Breaking News

ဇင်လင်း - စစ်ရေး ပဋိပက္ခများ ရပ်တန့်ပါ - COVID-19 ရောဂန္တရကပ်ဘေး ကျော်လွှားရေး ဝိုင်းဝန်းလုပ်ဆောင်ပါ

Photo - Mizzima

ဇင်လင်း - စစ်ရေး ပဋိပက္ခများ ရပ်တန့်ပါ - COVID-19 ရောဂန္တရကပ်ဘေး ကျော်လွှားရေး ဝိုင်းဝန်းလုပ်ဆောင်ပါ

(မိိုးမခ) မတ်် ၃၁၊ ၂၀၂၀ 

မတ်လ ၂၃ ရက်တွင် AA အား အကြမ်းဖက်အုပ်စုအဖြစ် အစိုးရသတင်းစာများ၌ သတင်းကြေညာချက် ပေါ်ထွက်ခဲ့သည်။ ‘အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့’ ၏ ကြေညာချက်နှင့် ‘ပြည်ထဲရေးဝန်ကြီးဌာန’၏ မတရားအသင်းအဖြစ် ထုတ်ပြန် ချက်များတွင် AA အား အကြမ်းဖက်အုပ်စု အဖြစ် သတင်းဖော်ပြခဲ့သည်။ 

AA လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပြည်သူများကို စည်းရုံး၍လည်းကောင်း၊ ရွာသားများကိုအကာအကွယ် ရယူ၍လည်းကောင်း၊ တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အစိုးရ ဝန်ထမ်းများ၊ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ကျေးရွာများအတွင်း ပစ်ခတ် ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများကို ပြုလုပ်သည်ဟု ‘အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့’ ၏ ထုတ်ပြန်ကြေညာချက် ၌ ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ နိုင်ငံတော်သမ္မတသည် AA လက်နက်ကိုင်အဖွဲ့နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့၊ ယင်းအဖွဲ့နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ လုပ်ရပ်များသည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ တော်၏ တရားဥပဒေ စိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုလည်းကောင်း၊ အများ ပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း၊ အနှောင့်အယှက်၊ အန္တရာယ်ဖြစ်စေသည်ဟု ယူဆကြောင်း ဖော်ပြ ထားသည်။ ထို့ကြောင့် AA လက်နက်ကိုင်အဖွဲ့နှင့် ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့များကို မတရားအသင်းအဖြစ် ကြေညာသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

၎ကြေညာချက်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တိုင်းရင်း သား အချင်းချင်းဖြစ်ပွားနေသည့် စစ်ပွဲများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ နည်းလမ်းဖြင့် သွားစေချင်သော်လည်း ယခုကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်၊ မတရားအသင်းအဖြစ် ကြေညာလိုက်သဖြင့် ဆွေးနွေးပွဲလမ်းကြောင်း ပျောက်သွားနိုင် သည်ဟု ဒီဗွီဘီသတင်းသို့ ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်၏ လက်ငင်းအခြေအနေမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်သူ များ ဒုက္ခရောက်နေရသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းကြောင်းဖြင့်သာ ဖြေရှင်းရမည့်အချိန်ဖြစ်သည်။ ယခု အခြေအနေ မျိုးတွင် ‘အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့’ ၏ ထုတ်ပြန်ကြေညာချက်အရ စစ်မီးအရှိန်မြှင့်လိုက်သကဲ့သို့ဖြစ်နေ၍ ရခိုင်ပြည်သူများအတွက် စိုးရိမ်ကြောင့်ကြစရာဖြစ်လာသည်ဟု ဦးဖေသန်းက ဆိုသည်။

“မဆုံးနိုင်တဲ့ မပြီးနိုင်တဲ့တိုက်ပွဲတွေ ရှေ့ဆက်ပြီးတော့ ဖြစ်ပေါ်လာမယ့် အလားအလာကို မြင်နေရတယ်ပေါ့။ ကိုယ့် ရခိုင် ပြည်နယ်ရဲ့ ပဋိပက္ခ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အဘက်ဘက်က ကျဆုံးနေတဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအားလုံးအတွက် စိုးရိမ်တယ်။ ပြည်ထောင်စုအတွက်လည်း နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမယ့်နေရာမှာ စစ်ရေးအရ အပြီးသတ် အပြတ် အသတ်တိုက်မယ်ဆိုတဲ့ လမ်းကြောင်းကို ပြောင်းသွားတာကြောင့် ပြည်ထောင်စုအတွက်လည်း တော်တော့ကို စိုးရိမ်ပါ တယ်။” ဟု ဦးဖေသန်းက ပြောကြားသည်။

အစိုးရအနေဖြင့် ယခုကဲ့သို့ကြေညာလိုက်ခြင်းသည် တပ်မတော်၏ တွန်းအားကြောင့်လည်း ဖြစ်နိုင်သည်ဟုလည်း သူက ဆိုသည်။ AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် သတ်မှတ်လိုက်သော်လည်း၊ AA ၏ မဟာမိတ်အဖွဲ့ သုံးဖွဲ့ အပေါ်မည်ကဲ့သို့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာနိုင်မည်နည်းဟုလည်း မေးခွန်းထုတ်စရာဖြစ်လာကြောင်း ဦးဖေသန်း က ဆိုသည်။ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးဘောင်ချဲ့ပေးရေးနှင့် တိုင်းရင်းသားဒေသများတွင် တန်းတူညီမျှ ဖြစ်စေရေး၊ တိုင်းရင်းသားများ၏ ရင်ထဲ၌ ညီရင်းအစ်ကိုဆိုသည့် စိတ်ဓာတ်မျိုး ပေါ်လွင်လာစေရေး၊ ကြိုးစားပေးရန် တာဝန်ရှိသည်ဟု လည်း ဦးဖေသန်း က ပြောသည်။ ရခိုင်မြောက်ပိုင်းတွင် နေ့စဉ်တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်များရှိနေပြီး၊ လက်ရှိ ကမ္ဘာနှင့်ချီ၍ဖြစ်နေသော ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုကြောင့် ပြည်တွင်း၊ ပြည်ပမှ လူငယ်အများအပြား ရခိုင်သို့ ပြန်ရောက်လာနေသော ကြောင့် နေထိုင်ရေး၊ အလုပ်လက်မဲ့ပြဿနာများ ဖြစ်ပေါ်ကာ စိုးရိမ်ဖွယ် အခြေအနေ ပေါ်ပေါက်နေကြောင်း၊ ယင်းသို့သော အခြေအနေမျိုး၌ စစ်ပွဲသံသရာလည်ခဲ့ပါက ရခိုင်ပြည်နယ်သည် ပြာပုံဘဝရောက် သွားနိုင်ကြောင်း ဦးဖေသန်း က ဆိုသည်။

“နိုင်ငံရေးလမ်းကြောင်းကိုအစိုးရက ဒီထက်ဘောင်ကျယ်အောင် ချဲ့ပေးဖို့တော့လိုတယ်။ နိုင်ငံရေးလမ်းကြောင်းကို သတ်ပစ်လိုက်မယ်ဆိုရင်တော့ လက်နက်ကိုင်လမ်းကြောင်းကို လူထုက ပိုပြီးတော့ရွေးချယ်စရာဖြစ်သွားတာပေါ့။” ဟု ၎က ဒီဗွီဘီသတင်းသို့ ပြောသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးက အစိုးရ၏ ထုတ်ပြန် ချက်အရ ပဋိပက္ခများ ပို၍ ပြင်းထန်လာဖို့ရှိသည်ဟု ဆိုသည်။ "အစိုးရရော၊ တပ်မတော်ဘက်ကပါ AA နဲ့ ပတ်သက်ပြီး တော့၊ လက်နက်ကိုင်ပြီးတော့ အင်အားသုံးပြီးတော့ ချေမှုန်းရမယ်ဆိုတဲ့ အနေအထားမျိုးကို ယူဆထားပုံ ရတာပေါ့။ အထူး သဖြင့် ရခိုင်မြောက်ပိုင်းမှာ AA အနေနဲ့ အခြေခံဒေသ တည်ဆောက်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားတဲ့အပေါ် လက်မခံ နိုင်ဘူးဆိုတာကို ပြတဲ့ အနေအထားလို့တော့ ကြည့်လို့ရတာပေါ့နော်။ ဒါကိုကြည့်လို့ရှိရင် လာမယ့် လတွေမှာလည်း တိုက်ပွဲအရှိန် အများကြီး ပိုပြင်းထန်လာဖို့ရှိတယ်။"

အစိုးရ၏ အကြမ်းဖက်အဖွဲ့ကြေညာချက်နှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းကို RFA သတင်းဌာနက ဆက်သွယ်မေးမြန်းရာ၌၊ တပ်မတော်အနေဖြင့် AA အား အကြမ်းဖက်အဖွဲ့ အဖြစ် ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဟု ပြောကြားသည်။ ဒေသခံ ပြည်သူလူထု အကျိုးစီးပွား ထိခိုက်အောင် အကြမ်းဖက်လုပ်ရပ်ချည်း လုပ်နေသော AA ကို အကြမ်းဖက်အဖွဲ့သတ်မှတ်ရန်သာရှိသဖြင့် သောင်းကျန်းမှု နှိမ်နှင်းရေး စစ်ဆင်ရေး၊ အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်ရေးများ ဆင်နွှဲ၍ ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဟု ၎ကဆိုသည်။ AA အဖွဲ့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလမ်းကြောင်းပိတ်သွားြပီလားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ အစိုးရ ငြိမ်းချမ်း ရေးအဖွဲ့(NRPC) ကသာ တိတိကျကျ ဖြေနိုင်မှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်လိုက်ပြီ ဖြစ်၍ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကိစ္စ ခဲယဉ်းသွားပြီဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

AA ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ဒီဇင်ဘာလကုန်အထိ တိုက်ပွဲပေါင်း ၆၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများဆုံးကာလမှာ အောက်တိုဘာလ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ၎င်းအပြင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လ အထိ ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တွင်း တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်နှင့် AA တို့၏ ထုတ်ပြန်ပြောဆိုချက်များကို လေ့လာချက်အရ သိရသည်ဟု မဇ္ဈိမသတင်းက ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ကို ယခင်က မတရားအသင်းအဖြစ်သာ အစိုးရကသတ်မှတ်ခဲ့သော်လည်း AA ကို မတရားအသင်းအပြင် အကြမ်း ဖက်အုပ်စုအဖြစ်ပါ သတ်မှတ်ကြေညာခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

AA ကို ၂၀ဝ၉ ခုနှစ်က ဧပြီလက စတင်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်ရာနယ်မြေ လိုင်ဇာတွင် စတင်ဖွဲ့ စည်းခဲ့သည်။ ယင်းနောက် အေအေသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စတင်ပြီး ရခိုင်ပြည်နယ်၌ အခြေချနိုင်ရေး ကြိုးစား ခဲ့သည်။ ထို့နောက် တပ်မတော်နှင့် AA တို့ ပြင်းပြင်းထန်ထန် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ တိုက်ပွဲများကြောင့် ရခိုင်မြောက်ပိုင်းတွင် စစ်ဘေးရှောင် ဦးရေ နှစ်သိန်းနီးပါး ခိုလှုံနေရသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း တိုက်ပွဲရှောင် ဦးရေ ၂၅၀ဝ ကျော် ရှိနေပြီဖြစ်ကြောင်း လူမှုအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်ဟု မဇ္ဈိမသတင်းက ဆိုသည်။

ဤအတောအတွင်းမှာပင် ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့နေသော Coronavirus ခေါ် COVID-19 ကပ်ရောဂါကြီးနှင့် ရင်ဆိုင် နေရသောကြောင့် ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေသည့် စစ်ပွဲများကို ရပ်တန့်၍ ရောဂါတိုက်ဖျက်ရေးအတွက် အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြပါရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ၏ မေတ္တာရပ်ခံခဲ့ကြောင်း VOA သတင်း က ဖေါ်ပြခဲ့သည်။

“ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ ချက်ချင်းရပ်တန့်ကြဖို့ ကျနော် တောင်းဆိုပါတယ်။ အခုချိန်ဟာ လက်နက် ကိုင် ပဋိပက္ခတွေကို ရပ်တန့်ထားပြီး ကျနော်တို့အားလုံးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ကြရမယ့် အချိန်ဖြစ်ပါတယ်။” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မေတ္တာရပ်ခံခဲ့သည်။

တစ်ချိန်တည်းမှာပင် ကရင်အမျိုးသား အစည်းအရုံး(KNU)က ကိုရိုနာဗိုင်းရပ်စ်ပိုး(COVID 19) ကူးစက်ရောဂါနှင့်ပတ်သက် ၍ မတ်လ ၂၆ ရက်နေ့၌ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ လက်ရှိ ရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ် အသက်ရှု လမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ COVID 19 ကို ထိရောက်စွာ တွန်းလှန်နိုင်ရန် ကန့်သတ်ချက် တစ်စုံတစ်ရာ မထားဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲပေးရန် KNU က အစိုးရနှင့် တပ်မတော်တို့အား တောင်းဆို လိုက်ကြောင်း သိရသည်။ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ၎တို့ဒေသ တွင် စစ်ဘေးရှောင် IDPs များ ရှိနေသကဲ့သို့၊ ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသတို့၌လည်း ရှိနေကြောင်း၊ သို့ဖြစ်၍ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အကြံပြုချက်နှင့်အညီ တပ်မတော်နှင့် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲ ရေးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ကြေငြာလိုက်ခြင်းအားဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသော IDPs ပြည်သူများအတွက် သက်သာခွင့်ရနိုင်မည်ဖြစ်သည်ဟု ပြောကြားသည်။ မလိုလားအပ်သည့် လူသားအချင်းချင်းတိုက်ခိုက် မှုများကိုရပ်စဲ၍ COVID 19 ကပ်ဆိုးမှ လွတ်မြောက်ရေးအတွက် အထောက်အကူပေးသည့် နေရာများတွင် လက်တွဲ ဆောင်ရွက်ကြလျှင် သင့်တော်မည်ဟု ထင်မြင်ကြောင်း ပဒိုစောတာဒိုမူး က ဆိုသည်။

“ကျနော်တို့မြင်တာက တကယ်လို့တပ်မတော်အနေနဲ့တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ကြေငြာလိုက်မယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေ အနေနဲ့က ရပ်တံ့ဖို့ အဆင်သင့်ပဲဆိုတာ ကျနော်တို့နားလည်ပါတယ်။ အကုန်လုံးက ကိုယ့်နေရာ ကိုယ်နေနေရတယ်ဆိုတော့ တကယ်လို့တိုက်တာခိုက်တာတွေ၊ ထိုးစစ်တွေ မရှိဘူးဆိုရင် ပစ်ခတ်တာ ရပ်ထားပြီးသားပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အဲလိုပဲ မြင်တဲ့ အတွက်ကြောင့် အစိုးရနဲ့တပ်မတော်တို့က သဘောထား ကြီးကြီးနဲ့ တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေး ကြေငြာလိုက်ရင်တော့ အထူးသဖြင့် ဒီကပ်ဆိုးကို ကြုံတွေ့ရတဲ့ ပြည်သူတွေသာ မကပဲနဲ့ ကျနော် တို့ IDPs ဒေသမှာလည်း ဒီရောဂါ ကူးစက်မှု မရှိရေးအတွက် ပိုမိုစိတ်ချနိုင်မယ်။” ဟု ပဒိုစောတာဒိုမူး က ဆိုသည်။

အရပ်သားများ၊ အရပ်သားများနှင့် သက်ဆိုင်သည့်နေရာများကို ကာကွယ်ရန် ကုလသမဂ္ဂက တောင်းဆိုထားပြီး အထူး သဖြင့် ပဋိပက္ခဒေသများရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ(IDPs) သည် အရေးပေါ် ကျန်းမာရေးအခြေအနေတွင် ထိခိုက်လွယ်သူများ ဖြစ်ကြောင်း UNHCR ပြောခွင့်ပုဂ္ဂိုလ်က ပြောသည်။ နေရပ်စွန့်ခွာနေရသူများသည် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ သောက်ရေသန့်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးစသည်တို့ လိုအပ်နေပြီး ကလေးများကျန်းမာရေးနှင့် ပညာရေး စောင့်ရှောက်မှုများအတွက် ပူပန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တစ်နှစ်ကျော်ကြာမြင့်လာသည့် ရခိုင်ဒေသလက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ တစ်သိန်းနှစ်သောင်းကျော် ရှိနေဟု ဆိုသည်။ နေရပ် စွန့်ခွာ တိမ်းရှောင်နေရသူများ(IDPs) အတွက် COVID-19 ကာကွယ်ရေးနှင့် အသိပညာပေးရေး ဆောင်ရွက်နေသော်လည်း အင်တာနက် ပိတ်ပင်ထားမှု အပါအဝင် အခက်အခဲများရှိနေသည်ဟု ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်။

ဤအတောအတွင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနနှစ်ခု၏ အွန်လိုင်းသတင်းစာမျက်နှာများနှင့် ရခိုင်၊ ချင်းပြည်နယ် များအတွင်း အင်တာနက် ဖြတ်တောက်ထားခြင်းများကို ပြန်လည်ဖွင့်ပေးစေလိုကြောင်း နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI)က မတ်လ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန် တိုက်တွန်း တောင်းဆိုထားသည်ကို တွေ့ရသည်။

လက်ရှိတွင် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်(COVID-19) အတွက် အရေးပေါ် ကာကွယ်၊ စောင့်ကြည့်၊ ကုသမှုများကို မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ်ဒေသများရှိ တိုင်းရင်းသားသတင်းဌာနများ၏ ပြည်သူများထံ သတင်းအချက် အလက် မှန်များကို အချိန်နှင့် တပြေးညီ ရေးသားတင်ပြရန် အလွန်အရေးကြီးနေချိန်ဖြစ်သည့်အြပင်၊ ပြည်တွင်းပြည်ပရှိ မည်သည့် သတင်းဌာနကိုမဆိုလွတ်လပ်၊ လုံခြုံစွာသတင်းရယူနိုင်ရန် ကူညီရမည့် ကာလလည်းဖြစ်သည်ဟု ဘီအဲန်အိုင်က ဆိုသည်။

ဘီအဲန်အိုင်၏ မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေက “ဒီအချိန်ဟာသတင်းမီဒီယာတွေ ပြည်သူထံ သတင်းမှန် ပေးပို့ နိုင်ရေးဟာအရေးကြီးဆုံးအချိန် ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရချီတက်နေတဲ့ ကျမတို့ နိုင်ငံမှာလည်း စစ်ရေးပဋိပက္ခ အခြေအနေတွေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ Covid-19 ကမ္ဘာ့ကူးစက်ရောဂါ ဆိုင်ရာ သတင်းတွေကို ကျင့်ဝတ်နဲ့အညီ သတင်းထုတ်လုပ်နေတဲ့ အထူးသဖြင့် ပြည်နယ် အခြေစိုက် မီဒီယာတွေကို ပိတ်ပင် လိုက်ခြင်းဟာ လူထုပရိဿတ်တွေကို သတင်းအမှောင်ချရာရောက်သလို အစိုးရက Freedom of Expression ကို ချိုးဖောက်ရာ ရောက်နေပါတယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္ဇရာသတင်းဌာနနှင့် Development Media Group (DMG)တို့၏ အင်တာနက် စာမျက်နှာများကို ဆက်သွယ်ရေး အော်ပရေ တာနှစ်ခုဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့် Mytel ဖုန်းအင်တာနက်လိုင်းများဖြင့် ဝင်ရောက် ဖတ်ရှု့၍ မရတော့ကြောင်း သက်ဆိုင်ရာသတင်းဌာနများက အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

ယခုအချိန်၌ အထူးသတိပြုသင့်သည့် ကိစ္စမှာ ရောဂန္တရကပ်ဘေးကြီး၏ ခြိမ်းခြောက်လာမှု ဖြစ်သည်။ ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့နေသော Coronavirus ခေါ် COVID-19 ကပ်ရောဂါကြီးနှင့် ရင်ဆိုင် နေရသောကြောင့် ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေသည့် စစ်ပွဲများကို ရပ်တန့်၍ ရောဂါတိုက်ဖျက်ရေးအတွက် အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြပါရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ၏ မေတ္တာရပ်ခံချက် ပေါ်ထွက်လာကြောင်း VOA သတင်းက ဖေါ်ပြခဲ့သည်။

“ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ ချက်ချင်းရပ်တန့်ကြဖို့ ကျနော် တောင်းဆိုပါတယ်။ အခုချိန်ဟာ လက်နက် ကိုင် ပဋိပက္ခတွေကို ရပ်တန့်ထားပြီး ကျနော်တို့အားလုံးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ကြရမယ့် အချိန်ဖြစ်ပါတယ်။ စစ်ဖြစ်နေကြတဲ့ ပြိုင်ဘက်အဖွဲ့တွေအနေနဲ့လည်း မလိုမုန်းတီးမှုတွေ၊ မယုံကြည်မှုတွေကို ဘေးဖယ်ထားကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။ သေနတ်သံတွေကို ရပ်တန့်လိုက်ကြပါ၊ တိုက်ပွဲတွေကို ရပ်ကြပါ၊ လေကြောင်းက တိုက်ခိုက်မှုတွေ ကို အဆုံးသတ်ကြပါ။” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မေတ္တာရပ်ခံခဲ့သည်။

Coronavirus တစ်ကမ္ဘာလုံးသို့ ကူးစက်ပြန့်နှံ့နေချိန်တွင် ဆီးရီးယားနိုင်ငံ စစ်ပွဲများသည် ၁၀ နှစ်တာ ကာလထဲသို့ ရောက်ရှိလာသည်။ ယီမင်နိုင်ငံ ပြည်တွင်းစစ်သည်လည်း ၆ နှစ်ထဲသို့ ရောက်လာနေသည်။ အလားတူ အာဖရိကတိုက် အတွင်းရှိ လစ်ဗျား၊ တောင်ဆူဒန်တို့၌လည်း စစ်ပွဲများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေသည်။ အလားတူ မြန်မာနိုင်ငံတွင် လည်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည်လည်း အရှိန်လျော့မသွားသေးဘဲ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးနေကြရပြီး ထောင်ပေါင်းများစွာလည်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရသည်။ မတ်လ ၂၃ ရက်နေ့အထိ Coronavirus ကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူ ၁၆,၀၀၀ ကျော်သွားပြီဖြစ်သည်။ ရောဂါပိုးကူးစက်သူ အရေအတွက်က လေးသိန်းနား ကပ်လာ နေပြီ။ အမေရိကန်ပြည်ထောင်စု၌ မတ်လ ၂၄ ရက်နေ့က တစ်ရက်အတွင်း သေဆုံးသူ ၁၀၀ ကျော် စံချိန်တင်ခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅၄၁ ဦး၊ ကူးစက်သူ ၄၃,၀၀၀ ကျော်သွားပြီ ဟု သတင်းများက ဆိုသည်။

ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မေတ္တာရပ်ခံချက်သည် ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးနှင့် ရင်ဆိုင်နေရ သော လက်ရှိအခြေအနေ၌ အထူးပင် အလေးထားစဉ်းစားကြရမည့် အချက်ဖြစ်သည်။ တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်ကြသည့် ကျည်ဆံများ၏ အန္တရာယ်ထက် COVID-19 ကပ်ရောဂါကြီး၏ အန္တရာယ်ကို အလေးအနက်ထားကာ အရေးပေါ် လိုအပ်ချက်မြောက်မြားစွာကို လက်တွဲ ဆောင်ရွက်ကြဖို့ အလွန်အရေးကြီးနေပေသည်။ COVID-19 ကပ် ရောဂါဘေးဆိုးကို ကျော်လွှားနိုင်ရန်အတွက် မြန်မာနိုင်ငံတွင်လည်း စစ်ပြိုင်အင်အားစု အသီးသီးအနေဖြင့် မလိုမုန်းတီးမှု အာဃာတများ၊ အချင်းချင်း မယုံကြည်မှုများကို ဘေးဖယ်ထား၍ အမြော်အမြင်ရှေ့ထားကာ အပစ်အခတ်များ ရပ်စဲထား စေလိုသည်။ ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေသည့် စစ်ပွဲများရပ်တန့်၍ ရောဂါတိုက်ဖျက်ရေးအတွက် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မေတ္တာရပ်ခံချက်ကို တပ်မတော်၊ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ လက်ခံကြိုဆိုကြမည်ဆိုလျှင် ကောင်းလေစွဟု သုံးသပ်မိပါသည်။။။။။

၃၀-၃-၂၀၂၀။