်တကယ် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေကို ၄င်းတို့ ဆန္ဒအလျောက် ပြန်လာမဲ့သူတွေ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ဖို့အတွက် စိစစ်လက်ခံမဲ့ လုပ်ငန်းစဉ်တွေကို အခြေအနေပေးသည်နှင့်အမျှ မြန်မာပြည်သူများ၏ အကျိုးစီးပွားနဲ့ နိုင်ငံ့အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ 

ICJ ရဲ့ ဆုံးဖြတ်ချက်ကို အချိန်ယူလေ့လာသွားမယ်လို့လည်း ဖော်ပြထားပြီး နောက်ထပ် အသေးစိတ် သဘောထားမှတ်ချက်တွေ ထွက်ပေါ်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဒါက မင်းအောင်လှိုင် အစိုးရရဲ့ ICJ တရားရုံးစီရင်ချက် ချမှတ်ပြီး ၂ ရက်အကြာမှာ တရားဝင်တုံ့ပြန်တဲ့ သဘောထား မှတ်ချက် ဖြစ်ပါတယ်။

၄င်းတို့အဖို့ လက်တွေ့အနေအထားမှာ ဘာတွေ ထိခိုက်ဆုံးရှုံးရလဲလို့ ဆန်းစစ်ကြည့်ရင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် သမ္မတရာထူးကို လွှတ်တော်က ရွေးချယ်ခန့်အပ်ခံရလို့ တရားဝင် အစိုးရတရပ်အဖြစ်၊ ရွေးကောက်ခံ သမ္မတအဖြစ် သံတမန်ရေးအရ တရားဝင်မှုရအောင် ပြီးခဲ့တဲ့ ဧပြီ၊ မေလကတည်းက ကြိုးစားခဲ့ရာက နိုင်ငံ ၅ /၆ နိုင်ငံလောက်က မင်းအောင်လှိုင်ကို တရားဝင် ဧည့်သည်အဖြစ် ဖိတ်ကြားဧည့်ခံပြီး သံတမန်ရေးအရ အထီးကျန် အနေအထားကနေ လွတ်မြောက်လာအောင် ကြိုးပမ်းနေချိန် အခုလို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်မှုအတွက် နိုင်ငံရဲ့ ခေါင်းဆောင်၊ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ပွားစဥ် စစ်တပ်ရဲ့ တာဝန်အရှိဆုံးသူက မင်းအောင်လှိုင်ပဲ ဖြစ်ခဲ့တဲ့ အချက်တွေက သံတမန်ရေးအရ ရထားတဲ့ အောင်မြင်မှုတွေကို ကြီးမားစွာ ထိခိုက်စေတာ ဖြစ်ပါတယ်။

ICJ တရားရုံးစီရင်ချက်ကို လက်တွေ့အကောင် အထည်ဖော်မဲ့ အားကောင်းတဲ့ Mechanism (စနစ်) မရှိပေမယ့် သံတမန်ရေးအရ သိက္ခာကျရတဲ့ အချက်က ထင်ရှားနေတာပါ။ ယူကေအစိုးရက အမိန့်ချပြီး နေ့တွင်းချင်း လန်ဒန်မြန်မာသံရုံးက စစ်သံမှူးကို နှင်ထုတ်မယ့် ဆုံးဖြတ်ချက်ချမှတ်တာမျိုး လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

တဖက်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ မင်းအောင်လှိုင် အစိုးရအနေနဲ့ ယခုလက်ရှိ ရခိုင်ပြည်နယ်မှာ မြို့ ၃ မြို့ကလွဲပြီး ထိန်းချုပ်ထားနိုင်ခြင်း မရှိတာကြောင့် ရခိုင်ပြည်နယ်ရဲ့ မြို့တွေနယ်တွေကို ပြန်လည်မသိမ်းယူနိုင်သေးတဲ့ ကာလအထိ တာဝန်ခံရမယ့် အနေအထားကနေ လွတ်ကင်းနေမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းကို ယခုလက်ရှိထိန်းချုပ်ထားတဲ့ Arakan Army အပေါ် ကျရောက်နေမယ့် သဘောလည်း ဖြစ်ပါတယ်။ AA လက်နက်ကိုင်အဖွဲ့ကို ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ AA လက်ရှိထိန်းချုပ်ထားတဲ့ ပလက်ဝနဲ့ ထိစပ်နေတဲ့ အိန္ဒိယအစိုးရတို့က တရားဝင်ဆက်ဆံတာမျိုး မရှိသေးတဲ့ အနေအထားမှာ AA အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ဆက်သွယ် ပြောဆိုမှုမျိုး မရှိသေးပါဘူး။

ICJ တရားရုံးက မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီး နောက်လာမယ့် ၂ နှစ်အတွင်း ပြန်လည်ကုစားမှု ဆောင်ရွက်ချက်၊ လျော်ကြေးပေးမည့် ပမာဏ၊ ပုံစံတွေကို မင်းအောင်လှိုင်အစိုးရဘက်က တရားရုံးထံကို အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။ လာမဲ့ ၂ နှစ်အတွင်း ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို မင်းအောင်လှိုင်စစ်တပ် အနေနဲ့ ပြန်သိမ်းယူနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေတာပါ။ အကယ်၍ အဲဒီလို ပြန်လည် သိမ်းယူ ထိန်းချုပ်နိုင်တဲ့ အခြေအနေမဟုတ်ခဲ့ရင် မင်းအောင်လှိုင် အစိုးရအနေနဲ့ အဆိုပါ ပြန်လည်ကုစားမှု ဆောင်ရွက်ချက်တွေကို စာရွက်ပေါ်မှာသာ ရေးပြနိုင်မဲ့ အနေအထားဖြစ်ပါတယ်။

ICJ တရားရုံးစီရင်ချက်ချမှတ်အပြီးမှာ နကိုက စစ်တပ်နဲ့ မင်းအောင်လှိုင် အစိုးရကို မကြိုက်တဲ့ အမျိုးသားရေးအမြင် ပြင်းထန်သူတွေက စစ်အစိုးရဟာ အမျိုးသားရေးအတွက် နိုင်ငံဂုဏ်သိက္ခာကို ကာကွယ်သူတွေ အဖြစ် ပြောင်းလဲမြင်လာကြတာဟာ စစ်တပ်အဖို့ အမြတ်ထွက်တဲ့ အနေအထား တရပ်ဖြစ်လာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ

ဒီနေရာမှာ SCEF ရဲ့ အခန်းကဏ္ဍလို့ မဖေါ်ပြရခြင်းက SCEF မှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ ဖက်ဒရယ်ယူနစ် အစိုးရအချို့တို့ အနေနဲ့ ရခိုင်ပြည်နယ်က လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ တိုက်ရိုက်ဆက်စပ်မှုမရှိတာကြောင့် NUG အစိုးရကိုသာ ရည်ညွှန်းရခြင်း ဖြစ်ပါတယ်။

NUG အစိုးရ အနေနဲ့ ICJ တရားရုံးစီရင်ချက်ကို ချက်ချင်း ကြိုဆိုခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် စပ်လျဥ်းသည့် မူဝါဒဆိုင်ရာ သဘောထားရပ်တည်ချက်” ဆိုတာကို ပြန်လည်ရည်ညွှန်းခဲ့ပြီး ရိုဟင်ဂျာ ပြည်သူများသည် အခြေခံလူ့အခွင့်အရေး စံနှုန်းများနဲ့ ဒီမိုကရေစီ ဖက်ဒရယ်မူများနှင့် ကိုက်ညီသော ဥပဒေများအရ နိုင်ငံသား ဖြစ်ခွင့်ရရှိထိုက်သူများ ဖြစ်သည်” လို့ ၄င်းတို့ သဘောထားကို ဖော်ပြခဲ့ပါတယ်။

NUG အစိုးရဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတဲ့ NLD အစိုးရထဲ ပါဝင်ခဲ့တဲ့ သူတွေ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့ရဲ့ အဓိကကျတဲ့ ရာထူးတွေမှာ ထမ်းဆောင်နေကြတာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၄င်းရဲ့ ဆန္ဒသဘောထား မေးမြန်းနိုင်ခြင်း မရှိပေမဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးမှာ ခန့်အပ်ထားတာကြောင့် ၂၀၁၉ ခုနှစ် နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ ICJ တရားရုံးမှာ ယခုအမှုကို ဦးဆောင် လျှောက်လှဲခဲ့သူဖြစ်တဲ့ အချက်က ရှေ့နောက် မညီသလို ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ARSA တိုက်ခိုက်မှုအပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ဘက်က ခုခံကာကွယ်ပြောဆိုခဲ့သူ အချို့လည်း NUG အစိုးရအဖွဲ့ထဲမှာ ပါဝင်နေတာက NUG အစိုးရဟာ ယခင် NLD အစိုးရရဲ့ သဘောထားကို ပြောင်းပြန်လှန်လိုက်တာလားဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။

နိုဝင်ဘာ ၁၉ ရက် ICJ စီရင်ချက် ချမှတ်အပြီး အမျိုးသားရေးအစွဲနဲ့ အယူအဆပြင်းထန်သူတွေက ရိုဟင်ဂျာအရေးကို ထောက်ခံတဲ့ ပြည်ပရောက် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ်  နိုင်ငံကို ရောင်းစားတယ်ဆိုတဲ့ တံဆိပ်ကပ် ဝေဖန်လာကြတာလည်း တွေ့နေရပြီး အဆိုပါ အမြင်ရှိသူတွေထဲမှာ NLD ကို ထောက်ခံသူ၊ NUG ကို ထောက်ခံအားပေးသူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ NUG အဖို့ မိမိကို ထောက်ခံသူအချို့ကို လက်လွှတ်ဆုံးရှုံးရတဲ့ သဘောလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းမှာ အမျိုးသားရေး အစွန်းရောက်တဲ့ အယူအဆတွေကို ယုံကြည်ကြသူတွေ ရာနှုန်းအတိုင်းအတာတခုထိ ရှိနေတာ ဖြစ်ပါတယ်။ သမိုင်းဆိုင်ရာ နားလည်ခံယူမှု၊ နိုင်ငံရေး၊ ဘာသာရေးအရ မှိုင်းတိုက်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေက ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကို ထောက်ခံသူဖြစ်ပါစေ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ရမယ်ဆိုတဲ့ ခေတ်အဆက်ဆက် ယုံကြည်လာတဲ့ မှိုင်းက ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး အစပိုင်းမှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြတဲ့ အင်အားစုတွေအတွင်း ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ထောက်ခံအားပေးမိခဲ့တာတွေအတွက် အမှားကို သိရှိပြီး ပြန်တောင်းပန်တဲ့ လှုံ့ဆော်မှု၊ လှုပ်ရှားမှုတွေ အရှိန်ကောင်းခဲ့ပေမဲ့ အဲဒီအချိန်က အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ရမယ်ဆိုတဲ့ အယူအဆဟာ နွေဦးတော်လှန်ရေး ထောက်ခံသူတွေဘက်မှာ မရှိတော့ဘူးလို့ ယူဆခဲ့ကြပေမဲ့ ၅ နှစ်ကျော် ၆ နှစ်လောက် ရောက်လာချိန် တော်လှန်ရေးရေချိန် အနည်းငယ်တန့်လာချိန်မှာ အခု ICJ စီရင်ချက်နဲ့  နောက်တကြိမ် စမ်းသပ်ခံရတဲ့အခါ ကျဆုံးသူတွေ ထွက်ပေါ်လာတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။

ဒီအချက်တွေကို ကြည့်ရင် ICJ တရားရုံးစီရင်ချက်ချပြီးနောက်မှာ NUG အစိုးရ အနေနဲ့ ရိုဟင်ဂျာလူမျိုးတွေအတွက် တရားမျှတမှု ရရှိဖို့ ခြေလှမ်းအစလို့ မှတ်ယူပြီးကြိုဆိုချိန်မှာ NUG ထောက်ခံသူ အချို့ နဲ့ ရိုဟင်ဂျာအရေး မှာ သဘောထားကွဲလွဲကြတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။

ICJ စီရင်ချက်ဟာ မင်းအောင်လှိုင် စစ်အစိုးရကို နိုင်ငံတကာမှာ သံတမန်ရေးအရ ထိုးနှက်နိုင်ခဲ့ပေမဲ့ တပြိုင်နက်တည်း NUG ဘက်မှာလည်း အမြတ်နဲ့ အရှုံး ဒွန်တွဲ ပါလာတဲ့ သဘောမျိုး ဖြစ်နေတာ တွေ့ကြရပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar