Breaking News

စစ်ကောင်စီက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံတော့မှာလား၊ မဲဆောက်မြို့မှာ မြန်မာအတိုက်အခံ အချို့ ဖမ်းဆီးခံရ

မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၂ မြင်ကွင်း

(မိုးမခ) မတ် ၂၃၊ ၂၀၂၃


စစ်ကောင်စီက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံတော့မှာလား၊ မဲဆောက်မြို့မှာ မြန်မာအတိုက်အခံ အချို့ ဖမ်းဆီးခံရ 

၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဦးရေ ၁ ထောင်ဝန်းကျင်ကို ပထမဆုံးအကြိမ်ပြန်လက်ခံဖို့ စစ်ကောင်စီက ခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီးအဆင့်ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထိ သွားရောက်ကာ ပြန်လာဖို့ စာရင်းပေးသွင်းထားသူတွေကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့တာတွေ ရှိခဲ့ပြီး မကြာခင်ရက်ပိုင်းမှာ စာရင်းပေးသွင်းထားသူ အချို့ပြန်လာကြမယ့် သဘောမျိုးမြင်တွေ့နေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်ခြင်း သုံးနှုန်းခြင်း မပြုသလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲ ပြန်လာတဲ့အခါမှာလည်း နကိုနေထိုင်ခဲ့တဲ့ ဒေသ၊ ကျေးရွာမှာ ပြန်နေထိုင် လုပ်ကိုင်စားသောက်ခွင့် ရ/ မရ တိတိကျကျ မသိကြရပါဘူး။ NLD အစိုးရ လက်ထက်ကတည်းက ပြန်လည်လက်ခံရေး စခန်းတွေ ဆောက်လုပ်ထားပြီး အဆိုပါ စခန်းတွေမှာ လအနည်းငယ် နေထိုင်ရမယ်လို့ စစ်အာဏာမသိမ်းမီ အန်အယ်လ်ဒီလက်ထက် ကြိုးစားခဲ့တဲ့ ပြန်လည်လက်ခံရေး အစီအစဥ်တွေမှာ ဖေါ်ပြခဲ့ဖူးတာ ဖြစ်ပါတယ်။

သန်းဂဏန်းနီးပါးအထိ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက်တွေ အနက် ဒုက္ခသည်ဦးရေ ၁ ထောင်ဝန်းကျင်ကို ပြန်ခေါ်ယူဖို့ကြိုးစားခြင်းဟာ အရေအတွက်အားဖြင့်ကြည့်ရင် နှိုင်းယှဥ်ပြောဆိုစရာ မကောင်းလောက်အောင် သေးငယ်လွန်းတဲ့ပမာဏ ဖြစ်ပါတယ်။ အခု စာရင်းပေးသွင်းထားသူ ဦးရေ ၁၀၀၀ လက်ခံပြီးခဲ့ရင် နောက်ထပ် ဘယ်လောက်လက်ခံမှာလဲဆိုတဲ့ အချက်တွေလည်း ရှင်းရှင်းလင်းလင်း မရှိသေးသလို နောက်ထပ် စာရင်းပေးသွင်းမှုတွေ ရှိလာမလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ 

မဝေးသေးတဲ့ နှစ်ကာလက စစ်တပ်က ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင် မဟုတ်တဲ့ အရပ်သား အစုလိုက်အပြုံလိုက်ကို သတ်ဖြတ်ခဲ့မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေအတွက် ဘယ်သူမှာ တိတိပပ အရေးယူမခံရသလို ဘယ်တာဝန်ရှိသူကမှလည်း တောင်းပန်ခြင်း အပြစ်ပေးခံရခြင်း မရှိသေးစဥ်မှာ အခုလို ဒုက္ခသည်အချို့ ပြန်ဖို့ အစီအစဥ်ကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာမှာ သံတမန်ရေးအရ ဖယ်ကြဥ်ခံထားရတဲ့ စစ်ကောင်စီအနေနဲ့ အခုလို ပြန်လက်ခံခြင်းကို ၄င်းတို့လက်ထက်မှာ လုပ်ဆောင်နိုင်တယ်လို့ ပြသဖို့ စိတ်အားထက်သန်နေတာ ထင်ရှားပါတယ်။ တနည်းအားဖြင့် သံတမန်ရေး နိုင်ငံတကာမှာ ဘာအသိအမှတ်ပြုမှုမှ မရရှိထားတဲ့ အခြေအနေမျိုးမှာ အခုကိစ္စကို အရေအတွက် ၁ ထောင်နဲ့ ဒုက္ခသည် ၁ သန်းနီးပါးက သဲတပွင့်နဲ့ တောင်ပမာဏလောက် အရေအတွက်အားဖြင့် မယှဥ်သာသော်လည်း အရည်အသွေးအားဖြင့် လက်ခံနိုင်တယ်ဆိုတာမျိုး လိုချင်တာ ထင်ရှားနေပါတယ်။ 

ဒုက္ခသည်တွေ ဘက်မှာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၆ နှစ်နီးပါး ကြာမြင့်လာပြီး ကျဥ်းကျဥ်းကျပ်ကျပ် နေရာတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်သလို လုပ်ကိုင်စားသောက်ဖို့ အခွင့်အရေး မရှိတာ၊ ပညာသင်ကြားဖို့ အခွင့်အရေးမရှိတဲ့ အနေအထားမှာ နောက်ထပ်နှစ်တွေ နဲ့ချီ ဆက်လက်မနေထိုင် လိုကြသူတွေ တနည်းအားဖြင့် ဒုက္ခသည်စခန်းရဲ့ အခက်အခဲ အကြပ်အတည်း အနေအထားက လွတ်မြောက်ချင်ကြသူ ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကနေ လွတ်မြောက်လို လွတ်မြောက်ငြား ပြန်လာဖို့ ဆုံးဖြတ်လိုက်ကြသူတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘယ်လိုပင်ဆိုစေကာမူ မြန်မာနိုင်ငံဘက်ပြန်လာမယ့် ရိုဟင်ဂျာဒုက္ခသည် တထောင်ဝန်းကျင်မျှ အရေအတွက်ကြောင့်တော့ ဒုက္ခသည်ပြဿနာ ပြေလည်ဖို့ လမ်းစပွင့်တယ်လို့ မဆိုနိုင်သေးဘူးလို့သာ အကဲဖြတ်ရမှာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေ နေထိုင်နေကြတဲ့  ၄ ထပ် အဆောက်အဦကို ထိုင်းရဲနဲ့ စစ်တပ်တွေ ဝင်ရောက် စစ်ဆေးကာ မြန်မာနိုင်ငံသား အချို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ဒရုန်း၊ စကားပြောစက်နဲ့ စစ်သုံးပစ္စည်းအချို့တွေ့ရှိခဲ့တယ်ဆိုပြီး ထိုင်းဘာသာနဲ့ ထုတ်လွှင့်တဲ့ သတင်းဌာနနဲ့ အင်္ဂလိပ်ဘာသာ ထိုင်းသတင်းဌာနအချို့မှာ ရေးသားဖော်ပြထားတာ တွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နိုင်ငံရေးအကြောင်းကြောင့် တိမ်းရှောင်ပြီး လာရောက်နေထိုင်သူ သောင်းဂဏန်းနဲ့ ရှိနေပြီး အချို့သော အရေအတွက်အနည်းငယ်ကတော့ တတိယနိုင်ငံတွေကို သွားရောက်ခဲ့တာ ဖြစ်သော်လည်း သောင်းဂဏန်းနဲ့ချီတဲ့ စစ်ကောင်စီ ဆန့်ကျင်သူ၊ စီဒီအမ် လုပ်လို့ ဝရမ်းထုတ်ခံရသူ၊ ဖမ်းဆီးခံရမယ့် အရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေ ရှိကြတာ ဖြစ်ပါတယ်။ 

အဲဒီလိုသူတွေ အားလုံးဟာ တရားဝင် အထောက်အထားလို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်နဲ့ လာရောက်တာမဟုတ်ကြဘဲ၊ ထိုင်းရဲ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးတို့က ဖမ်းဆီးစစ်ဆေးကြတဲ့အခါ လာဘ်ငွေထိုးပြီး လွတ်မြောက်အောင် ကြိုးစားကာ ဒီမြို့မှာပဲ ဆက်လက်နေထိုင်ကြရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ 

ဒီလို နေထိုင်ကြတဲ့ သူတွေ အထဲ မြန်မာနိုင်ငံထဲက လက်နက်ကိုင် အဖွဲ့တွေအတွက် ရံပုံငွေရှာဖွေပေးသူ၊ လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ ဝယ်ယူပို့ဆောင်ပေးသူ နဲ့ အဖွဲ့အစည်းတွေလည်း အများအပြားရှိနေကြတာ ဖြစ်ပါတယ်။ 

ဒီအနေအထားကို ထိုင်းရဲ၊ စစ်တပ်နဲ့ ထိုင်းအာဏာပိုင်တွေ အတိုင်းအတာတခုထိ သိရှိထားကြပြီး ဖြစ်ပါတယ်။ တဖက်မှာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားလိုတဲ့ ထိုင်းအစိုးရနဲ့ တဖက်မှာ အနောက်နိုင်ငံ မဟာမိတ်တွေရဲ့ တိုက်တွန်းမှု ၊ ပြောဆိုမှုကြောင့် မြန်မာ့အရေးမှာ အတိုက်အခံတွေကို ဖိနှိပ်ခြင်း ဖမ်းဆီးခြင်း ဒုက္ခသည်တွေ လုံးဝ ဝင်မလာနိုင်အောင် လုပ်ဆောင်ခြင်း မလုပ်ဖို့လည်း ထိုင်းအစိုးရအနေနဲ့ မူဝါဒ ချမှတ်လုပ်ဆောင်နေတဲ့ သဘောမျိုး တွေ့ရတာ ဖြစ်ပါတယ်။ မြန်မာ့ အတိုက်အခံ အင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မယ့် ထိုင်းနိုင်ငံအစိုးရရဲ့ ပေါ်လစီမူဝါဒ အပြောင်းအလဲ နိုင်ငံရေး အခြေအနေ အပြောင်းအလဲကို မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာထားသင့်တာ အမှန်ပင် ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar