ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနဲ့ အပြီးအပြတ်အနိုင်ယူရေး
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၅
ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနဲ့ အပြီးအပြတ်အနိုင်ယူရေး
ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် အပြီးအပြတ်အနိုင်ယူရေး စသည့် စကားလုံးများတွင် သီးခြားအဓိပ္ပာယ် ဆောင်ကြသည်။
ငြိမ်းချမ်းရေးဆိုသည့် စကားလုံး၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုစေ့ငုကြည့်ပါလျှင် ရန်လိုမှု၊ အကြမ်းဖက်မှုကင်းစင်လျက် လူမှုအသိုက်အဝန်း၌ ချစ်ကြည်မှု၊ တရားမျှတမှုနှင့် သဟဇာတဖြစ်မှု သဘောတရားဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုမှု တခုက ဆိုသလို အခြားတခုကမူ စစ်ပွဲနှင့် ရန်လိုမှုများ မရှိတော့ခြင်း သို့မဟုတ် ရပ်ဆိုင်းသွားသည့်အနေအထား၊ နိုင်ငံတနိုင်ငံ၊ ပြည်နယ်ဒေသတခု သို့မဟုတ် လူမှုအသိုက် အဝန်းတခုတွင် တဖွဲ့နှင့်တဖွဲ့ စစ်ပွဲဖြစ်ပွားခြင်းမရှိ၊ ဆူပူ လှုပ်ရှားမှုများမရှိခြင်း ငြိမ်သက်ခြင်း အနေ အထားဟု ဖွင့်ဆိုထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားက လက်နက်ကိုင် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မငြိမ်မသက်ဖြစ်မှုများနှင့် မတရားမှုများ၊ ရန်လိုမှုများ ပြည့်နှက်နေသည့် အနေအထားဖြစ်၍ ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးအဓိပ္ပာယ်နှင့် လားလားမျှ မအပ်စပ်သည့် အနေအထားလည်း ဖြစ်သည်။
နောက်စကားလုံးတလုံးဖြစ်သည့် အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ လက်နက်ကိုင် ဖွဲ့များ အချင်းချင်းအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားသည့် အခြေအနေမျိုးဖြစ်၍ ငြိမ်းချမ်းရေး ဆိုသည့် စကားလုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲကလို ချစ်ကြည်မှု၊ တရားမျှတမှုတွေ ရှိနေသည့် အခြေအနေမျိုး မဟုတ်ဟု ဆိုရပေလိမ့်မည်။ တဖွဲ့နှင့်တဖွဲ့ မကျေနပ်ချက်တွေ၊ ရန်လိုမှုတွေ၊ တရားမျှတမှုမရှိဟု မှတ်ယူမှုတွေ ရှိကောင်းရှိနေနိုင်ပြီး မကျေနပ်မှုများအတွက် ဆန္ဒပြတာ၊ မတည်မငြိမ် လှုပ်ရှားမှုတွေရှိနိုင်သည့် အခြေအနေမျိုးလည်း ဖြစ်ပေသည်။ ထိုသို့သောအခြေအနေမျိုးတွင် နစ်နာမှုများအတွက် တရားမျှတမှုရှာဖွေရေး၊ ထိခိုက်ဆုံးရှုံးမှုများအတွက် ထိုက်သင့်သည့်အလျော်ပေးမှု၊ လုပ်ဆောင်ပေးမှုများ တောင်းဆိုခြင်း မပြုနိုင်သေးသည့် အနေအထားမျိုးဟုဆိုလျင်လည်း မှားမည် မထင်ပါ။
နောက်တတိယ စကားလုံး အပြီးအပြတ် အနိုင်ရရေး ဆိုသည့် စကားလုံးဖြစ်သည်။ ဒီစကားလုံးကတော့ အဓိပ္ပာယ် ရှုပ်ထွေးခြင်းမရှိ အပြတ်အသတ် အနိုင်ယူရေး၊ တဖက်ရန်သူဟု မှတ်ယူထားသည့် လက်နက်ကိုင် အဖွဲ့အစည်းကို အပြီးတိုင် အနိုင်ယူရေး ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိ လက်နက်ကိုင်တိုက်ပွဲတွေ အနေအထားက အထက်ပါ စကားလုံး ၃ လုံး နှင့် ဆက်နွယ်နေသည်ဟုဆိုလျှင် မှားမည်မထင်ပါ။
အင်အား အသာစီးရထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတရပ် အနေဖြင့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးဆိုသည့်စကားလုံးများကို ပရိယာယ်သဘောအားဖြင့် ဆိုကောင်းဆိုနိုင်ပြီး လက်တွေ့တွင်မူ အပြီးအပြတ်အနိုင်ယူရေးကို ရည်မှန်းချက်အဖြစ်ထားရှိကြသည့် သဘောသဘာဝလည်း တွေ့နိုင်ပေသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ ရည်မှန်းချက်ထားရှိသည့် နယ်မြေ အားလုံးသိမ်းယူနိုင်မှု သို့မဟုတ် ရည်မှန်းသည့် နယ်မြေပမာဏထက် ပို၍ သိမ်းယူနိုင်မှုရှိသည့်အနေအထားမျိုးတွင် အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး စကားလုံးကို ပရိယာယ်အားဖြင့် သုံးကောင်းလည်း သုံးနိုင်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ပြည်သူလူထု၏ခံစားရသည့် အသက်၊ အိုးအိမ်၊ ပိုင်ဆိုင်မှု ဆုံးရှုံးရသည်များကို ညွှန်းဆို၍ အပစ်ရပ်ခြင်း ငြိမ်းချမ်းရေးစကားပြောခြင်းတို့ကို ပရိယာယ်အားဖြင့် လုပ်ဆောင်ကြသည့်သဘောလည်း ဖြစ်ပါလိမ့်မည်။ ရည်မှန်းချက်မအောင်မြင်မီကာလတွေမှာတော့ ပြည်သူလူ ထုခံစားရသည့် ဒုက္ခနှင့် အသက်အိုးအိမ် ပိုင်ဆိုင်မှုတွေ အကြောင်းပြောဆိုခြင်းတွေ့ရမည် မဟုတ်ပေ။ ထိုသို့သောအနေအထားတွင် အောင်ပွဲရရှိရေးသည်သာပဓာနဖြစ်ပြီး မည်သည့်အကြောင်းကြောင့်မျှ တိုက်ပွဲကို ရပ်နားစေမှာ မဟုတ်ကြပါ။
ပြီးခဲ့သည့် ၂ နှစ်တာအတွင်း အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိုသို့သောအနေအထားရောက်ရှိခဲ့ပြီဟုဆိုလျှင် မှားမည်မထင်ပါ။ ထိုသို့ နယ်မြေသိမ်းယူနိုင်အောင် လက်နက်ကိုင်မည်ရွေ့ မည်မျှသော တပ်ဖွဲ့ဝင်အရေအတွက် ထိခိုက်သေဆုံး သို့မဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံး ထိခိုက်ဒဏ် ရာရခဲ့သည်ဆိုသည့် အချက်အလက်များ၊ အရပ်သားပြည်သူလူထုတွေ မည်ရွေ့မည်မျှ ထိခိုက်သေ ဆုံးဒဏ်ရာရကာ နေအိမ် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခဲ့ကြရသည်တို့ကို ဖေါ်ပြကြလိမ့်မည် မဟုတ်ပါ။
အဆိုပါအချက်အလက်တွေကို အချိန်ကာလအကွာအဝေးတခုရောက်မှသာ သမိုင်းပြုစုသူတွေက ရှာဖွေဖော်ထုတ် ရေးသားကြပေလိမ့်မည်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာတော့ ဘုံရန်သူက အာဏာသိမ်းခဲ့သည့် စစ်ကောင်စီတပ်ဟု ဆိုကြသော်လည်း အချိန်အခါ အခြေအနေပြောင်းလဲသည့်အပေါ်မူတည်ကာ ဘုံရန်သူအပြင် အကျိုးစီးပွား ချင်းဆန့်ကျင်ဘက်ဖြစ်မှုကြောင့် ရန်ဘက်ဖြစ်လာနိုင်ခြေတွေလည်းရှိနေသည်ကို တွေ့မြင်လာကြရသည်။
ရန်သူကိုအပြီးအပြတ်အနိုင်ယူရေးက နယ်မြေအပေါ် မူတည်ပြီး အနိုင်ရခြင်းလား၊ ဘယ်နယ်မြေမှာမဆို အပြီးအပြတ်အနိုင်ယူရေးလားဆိုသည့် မေးခွန်းလည်း ထွက်ပေါ်လာသည့်အနေအထားဖြစ် သည်။
စစ်အာဏာသိမ်းပြီးနောက် ထွက်ပေါ်လာသည့် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုက အဆင့်တခု ရောက်ရှိလာချိန်တွင် အကျိုးစီးပွားပဋိပက္ခမှုများက ရန်ဘက်အသစ်များကို မွေးဖွားလာခြင်း မဖြစ်ဖို့ အရေးကြီးပေသည်။
ရန်ဘက်၊ မိတ်ဘက်ကို မည်သည့် အခြေခံပေါ်မူတည်၍ ခွဲခြားဆုံးဖြတ်ကြသလဲ၊ နိုင်ငံရေး အခြေခံမူဝါဒလား အကျိုးစီးပွားလားဆိုသည့်အချက်ကိုလည်း ဆန်းစစ်လေ့လာကြည့်ကြဖို့ လိုအပ်မည် ဖြစ်ပါသည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar