ကိုသန်းလွင် ● ညောင်ဦးဆေးရုံ

ကိုသန်းလွင် ● ညောင်ဦးဆေးရုံ
(မိုးမခ) မေ ၂၈၊ ၂၀၁၉
(မိုးမခ) မေ ၂၈၊ ၂၀၁၉
(၁)
လွန်ခဲ့သော ၂၇ နှစ်က ကျွန်တော့်သားကြီးဖြစ်သူကို ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီး၌ မွေးဖွားခဲ့ပါသည်။ ထိုစဉ်က ညောင်ဦး ဆေးရုံမှာ တိုက်နယ်ဆေးရုံတခု ဖြစ်ပါလိမ့်မည်။ ကုတင် ၂၅ လုံးဆန့်သည်။ ဆရာဝန်ကြီးနှင့် လက်ထောက်ဆရာဝန်တဦး ရှိသည်။ ဆရာဝန်ကြီးကို တမြို့လုံးက သိရှိရင်းနှီးကြပြီး ဆေးရုံဝန်ထမ်းများမှာလည်း မြို့သူ မြို့သားများနှင့် အကျွမ်းတဝင် ရှိကြသည်။
ထိုစဉ်က ဆေးရုံမှာ ဝန်းအသစ်ခြံအသစ်နှင့် ဆေးရုံအဟောင်းမှ ပြောင်းလာခါစရှိသေးသည်။ ဆေးရုံဟောင်းမှာ ညောင်ဦးမြို့ ထဲတွင်ရှိပြီး အိမ်တွေကြားမှာ မသပ်မရပ်ရှိခဲ့သည်။ ယခု ၂၅ ဧကခန့်ရှိသော မြို့အပြင်ဘက် ခြံဝန်းကျယ်မှာဆောက်ထား သောကြောင့် ကျယ်ကျယ်ဝန်းဝန်းရှိကြသည်။ ထိုစဉ်က အဆောက်အဦးကမများသေး။ ဆရာဝန်နေရာအဆောင်နှင့် လူနာ ဆောင်အဖြစ် ဆောက်ထားသောအဆောင် ၂ ဆောင်သာရှိသေးသည်။ လူနာထားရာအဆောင်မှာ အဆောင်တစ်နှင့် နှစ် ဟူ၍ဖြစ်သည်။ အဆောင် (၁) မှာ ယောင်္ကျား လူနာတွေထား၍ အဆောင် (၂) မှာ အမျိုးသမီးလူနာတွေကို ယေဘုယျအားဖြင့် ထားသည်။
သားဦးမို့ အကဲကပိုသည်။ ဆေးရုံဆိုသည်ကို မတက်ဖူးသေး။ ကျွန်တော့်မိန်းမ သားဦးအတွက် ဆေးရုံတက်ရတော့ ပထမ တော့ စိုးရိမ်ကြောင့်ကျ ပိုသည်။ ဝန်ထမ်းတွေက ဘယ်လိုများဆက်ဆံကြမလဲ တွေးရသည်။ သဘာဝအတိုင်းမွေးမှာမို့ ဗိုက် နာသည်နှင့် ဆေးရုံပို့လိုက်ရသည်။ တကယ်ရောက်သွားတော့ စိုးရိမ်သည်မှာ မလိုအပ်ဖြစ်ရပါသည်။ ဝန်ထမ်းတွေနှင့် အ ဘယ်မျှ ရင်းနှီးကြသနည်းဆိုသော် ကျွန်တော့်သားကို ဆေးရုံကအကူ မခင်ညွှန့်၏သားပါဟု ချစ်စနိုးခေါ်ကြသည်။ မခင်ညွှန့် ကလည်း သားငယ်ကိုဂရုစိုက်လိုက်သည်မှာ အမေကပင် အားနာယူရသည်။ လ္ဘက်ရည်ချိန် လက်္ဘရည်၊ မုန့်ချိန်ဆိုမုန့်၊ ထမင်း ကိုတော့ အိမ်ကပို့ရပါသည်။ သို့ပေမယ့် လိုလေသေးမရှိ လူနာကုတင်တွေမှာ တယောက်ပြီးတယောက် ပြောင်းသွားကြသည်။ နာမည်တွေကို သိရုံမျှမက နေရပ်လိပ်စာတွေကိုပါ ပြောကြ ဖလှယ်ကြသည်။
