Breaking News

ထိုက်ထိုက် ● အမျိုးသမီးတို့ ဦးစီးလာသော ရာဘာခြံလုပ်ငန်း

ထိုက်ထိုက် ● အမျိုးသမီးတို့ ဦးစီးလာသော ရာဘာခြံလုပ်ငန်း 
(မိုးမခ) မေ ၂၉၊ ၂၀၁၉

၇ ဧကကျော် ကျယ်ဝန်းသော ရော်ဘာခြံကြီးတွင် ရော်ဘာလုပ်သားများ တက်ညီ လက်ညီ အစေးခြစ်နေကြသည်။ ခြံပိုင်ရှင် အသက် ၇၀ ကျော်အရွယ် အငြိမ်းစားသူနာပြုဆရာမကြီး ဒေါ်စောသည် အသက်အရွယ် ရလာသည်နှင့်အမျှ ဝဖြိုးသော ခန္ဓာကိုယ်ကြောင့် ငယ်ငယ်တုန်းကလို သွက်လက်မှုမရှိတော့ပေ။ သူ၏ထူးခြားချက်မှာ စူးရှသောမျက်ဝန်းများကို ပိုင်ဆိုင် ထားခြင်းပင်။

ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်နိုင်စွမ်း မရှိသော်လည်း တစ်နေ့တာ အချိန်များကို ရော်ဘာခြံထဲ၌သာ ကုန်ဆုံးလေ့ရှိသည်။

"မိဘအမွေဖြစ်သလို  ငယ်ငယ်လေးထဲကနေ ပညာတတ်ကြီးတွေဖြစ်တဲ့အထိ ဒီအပင်တွေကပဲ ရှာကျွေးလာတာဆိုတော့ ပစ်မထားရက်ဘူး။ ရော်ဘာဈေးတွေ ကျပါစေ၊ ရှုံးနေပါစေ၊ သူတို့ကိုတော့ လက်လွတ်စပယ် ပစ်မထားနိုင်ဘူး” ဟု အငြိမ်း စားသူနာပြုဆရာမ ဒေါ်စောက သူ့ရော်ဘာပင်များကိုကြည့်ကာ ပြောသည်။

မွန်ပြည်နယ် ကျေးလက်ဒေသမှ အမျိုးသမီးတဦး တနေ့တာ အခြောက်ခံနေလှန်းပြီးသော ရာဘာပြားတို့ကို သိမ်းဆည်း နေပုံ။ မူလအဖြူရောင်ဖြစ်သော ရာဘာပြားသည် ရက်အတန်ကြာ နေလှန်းပြီးလျှင် အဝါရောင်ပြောင်းသွားပြီး နောက်ပိုင်းတွင်  အညိုရောင်၊ အမည်းရောင် ဖြစ်သွားသည်။ (ဓာတ်ပုံ - မိုးမခ) 

ဒေါ်စောသည် မွန်ပြည်နယ်၊ ဘီလူးကျွန်း ကညှော်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။
 
လက်ရှိတွင် ရော်ဘာအလုပ်သမားများကို ငှားရမ်းကာ ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်သည်။  ရော်ဘာဈေးနှုန်းသည် ကျဆင်းလာသောကြောင့် အခက်အခဲများလည်း ကြုံနေရသည်ဟု ဆိုသည်။

ဤအမျိုးသမီးကြီးက မိသားစုကိုသာမက  ခြံလုပ်ငန်းကိုပါ ဦးဆောင်ခဲ့သူဖြစ်သည်။

“ဧရာဝတီကနေလာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေလေ၊ ရော်ဘာအစေး မခြစ်တတ်ဘူး၊ ကိုယ်တိုင်သင်ကြားပေးခဲ့ရတာ။ အရင်တုန်းကဆိုရင် သူတို့နဲ့အတူ ရော်ဘာအစေး လိုက်ခြစ်တာပေါ့၊ အခုတော့ မလုပ်နိုင်တော့ဘူး” ဟု ဆို၏။

ရော်ဘာအရိုင်းပင်မှ အမြတ်ကို ပိုင်ရှင် တဝက်၊ အလုပ်သမား တဝက်ယူကြသည်။  ကိုင်းဆက်ရော်ဘာဆိုလျှင်  အမြတ်ကို ပိုင်ရှင် ခြောက်ပုံ၊  အလုပ်သမား လေးပုံရရှိသည်။ ရော်ဘာပင် ဝဲကျွေးခြင်း (မြေသြဇာထည့်ခြင်း)၊ ပေါင်းရှင်းခြင်းအပြင် အထွေထွေကုန်ကျမှုများကို ပိုင်ရှင်ဖြစ်သူက ကျခံရသည်။ ထို့ကြောင့် ရော်ဘာလုပ်ငန်းကို မိသားစုဝင်များနှင့်အတူ လုပ် ကိုင်ရပါက ကုန်ကျမှုသက်သာသည့်အပြင် ပိုမိုအဆင်ပြေမည်ဟု ဆိုသည်။

ရော်ဘာစေး ရရှိရန် ပင်အောက်ခြေတွင် အခေါက်ကို ပြုပြင်ရသည်။ အပင်မှ တစိမ့်စိမ့်ထွက်လာသော အစေးခံရန် ပလပ် စတစ်ခွက်ငယ် သုံးသကဲ့သို့ အုန်းမုတ်ခွက်ကိုလည်း သုံးကြသည်။ 

သို့သော်လည်း မိသားစုဝင်အများစုမှာ အပျိုကြီးဒေါ်စောအနီးတွင်  ရှိမနေကြပေ။ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် နေကြပြီး သြင်္ကန်နှင့် ရွာဘုရားပွဲကာလများတွင်သာ ပြန်လာလေ့ရှိကြသည်။

တူနှင့် တူမနှစ်ယောက် အတူတကွနေထိုင်နေသော်လည်း ရော်ဘာလုပ်ငန်းကို လုပ်ကိုင်လိုခြင်းမရှိဟု ဆိုသည်။ မိဘအမွေ အနှစ်ဖြစ်ခြင်းကြောင့် မြတ်နိုးတန်ဖိုးထားသော ရော်ဘာခြံကြီး၏ရှေ့ရေးအတွက် စိုးရိမ်မိသည်ဟု ဝမ်းနည်းစွာဆိုသည်။

“ရော်ဘာဈေးတွေက ၃ဝဝ အထိ ကျသွားဖူးတယ်၊ ဘယ်သူမှ မလုပ်နိုင်တော့လို့ ပိတ်တဲ့သူတွေပိတ်၊ တချို့ဆို အပင်တွေ ခုတ်ရောင်းကြတယ်၊ အဲဒီလိုဖြစ်နေတဲ့အချိန်မှာတောင် တယောက်တည်း ကြိုးစားရုန်းကန်ပြီး ရပ်တည်ခဲ့တာ အလုပ်သမား တွေမရှိလည်း ငါလုပ်မယ်၊ ငါရှိတယ်ဆိုပြီး ရပ်တည်ခဲ့တာ၊ ဘာမှမဖြစ်ပေမယ့် ငါသေရင်တော့ ရောင်းခံထိမှာပဲ ဆိုပြီး စိတ် မကောင်းဘူး၊ ဖြစ်စေချင်တယ်။ ကိုယ့်ဆွေမျိုးထဲမှာ ဦးဆောင်ပြီးလုပ်မယ့်သူ ရှိစေချင်တယ်” ဟု မျှော်လင့်ကြီးစွာ ပြောခဲ့ သည်။

