Breaking News

ကျော်လင်း ● ဘိုကလေး ခရီးသွားများ ကူးတို့ခ ပိုပေးနေရ

ကျော်လင်း ● ဘိုကလေး ခရီးသွားများ ကူးတို့ခ ပိုပေးနေရ
(မိုးမခ) မေ ၂၉၊ ၂၀၁၉

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် ဂုံညင်းတန်းမြစ်ကူးသူတို့  ကူးတို့ခကို သတ်မှတ် နှုန်းထားထက် ပိုပေးနေ ရသည်။  ငွေပိုယူနေခြင်းနှင့်ပတ်သက်ပြီး  ကူးတို့လုပ်ငန်း လိုင်စင်ဆွဲထားသူကို ဆက်သွယ်မေးမြန်းရာ ၎င်းက အဆင်ပြေ အောင် ဆောင်ရွက်ပေးမည်ဟု အကြောင်းပြန်သည်။

ဂုံညင်းတန်းမြစ်ကို အမှီပြုနေသော မြင်းကကုန်း ကျေးရွာ ကူးတို့ဆိပ်လေး၏ တဖက်ကမ်းသို့ကူးရန် ဆရာ၊ ဆရာမ တစု စောင့်ဆိုင်းရင်း သင်တန်းအတွေ့အကြုံများ တဦးနှင့်တဦး ပြောဆိုရှင်းပြနေကြသည့်မြင်ကွင်းက ရွာကလေး၏ နေ့စဉ် အလှ ကျက်သရေ ဖြစ်သည်။ 
 ကူးတို့ကိုသာ အားထားအသုံးပြုနေရသည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမများ

ဘိုကလေးမြို့သို့ သင်တန်းသွားတက်ကြရန် အတွက် မြင်းကကုန်း  ရွာနီးချုပ်စပ်မှ ပညာရေးဝန်ထမ်း ၅၀ ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေ့စဉ် ကူးသန်းသွားလာနေကြသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။
  
ပညာရေးဝန်ထမ်းများ၏ အတွေ့အကြုံဖလှယ်သံများအကြား ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများအကြောင်း  ညည်း တွားနေကြရာ ထိုအထဲတွင် ကုတို့ခဈေးများသည့်အကြောင်းလည်း ပါဝင်သည်။

ကူးတို့ခ သတ်မှတ်ချက်မှာ ဆိုင်ကယ်တစီး ကျပ် ၃၀၀၊ လူတဦး ၂၀၀ သာ ဖြစ်သည်။ သို့သော်လည်း အုတ်နံရံတွင်  ၁,၅၀၀ ဟု  ခပ်ကြီးကြီး ရေးထားသည်ကို   တွေ့နိုင်သည်။

လိုင်စင်ကြေးထက်ပိုယူနေသော ကူးတို့ခ ကြော်ငြာတခု

အလယ်တန်းပြဆရာမတဦးဖြစ်သူ  ဒေါ်လှလှဆွေက “ကူးတို့ကူးခ အမှန်အတိုင်း ဖြစ်စေချင်ပါတယ်။ သတ်မှတ်ထားတဲ့ ကူး တို့ကူးခ နှုန်းက တမျိုးလို့ သိရတယ်။ ဒီအတိုင်းပဲ ဖြစ်မယ်ဆိုရင်တော့ ကျမတို့ သက်သာတာပေါ့။ လေလံဆွဲထားတဲ့သူက ကိုယ်တိုင် ကူးတို့ စက်လှေ မဆွဲဘဲ၊ တဆင့်ခံတွေလုပ်တော့ အဆင့်ဆင့်နဲ့ ဈေးတွေ တက်နေတယ်” ဟု ပြောသည်။

“သင်တန်း ၁၄ ရက်မှာ ဆိုင်ကယ်ကူးဖို့ ကူးတို့ခ အသွား ၁,၀၀၀၊ အပြန်  ၁,၀၀၀ နဲ့ ၂,၀၀၀ ပေးရတယ်။ ဝန်တမ်းတွေမို့ လျှော့ယူတာပါတဲ့။ တခြားဝန်ထမ်း မဟုတ်တဲ့ သူတွေကတော့ အသွားအပြန် ၃,၀၀၀   ပေးနေရတယ်” ဟု မြင်းကကုန်းကျေး ရွာမှ ဆရာမ ဒေါ်လှလှဆွေက ပြောသည်။ 

ကျပ် ရာဂဏန်း၊ ထောင်ဂဏန်းမှာ သေးငယ်သောငွေစဟုဆိုနိုင်သော်လည်း ဝင်ငွေနည်းသူတို့အဖို့ ဂရုစိုက်ကြရမည့် ပမာ ဏ ဖြစ်နေသည်။ 

ဆရာဆရာမများ၏ သင်တန်း ၁၄ ရက်အတွက် တဦးလျှင်  ပိုပေးလိုက်ရသည့် ကူးတို့ခမှာ ၁၄,၀၀၀ စီ ဖြစ်သည်။
 
လေလံစွဲသူအား ငွေတသိန်းပေး၍ ကူးတို့ဆွဲနေသည့် ကူးတို့ဆရာ ကိုကျော်နိုင်ဦး

မြင်းကကုန်းကျေးရွာမှ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ အစရှိသည့် အခြားမြို့အားလုံးသို့ ကုန်းလမ်းမှ သွားနိုင်ရေးအတွက် တခုတည်းသော ထွက်ပေါက်ဖြစ်သည့် ဂုံညင်းတန်းမြစ်ကူး ကူးတို့လုပ်ငန်းမှာ ဝင်ငွေကောင်းသောလုပ်ငန်းတစ်ခု ဖြစ်လာ သည်။ 

တစ်နေ့လျှင် ဆိုင်ကယ်အစီး နှစ်ဆယ်မှ သုံးလေးဆယ်၊ ခရီးသည် ရာဂဏန်းကူးနေသော ကူးတို့ဆိပ်ကြီး ဖြစ်သည်။ ကူးတို့ လိုင်စင်ကို လေလံအပြိုင် သိန်း ၄၀ ပေးဆွဲယူခဲ့သူမှာ ဦးအုန်းမြင့်ဆိုသူ ဖြစ်သည်။   

ဦးအုန်းမြင့်က အဆင်ပြေစေရန် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ကူးတို့ခ နှုန်းထား တိုးမြှင့်သည်ကို မသိလိုက်ကြောင်း ပြော သည်။ 

"စည်ပင်က ညွှွှန်ကြားပါတယ် လူတယောက်ကို ၂၀၀ ကျပ်ထက် ပိုမကောက်ရဘူး၊ အသက်ကယ်ဘော ထားရမယ်။ ရေ ယာဉ်ကို စက်ကောင်းအောင် ထားရမယ်။ လူသုံးယောက်ထက် ပိုမတင်ရဘူး ပြောပါတယ်။ ကျနော် သိန်းလေးဆယ်နဲ့ လေ လံဆွဲတာပါ။ ကျနော် အဆင်ပြေအောင်လုပ်ပေးရမှာပေါ့။ ဆရာဆရာမတွေ နစ်နာတယ်" ဟု ဦးအုန်းမြင့်က ပြောသည်။