ယခု ကျွန်တော့်သားသည် ၂၇ နှစ်ရှိပါပြီ။ ညောင်ဦးမြို့အဝင်လမ်းဘေးမှာရှိသည့် ဆေးရုံရှေ့ရောက်တိုင်း “ငါ့သား ကိုမွေးတဲ့ ဆေးရုံ” ဟူ၍ ပြရသည်။ မခင်ညွှန့်ကို လွမ်းပါသေးသည်။
(၂)
တစ်နေ့က ကျွန်တော်တို့၏ မိခင် အသက် ၉၄ နှစ် အိမ်မှာ အမောဖောက်လာ၍ ဆေးရုံသို့ပို့လိုက်ရပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ညောင်ဦးဆေးရုံအတွင်းသို့ တခေါက်ရောက်ရပြန်ပါသည်။
ဆေးရုံသည် မမှတ်မိလောက်အောင် ပြောင်းလဲသွားပေပြီ။ အဆောက်အဦးတွေ တိုးချဲ့ထားလိုက်သည်မှာ ၃ ထပ်ဆောင်များ ၂ ထပ်ဆောင်များနှင့် ကုတင် ၂၀၀ ဆံ့ ဆေးရုံကြီး ဖြစ်နေပါပြီ။ မူလက အဆောင်ကလေးများမှာ ကျန်ရစ်ခဲ့သော်လည်း ဆောင်သစ်တွေကြားမှာ မြှုပ်နေသည်။ ယခုခေတ်မှီဆေးရုံကြီး ဖြစ်နေပြီ။ ယခင်က မျှော်ကြည့်လိုက်လျှင် ဆေးရုံခြံစည်းရိုးကို တွေ့နေရသော်လည်း ယခုအခါ အဆောက်အဦးတွေဖြင့် ပိတ်နေပြီ။ ဆေးရုံနယ်နိမိတ်သည် ဘယ်မှာရှိနေပြီ မဆိုနိုင်။ ဝန်ထမ်းအိမ်ရာတွေ အိမ်ခန်းတွေနှင့် မမှတ်မိနိုင်ခြင်းပင်။ လူနာ၏ ဆွေမျိုးတွေ လူနာစောင့်တို့မှာ ဆေးရုံအဆောင်ဘေး တွေကနေရာတွေမှာ အိပ်ယာခင်း၍ အိပ်ရသည်။ ပျင်း၍ နားလျင်လည်း သည်နေရာ၊ ထမင်းစားလျင်လည်း သည်နေရာ၊ ဧည့်သည်လာ၍ ဧည့်ခံလျင်လည်းသည် နေရာ၊ လူနာတွေများသည်နှင့်အမျှလူနာစောင့်တွေ၏ အိပ်ရာတွေမှာ ဆေးရုံဘေးမှာ များလာသည်။ အဆောင်ဟောင်းဘေးမှာ လူနာတွေအိပ်မှာစိုးသောကြောင့် ထင်သည်။ ကြိုးတွေစီတန်းချည်ထားပြီး “မည် သူမျှ မအိပ်ရ” ဟူသော စာတမ်းတွေကို တွေ့ရသည်။
လူနာဧည့်သည်တွေအတွက် အိပ်ရန် သီးသန့်အဆောင်ဆောက်ပေးထားပါသည်။ အစောင့်တွေကများသောကြောင့်ထင် သည်၊ ထိုအိပ်ဆောင်ထဲမှာလည်း လူတွေအပြည့်။ ပိုလျှံလာသော လူနာစောင့်တွေအတွက် တိုက်ဘေးက မြေကွက်လပ် သည်သာ အိပ်စရာဖြစ်တော့သည်။ ကြည့်လိုက်လျှင် ဗန်းကြီးဗန်းငယ်နှင့် ထည့်စရာ အဝတ်အစားတွေ စားအိုးစားခွက်တွေနှင့် ပြည့်သိပ်နေတာကို မြင်ရသည်။ လူရှိပြီဆိုသည်နှင့် အမှိုက်ကလိုက်လာသည်။ အမှိုက်များကို ဟိုနေရာတပုံ သည်နေရာမှာ တစ်ပုံတွေ့နေရသည်။ အအေးဗူးများ ပလပ်စတိတ် ရေဗူးများကို ဟိုတစ်စ သည်တစ်စတွေ့နေရသည်။
ဆေးရုံအတွက် လှူဒါန်းကြကာ မနဲပါ။ တခုလုံးအတွက်သုံးစရာရေကိုလှူဒါန်းသူက ရေတွင်းတူးပေးသည်။ အဆောက်အဦး တွေ မနည်းတာကိုစောင့်ကြည့်လျင် ဘေးက အလှူရှင် အင်အားမှာမသေးပါ။ နေ့စဉ်စတုဒီသာ ကျွေးနေသူကရှိသည်။ စား သောက်ဆောင်ကမူ သတ်သတ်မရှိ။ ဆေးရုံအုပ်ချုပ်သူများက လူနာစောင့်တို့၏ပမာဏကို သေချာတွက်ဆဟန်မတူ။ လူနာများလျင် များသလောက် လူနာစောင့်သူတွေက ရှိရမည်ပင်။
ဆေးရုံတွေထဲမှာ နေကပူရသည့်အထဲ တိုးဝှေ့နေရာယူကြရသောကြောင့် လူအများမှာ ဟန်ပန်လုပ်မနေနိုင်။ ရသည့်နေရာမှာ လူနာကိုသက်သာအောင်ထားကြရသည်၊ လူနာကို ယပ်တောင်ခတ် သူနှင့် ဧည့်သည်တွေမှာ ဘေးကမတ်တပ်။ ဆေးရုံထဲမှာ (drip) သွင်းသူတွေ လူနာကို ရေတဘက်တိုက်ပေးနေတာတွေ၊ လူနံ့တွေနှင့် နံစော်နေသည်။ လူတိုင်းမှာ ယပ်တောင်ကိုတ ဖြတ်ဖြတ်နှင့် တွေ့ရသည်။ လက်ဆေးစရာ Basin ကမရှိ။ မိမိကိစ္စကို မိမိဘာသာရှင်းရသည်။
ကျွန်တော်တို့မိခင်ကြီးကို ထိုလူနာများ၏ ဥဒဟိုသွားရာလမ်းမ အလယ်မှာ ကုတင်တလုံးနှင့် ဖြစ်ပါသည်။ အောက်စီဂျင်ပေး သော ပုလင်းကတော့ချက်ခြင်းရပါ၏။ ဆေးသွင်းဖို့ ထဘီအပြာနှင့် နပ် (စ်) တယောက်လာသည်။ သွေးကြောရှာမရ၍ အထက်က ထဘီအစိမ်းဝတ်နှင့် နပ် (စ်) ကိုစောင့်ရသည်။ နပ် (စ်) ကမလာသေး။ လူကို အပ်နှင့်ဖောက်ပြီးခါမှ စောင့်နေရ သည်။ ဆရာဝန်ကြီးလှည့်မှာကည ၉ နာရီ၊ ထို ၉ နာရီမှာ ဆရာဝန်ကြီးက လူနာကိုကြည့်ပြီးမှ အခန်းရမည်တဲ့။ ညနေ ၃ နာရီက ဆေးရုံရောက်ခဲ့သည်။ လူနာမှာ လူသွားလမ်းကြားတနေရာမှာ အသက်ကိုဝအောင် မနည်းရှူနေရသည်။
ထိုအချိန်မှာ လူပျိုခွဲစိတ်ဆရာဝန်ကြီး ဦးကြီးမြင့်ကို သတိရမိကြသည်။ ဆရာကြီးမှာ လူနာရောက်လျင် ရောက်လာသည်။ ညကရောက်သည့်လူနာကို ခွဲစိတ်ခမ်းဖွင့်သည့် နောက်တနေ့ ၁၀ နာရီအထိစောင့်ခိုင်းသည့်ဆရာဝန်တွေလိုမဟုတ်။ ချက် ချင်းအရေးယူဆောင်ရွက်သည်။
ည ၉ နာရီမှာ ဆရာဝန်ကြီးမလာပါ။ စောင့်ရင်းစောင့်ရင်းနှင့် ၁၀ နာရီကျော်မှလာသည်။ လူနာကို အခန်းတွင်းသို့ ရွှေ့ကြမည်။ အခန်းလွှတ်မရှိပါတဲ့။ လူနာသည်နေမြဲနေရာမှာသာနေရသည်။ ဆေးရုံကြီးမှာ အပြင်ကကြည့်လျင် ခမ်းနားလှသော်လည်း အတွင်းမှာ လူနာခန်းကမရှိ။ အပြင်မှာ လူနာစောင့်တွေကများသလို ဆေးရုံတွင်းမှာလည်း လူနာအတွက်အခန်းကမရှိ။ လူနာမှာ အသက်သာပျောက်သွားရော လူသွားလမ်းမှာသာ ကိစ္စပြီးခဲ့ရပါသည်။