လွန်ခဲ့သော ၅ နှစ်ခန့်က ရော်ဘာသည် တပေါင် ၁,၈ဝဝ ကျပ်ထိ ရောင်းဈေးရှိခဲ့ရာ  မွန်ပြည်နယ်မှ ရော်ဘာခြံပိုင်ရှင်တို့ကို ‘ရော်ဘာသူဌေး’ များဟု ခေါ်ဆိုခဲ့ကြသည်။   ရော်ဘာကို ‘ရွှေဖြူ’ ဟု တင်စားကြသည်။

ရော်ဘာစေး အခဲ မြန်ပြီး ရော်ဘာပြား ဖြစ်စေရန်   ပုံစံခွက်ထဲ ထည့်ပြီး အက်စစ်၊ ရေတို့ဖြင့် ရောစပ်ကြသည်။  (ဓာတ်ပုံ - မိုးမခ) 

နိုင်ငံတဝန်း ရော်ဘာအများဆုံး စိုက်ပျိုး ထွက်ရှိသောဒေသဟုဆိုပါက မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကိုသာ မြင်ကြမှာ မလွဲပေ။ နိုင်ငံ၏ရော်ဘာခြံ သုံးပုံ နှစ်ပုံမှာ မွန်ပြည်နယ်တွင် ရှိနေသည်။

သို့သော် အရောင်မှိန်သော ရွှေဖြူခေတ် ဖြစ်နေပြီ။ ၂ဝ၁၁ မှ စတင်ကာ ရော်ဘာဈေးနှုန်း ကျဆင်းလာခဲ့သည်။ အရည်အသွေး မမီသောကြောင့် ဈေးကောင်းမရရှိပေ။

ရော်ဘာဈေး မကောင်းခြင်း အခြား အကြောင်းအရင်း များစွာကြောင့်  ဒေသခံတို့သည် လွယ်လင့်တကူ သွားလာနိုင်သော ထိုင်းနိုင်ငံ ရော်ဘာခြံများ၊ စက်ရုံ အလုပ်ရုံများသို့ ရောက်သွားကြရာ  မွန်ပြည်နယ်တွင် ရော်ဘာဈေးကျဆင်းမှုအပြင် လုပ် သားရှားပါးမှုနှင့်ပါ ရင်ဆိုင်နေရသည်။

ပြည်နယ်အတွင်း၌  ရော်ဘာခြံ ဧက ၅ သိန်းခန့် ရှိပြီး   ရပ်နားထားရသည်မှာ  ဧက ၂ သိန်းနီးပါး ရှိသည်။ ထိုသို့ အလုပ် နားထားသောခြံများတွင်  မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်၏ ခြံများလည်း ပါဝင်နေသည်။

“ရော်ဘာအရည်အသွေးမီဖို့ကျတော့ အရင်းအနှီးကလည်း လိုပြန်ရော။ အချိန်လည်းပေးရတယ်။ ရော်ဘာတောင်သူတွေက ဘယ်လိုဖြစ်နေလဲ ဆိုတော့ အရည်အသွေးမီအောင် လုပ်ဖို့ကျတော့ ကုန်ကျစရိတ် မတတ်နိုင်၊ မလုပ်နိုင်တော့ ဈေးကောင်း မရ၊ အဲဒီလိုနဲ့ သံသရာလည်နေတယ်” ဟု နိုင်ကျန်ရစ်က ပြောသည်။

“ရော်ဘာဈေးမကောင်းတော့ ထိုင်းမှာသွားလုပ်ကြတယ်၊ အမျိူးသမီးတွေလည်းသွားကြတယ်၊ တချို့အမျိုးသမီးတွေကျတော့ ကိုယ့်ခြံလေးကိုပဲ ဦးဆောင်ပြီး လုပ်နေကြတာပေါ့၊ အငှားအလုပ်သမား မလုပ်တော့ဘူး” ဟု သူက ဆက်ပြောသည်။

ခြံတချို့တွင် အမျိုးသား၊ အမျိုးသမီး အတူတူ ဦးဆောင်ကြသည်။ ခင်ပွန်းသည် ပြည်ပထွက် အလုပ်လုပ်ကိုင်သဖြင့် အမျိုး သမီးများကိုယ်တိုင် ဦးဆောင်နေသောခြံလည်း ရှိသည်။

“တချို့အမျိုးသမီး အစေးခြစ်သမားတွေက အမျိုးသားတွေထက်တောင် တော်တယ်၊ သူတို့တွေ လုပ်တာ ပိုပြီးတော့လည်း မြန်တယ်၊ ဒါပေမယ့် ခြံတစ်ခြံလုံးကို အမျိုးသမီးတွေ ဦးဆောင်ရတော့ ပိုပြီး ပင်ပန်းတာပေါ့၊ ရော်ဘာခြံဆိုတာမျိုးကလည်း ပစ်ထားလို့မရဘူးလေ၊ အရိပ် တကြည့်ကြည့်နေရတာ” ဟု ဘီလူးကျွန်း ကညှော်ကျေးရွာမှ ရော်ဘာစိုက်တောင်သူ ဦးမင်း ဝင်းလှက ပြောသည်။

ရော်ဘာပြားကို ပိုမိုပါးလွှာသွားစေရန် စက်ဖြင့်ကြိတ်နေသော မွန်ပြည်နယ် ကျေးလက်ဒေသမှ အမျိုးသားတဦး (ဓာတ်ပုံ - မိုးမခ)

ရော်ဘာခြံ စတင်စိုက်ပျိုးချိန်မှ အစေးခြစ်ကာ ရော်ဘာပြားထုတ်လုပ် ရောင်းချသည့် အချိန်ထိ ဂရုစိုက်ရပြီး ခြံပေါင်းရှင်းခြင်း၊  ဝဲကျွေးခြင်း၊  အစေးပိုမိုထွက်ရှိစေရန် ဂရုစိုက်ရခြင်းတို့ကြောင့်လည်း ပိုမိုပင်ပန်းရသည်။

ချောင်းဆုံမြို့နယ်၊ ကတောင်စိန်ကျေးရွာမှ ရော်ဘာခြံပိုင်ရှင် မကြည်မြအောင်က “အမျိုးသားက ထိုင်းမှာ ရော်ဘာခြစ်တယ်၊ အစ်မလည်း အရင်က အတူတူလုပ်တယ်၊  ဟိုမှာက ပိုက်ဆံပိုရတယ်၊ ဒါပေမယ့် ခြံလည်းရှိနေတော့ ပြန်လာတာပေါ့” ဟု ပြောသည်။

မကြည်မြအောင်က  အလုပ်သမားငှားရမ်းခြင်း မရှိဘဲ ခြံ ၂ဧကကို ကိုယ်တိုင်ဦးဆောင်နေခြင်းဖြစ်သည်။

မကြည်မြအောင်က ခြံထွက် ရော်ဘာပြားများကို တစ်ပတ် သို့မဟုတ် ငါးရက်တစ်ကြိမ် မြို့တက်ရောင်းချလေ့ရှိသည်။ တစ် ပေါင် ကျပ် ၆၅ဝ   မှ ၇၅ဝ အထိ ပေါက်ဈေးရှိနေရာ တစ်ကြိမ်ရောင်းလျှင် ကျပ် ၇,ဝဝဝ မှ ၁ဝ,ဝဝဝ အထိ ရရှိသည်ဟု ဆို သည်။

“ရော်ဘာဈေးက တက်လည်း မတက်ဘူး၊ ကျလည်း ဆက်မကျဘူး၊ ငြိမ်နေတယ်ပေါ့၊ ဈေးကတော့ နည်းတယ်၊ ဒါပေမယ့် ကိုယ့်ခြံ ကိုယ့်နိုင်ငံမှာပဲ လုပ်ချင်တယ်လေ၊ အဲဒါကြောင့် ခက်ခဲလည်း ရပ်တည်နိုင်အောင် ကြိုးစားနေတာပေါ့၊ အစ်မခြံက အစေးသိပ်မထွက်ဘူး၊ သူများတွေလို ဝဲအကောင်းစားလည်း မသုံးနိုင်ဘူးလေ၊ အစေးထွက် နည်းတော့ ဝင်ငွေနည်းတာပေါ့” ဟု ပြောသည်။

ရာဘာပင်ပျိုများရှိသည့် နေရာတွင် စားသောက်ဆိုင် ဖွင့်ထားသော ရန်ကုန် - မော်လမြိုင် ကားလမ်းဘေး မြင်ကွင်းတခု။  (ဓာတ်ပုံ - မိုးမခ)

ရော်ဘာစိုက်တောင်သူတို့ကို ချေးငွေပေးနိုင်ရန် မြို့နယ်အသီးသီးတွင် စာရင်းကောက်နေရာ  မြို့နယ် ၇ ခု ပြီးစီးနေပြီဖြစ် ကြောင်း မွန်ပြည်နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မော်လမြိုင်ဘဏ်ခွဲမှ မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

“စာရင်းကောက်လို့ပြီးသွားရင်တော့ စိစစ်ပြီး ချေးငွေထုတ်ပေးသွားမှာပါ၊ အဓိကကတော့ ပိုင်ဆိုင်မှုပေါ့၊ ပုံစံ ၇ တော့ ရှိရ မယ်၊ အဲဒါမှ ချေးငွေက ရမှာပါ” ဟု ပြောသည်။

အတိုးနှုန်းက  ၈ ရာခိုင်နှုန်းဖြစ်သည်။

ရော်ဘာလုပ်ငန်းတွင် အမျိုးသမီးတို့ ဦးဆောင်မှု အများအပြား ရှိနေသည်ကို တွေ့ရကြောင်း စံပြ လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ အမျိုးသမီးနှင့် ကလေး ပရိုဂရမ် ဒါရိုက်တာ မိချယ်ရီစိုးက ပြောသည်။

“ရော်ဘာဈေးကွက်ပျက်တော့ အမျိုးသားတွေက ပြည်ပမှာသွားပြီး အလုပ်လုပ်ကြတယ်၊ ကျန်ခဲ့တဲ့ အမျိုးသမီးတွေက စပြီးသား အလုပ်တစ်ခုကို ဆက်လုပ်တာပေါ့” ဟု ပြောသည်။

ရော်ဘာစိုက်ပျိုးချိန်တွင် အမျိုးသမီးများအတွက် အခက်အခဲ နည်းပါးသော်လည်း ရော်ဘာအစေး ခြစ်ရမည့် အချိန်သည် ညဦးပိုင်းအချိန်မှ မနက်မိုးမလင်းမီအချိန်ထိ ဖြစ်သောကြောင့် အမျိုးသမီးများ၏ ဘဝသည် လုံခြုံမှု မရှိဟု ဆို၏။

“ရော်ဘာလုပ်ငန်းက သူတို့အတွက် အလုပ်ကောင်းတစ်ခုတော့ မဟုတ်ဘူး၊ ညဘက်တွေ ရော်ဘာစေး ထခြစ်တဲ့အခါ သူတို့အတွက် မလုံခြုံဘူး၊ အမမြန်မာနိုင်ငံမှာလည်း သူတို့အတွက် လုံခြုံမှုကို အပြည့်အဝ မပေးနိုင်သေးဘူးလေ” ဟု မိချယ်ရီစိုးက ပြောသည်။

အမျိုးသားနှင့် အမျိုးသမီး အတူတူ လုပ်ကိုင်ကြသော ရော်ဘာခြံတွင် အဆိုပါ ပြဿာနာ ဖြစ်နိုင်ခြေ နည်းပါးသော်လည်း အမျိုးသမီး ဦးဆောင်ကာ လုပ်ကိုင်သော ရော်ဘာခြံများ၌ ထိုပြဿနာ ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် အမျိုးသမီးတောင် သူများ အလုပ်အကိုင်ရရှိရေးနှင့် အခွင့်အရေးရရှိရေးကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ပြည်နယ်အစိုးရအနေဖြင့် နည်းလမ်းရှာရ ပေတော့မည်။

