Breaking News

မောင်လူပေ - ကိုရိုနာက အမေရိကားကို ထိပ်ဆုံးပို့လိုက်ပြီ (၃၀/၀၃/၂၀)


မောင်လူပေ - ကိုရိုနာက အမေရိကားကို ထိပ်ဆုံးပို့လိုက်ပြီ (၃၀/၀၃/၂၀)

(မိိုးမခ) မတ် ၃၁၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စုကား ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှု ကမ္ဘာ့နံပါတ်တစ်နေရာမှာ အပြတ်အသတ်ဗိုလ်စွဲနေဆဲ။

လူဦးရေအားဖြင့် တရုတ်ပြည်ထက် ငါးဆနည်းသော်လည်း ရောဂါသည်အရေအတွက်မှာ ခဏအတွင်း တရုတ်ကိုကျော်တက်ကာ နှစ်ဆမျှများလာပြီး တစ်သိန်းခွဲခန့်ရှိလာသည်။ ကုသမှုနိုင်နင်းနေသေး၍သာ သေဆုံးမှုက လျှော့နည်းနေခြင်းဖြစ်၏။ ဒါတောင်မှ သုံးထောင်နီးပါး အသက်ဆုံးခဲ့ရပြီဖြစ်၏။ နောက်နှစ်ပတ်အတွင်း ကူးစက်မှုအမြင့်ဆုံးသို့ ရောက်မည်ဟု မှန်းထားသဖြင့် ယခုထက် များစွာ ကူးစက် သေဆုံးမည် ဖြစ်သည်။

ပြည်နယ်အလိုက် ကူးစက်ခံရမှုတွင် နယူးယော့ခ်ပြည်နယ်က ခြောက်သောင်းခွဲကျော်ကူးစက်၍ တစ်ထောင့်နှစ်ရာကျော်သေဆုံးခဲ့ရပြီ။ တရက်အတွင်း တစ်ရာ့ငါးဆယ်ကျော်သေဆုံးခဲ့ရသည်။



ကယ်လီဖိုးနီးယားပြည်နယ်က ကူးစက်ခံရမှုတွင် နံပါတ်လေးဖြစ်ပြီး ကူးစက်ခံရသူခြောက်ထောင်ကျော်ရှိပြီး တစ်ရာ့သုံးဆယ်ကျော်သေဆုံးခဲ့ရပြီ။

နယူးယော့ခ်နှင့် ကယ်လီဖိုးနီးယားတို့ကိုယှဉ်ကြည့်ပါက စောလျှင်စွာကာကွယ်နိုင်မှုက မည်မျှအရေးကြီးသည်ကို သိနိုင်သည်။ နယူးယော့ခ်သည် တားဆီးဖို့ နောက်ကျခဲ့သည့်အတွက် ကူးစက်မှုက လျှင်မြန်ခြင်းဖြစ်၏။ ရေတပ်ဆေးရုံသင်္ဘောကြီး ကွန်ဖေါ့ USNS Comfort ကြီးလည်း ရောက်ရှိလာပြီဖြစ်ကာ ကုသမှုပေးနေပါသည်။

ကြိုတင်ကာကွယ်ရန်အတွက် အိမ်မှာနေဖို့အမိန့်ကို ဧပြီလကုန်အထိ တိုးရန် ကယ်လီဖိုးနီးယားပြည်နယ်က ကြေညာဖို့ရှိသည်။ အခြားပြည်နယ်များလည်း ထပ်မံသက်တမ်းတိုးကြမည်။ အမေရိကန်တို့၏ လေးပုံသုံးပုံဖြစ်သော သန်းနှစ်ရာကျော်သည် အိမ်မှာနေရန် အမိန့်အောက်တွင် နေထိုင်နေရသည်။



ပြီးခဲ့သည့် လေးရက်အတွင်း ဆေးရုံတက်ရသည့်လူနာ နှစ်ဆတိုးသလို အထူးကြပ်မတ်ခန်း ICU လူနာလည်း သုံးဆတိုးလာသည်ဟု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာသည်။ ရေတပ်ဆေးရုံသင်္ဘောကြီး မာစီ USNS Mercy လည်း LA ရောက်လာပြီဖြစ်ကာ ကုသမှုစတင်ပါပြီ။ ယခုထက်ပို၍ လူနာတွေအဆမတန်တိုးလာပါက ဘောလုံးကွင်း၊ ဘေ့စ်ဘောကွင်းစသည်တို့ကို ကုတင်ငါးသောင်းအထိ တိုးချဲ့ယာယီဆေးရုံများအဖြစ် အသွင်ပြောင်းရန် ပြည်နယ်စောင့်တပ်အကူအညီယူမည်ဆို၏။ အငြိမ်းစား၊ လိုင်စင်သက်တန်းကုန်၊ ကျောင်းတက်ဆဲစသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံးကိုလည်း ရောဂါကုသရေးတွင်ကူညီကြရန် တိုက်တွန်းထားသည်။ လေရှူစက်အဟောင်းများကိုလည်း ပြန်လည်ပြင်ဆင်သုံးဖို့ အလှူခံနေသည်။

ဗိုင်းရပ်ကြောင့် စီးပွားရေးအခြေအနေများ အထိနာနေသဖြင့် ကုမ္ပဏီစုစုပေါင်း၏ ထက်ဝက်နီးပါးက အလုပ်သမားများလျှော့ရန် ရှိနေပါသည်။

ကိုရိုနာအလားအလာ -

အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်ကြောင့် ငါးရာကျော်သေဆုံးပါတယ်။ သေဆုံးမှုမြင့်လာပါတယ်။

ဒီနေ့ကနေ နောက်ဆယ်ရက်အကြာဆိုရင် နယူးယောက်ပြည်နယ်မှာ တစ်ရက်အတွင်း ရှစ်ရာနီးပါးသေဆုံးမယ်လို့ ခန့်မှန်းတယ်။

ဒီနေ့ကနေ နှစ်ဆယ့်ငါးရက်အကြာဆိုရင် ကယ်လီဖိုးနီးယားပြည်နယ်မှာ တစ်ရက်အတွင်း တစ်ရာကျော်သေဆုံးမယ်လို့ ခန့်မှန်းတယ်။ ဧပြီလလယ်ကနေ လကုန်ခါနီးလောက်အတွင်း အမြင့်ဆုံးရောက်ပြီးမှ ပြန်ကျလာမယ်။

နွေရာသီမှာ ရောဂါဟာ ခဏငြိမ်သက်သွားပြီး ဆောင်းဦးရာသီ fall ရောက်တဲ့အချိန်မှာတော့ ဒုတိယအကြိမ်ပြန်လည်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။