(၃)
ပြည်သူလူထုအပေါင်းမှာ ဆေးရုံကို မှီခိုရပါသည်။ ဆေးရုံများသည် ပြည်သူများ၏ ကျန်းမာရေးမဏ္ဍိုင်အတွက် မရှိမဖြစ်လို အပ်ပါသည်။ ထိုသို့ဆိုသဖြင့် ဆေးရုံများသည် ပြောင်လက်ဝင်းပနေရမည်ဟု မဆိုလိုပါ။
အနည်းဆုံး ပတ်ဝန်းကျင်မှ မှီခို၍လာကြသူတွေကို ရင်းနှီးပျူငှာစွာ ကြိုဆိုရမည် ဖြစ်ပါသည်။ အနည်းဆုံး လူနာစောင့်တွေ အိပ်စရာကို စီစဉ်ပေးဖို့လိုသည်။ နီးသည် ဝေးသည်က အဓိကမဟုတ်ပါ။ ညောင်ဦးဆေးရုံအနေဖြင့် မနီးမဝေးမှာ မြေတွေ လှူကြပါလိမ့်မည်။ ထိုနေရာတွေမှာ လူနာစောင့်တွေတည်းခိုဖို့ အဆောင်သစ်တွေတိုးချဲ့ဆောက်စေချင်ပါသည်။
ကမ္ဘာကြီးသည် ပြောင်းလဲနေပါပြီ။ ဂလိုဗယ်လိုက်ဇေးရှင်းခေတ်ကို ရောက်နေပါပြီ။ တိုင်းပြည်က ခေတ်ကိုအမှီ လိုက်ရန်အ တွက် အားသွန်ခွန်စိုက်လုပ်နေကြချိန်တွင် ညောင်ဦးဆေးရုံမှာ ခေတ်နောက်မှာကျန်နေခဲ့သလို ဖြစ်နေပါပြီ။ ဝင်လိုက်လျင် မြို့ပျက်ကြီးတခုထဲဝင်လိုက်သလို လူတွေထိုင်ချင်ရာထိုင်၊ အိပ်ချင်ရာအိပ်၊ ဖြစ်သလိုနေ ဖြစ်သလိုစားရသောအဖြစ်ကို သက်ဆိုင်ရာများက အကူအညီပေးစေလိုပါသည်။
ဆေးရုံကြီးမှာ ကြီးကျယ်ခမ်းနားနေပြီး၊ သုံးထပ်ဆောင် နှစ်ထပ်ဆောင်များနှင့် ပြည့်သိပ်နေပြီး၊ လူနာနှင့်လူနာ စောင့်များအတွက်နေရာအဆင်သင့်မဖြစ်သည်မှာထူးဆန်း နေပါသည်။ ဆေးရုံဆိုသည်နှင့် လူနာနှင့်လူနာစောင့်များအတွက် သာပထမ ဦးစားပေးဖြစ်သင့်ပါသည်။ ဆရာဝန်ကြီးအနေဖြင့် အခြားအရာများကို ဦးစားပေးသည်ဆိုလျင်လည်း လူနာနှင့် လူနာစောင့် များအရေးကို ထည့်သွင်းစဉ်းစားရပါမည်။
လူနာခန်းဆိုလျင်လည်း လူနာများအတွက်သာဖြစ်စေလိုပါသည်။ လူနာခန်းကို တစုံတရာအတွက် သုံးထားသောကြောင့် လူနာတွေအတွင် အခန်းမရှိဆိုသည်မှာ မဖြစ်သင့်ပါ။ လူနာအပိုများကိုလည်း ဆရာဝန်စောင့်ရင်း မဆင်းနိုင်ဖြစ်ရသည်ကို ဆရာဝန်က အမြန်ဆုံး ကိစ္စများကို ရှင်းသင့်ပါသည်။ ဆေးရုံမှာ ဘယ်သူမျှ အချိန်ပိုမနေလိုကြပါ။ ဆရာဝန်ကြီး Round လှည့်သည်ကိုစောင့်ရင်း အချိန်တွေကုန်ရသည်ကို မဖြစ်စေလိုခြင်းပါ။ ကိစ္စမှန်သမျှကို ဖြစ်ပေါ်လျင်ဖြစ်ပေါ်ခြင်း ရှင်းလျင် အကောင်းဆုံးဖြစ်ပါသည်။