မွန်ပြည်နယ်အစိုးရ ဒေါက်တာအေးဇံသည် စီးပွားရေး ကဏ္ဍကြီး ၅ ရပ်ကို အဓိကထားမည်ဟု ပြောခဲ့သည်။ ထိုအထဲတွင် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးလည်း ပါဝင်သည်။

သို့သော် ရော်ဘာကဏ္ဍနှင့် ပတ်သတ်ပြီး ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း နိုင်ကျန်ရစ်က ပြောသည်။
“လုပ်နေတယ်တော့ ကြားတယ်၊ အစိုးရချည်း လုပ်နေလို့တော့ မရဘူး။ အစိုးရ၊ ဌာနဆိုင်ရာအပြင် တောင်သူတွေကိုပါ ကြည့်ရမယ်၊ အတူတူ ပူးပေါင်းမှ အောင်မြင်မယ်လို့ မြင်တယ်” ဟု နိုင်ကျန်ရစ်က ဆိုသည်။

ရော်ဘာဈေးကွက်တွင် ဝယ်လိုအား ကျဆင်းခြင်း၊ ဈေးနှုန်း ကျဆင်းခြင်း၊  အဆင့်မြင့် ကုန်ချော မထုတ်လုပ်နိုင်ခြင်းတို့သည် အမျိုးသမီးတောင်သူများကို ပိုမိုထိရောက်စေကြောင်း မိချယ်ရီစိုးက ပြောသည်။

“ရော်ဘာလုပ်ငန်းမှာ အမျိုးသမီးတွေလည်း ပါဝင်လာကြပြီဆိုတော့ ရော်ဘာလုပ်ငန်း ဖွံ့ဖြိုးအောင် လုပ်နိုင်ပြီ၊ စက်မှုကုန်ချော ထုတ်နိုင်ပြီဆိုရင်တော့ အမျိုးသမီး အလုပ်အကိုင် ရရှိရေး၊ အမျိုးသမီး အခွင့်အရေးရရှိရေး ပြဿာနာတွေကိုလည်း ဖြေရှင်းလာနိုင်မယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

စားဝတ်နေရေး အခက်အခဲ ကြုံတွေ့လာနိုင်သောကြောင့် ရော်ဘာဈေးများ ပြန်လည်ကောင်းမွန်လာခြင်း မရှိပါက ထိုင်းနိုင်ငံသို့ သွားရောက်ကာ ရော်ဘာလုပ်ငန်း ဝင်ရောက်လုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟု မကြည်မြအောင်က ပြောသည်။

မိသားစုဝင်များ ပြည်ပမှ ပြန်လာရေး လိုလားနေသည့် ဘီလူးကျွန်းမှ အငြိမ်းစား သူနာပြု ဆရာမကြီး ဒေါ်စောကလည်း ရော် ဘာ ဈေးကောင်းရရန် အထူး မျှော်လင့်နေသည်။

“ရော်ဘာဈေးတွေ ပြန်ကောင်းလာပြီ၊ အရင်ကလို ရော်ဘာခြံပိုင်ရှင်တွေ ရွှေထီးဆောင်းတဲ့ ခေတ်ကို ပြန်ရောက်ပြီ ဆိုရင်တော့ မိသားစုဝင်တွေလည်း မြန်မာနိုင်ငံ ပြန်လာပြီး ရော်ဘာလုပ်ငန်း လုပ်မယ်လို့ ယုံကြည်ပါတယ်” ဟု ရာဘာခြံလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသော ဒေါ်စောက ပြောလိုက်သည်။