Breaking News

ဆယ်ပေါင်တူ - ‘ကိုကြီး’ ကယ်မှဖြစ်တော့မည်

ဆယ်ပေါင်တူ - ‘ကိုကြီး’ ကယ်မှဖြစ်တော့မည်

(မိုးမခ) မတ် ၂၃ ၊ ၂၀၂၃


‘အင်းလေ …..ကူချင် ကယ်ချင်လို့ပဲ FDA ကထုတ်တဲ့ စားသုံးဖို့မသင့်တဲ့ အချိုရည်၊ ခေါက်ဆွဲ၊ပဲပြား၊ငရုတ်ဆီတွေ ပါတီ ဖေစ့်ဘွတ်ပေ့ဂျ့်မှာ တင်ပေးတာပေါ့’ ဟု ဆိုလာရင်တော့ လွဲနေပြီဟု ပြောရပါလိမ့်မည်။ ထိုအခါ အတွန့် ထပ်တက်ပြီး ‘ဒါဆိုရင်လည်း ကူချင် ကယ်ချင်လို့ ရွေးကောက်ပွဲ ဝင်မလို့ လုပ်‌နေတာကို ကြည့်လေ’ဟု ဆက်ပြောလာပြန်လျှင်လည်း လွဲပြီးရင်း ထပ်လွဲနေပြီဟု ပြန်ပြောရုံသာ ရှိတော့သည်။

အဘယ့်ကြောင့်ဆိုသော် ခေါင်းစဉ်တွင်ဖေါ်ပြထားသော ‘ကိုကြီး’သည် ပြည်သူချစ်သော ’ကိုကြီး’ကို ရည်ညွှန်းထားခြင်းသာ ဖြစ်၍ပင်။ ဘာ့ကြောင့် ပြည်သူချစ်သော’ကိုကြီး’လို့ ဆိုရပါသလဲဟု ထပ်မေးပါက ပြည်သူချဉ်သော ’ကိုကြီး’နှင့် ကွဲလွဲစေရန် ဟူ၍သာ တိတိကျကျ ပြန်ဖြေဆိုရပါလိမ့်မည်။ သို့သော် မတိမကျ ဖြစ်နေပြန်သည်က ဤ’ကိုကြီး’ဆိုသည့် အခေါ်အဝေါ်သည် ပြည်သူချစ်သော’ကိုကြီး’ကို အများက ရည်ညွှန်းခေါ်ဝေါ်လေ့ မရှိကြခြင်းကြောင့်ပင်။ မည်သို့ပင် ယခင်ကခေါ်ကြပါစေ ယခုမှာတော့ အမည်ပေးကင်ပွန်းတက်ပွဲ မလုပ်ရပဲနှင့် ဗြုန်း စားကြီး ‘ကိုကြီး’ ဖြစ်ခဲ့ရလေပြီ။

တဆက်တည်း ခေါင်းထဲဝင်လာမိသည်မှာ တခေတ်တခါက နာမည်ကြီးခဲ့သော ‘ချွဲချွဲနွဲ့နွဲ့ ခေါ်သူရယ် ကိုကြီးကိုကြီး’ ဆိုသည့် စတီရီယို တေးသီချင်းတပုဒ် ဖြစ်သည်။ လက်တွေ့မှာမူ ထိုသီချင်းကဲ့သို့မဟုတ်၊ ‘ဆောင့်ကြီးအောင့်ကြီး ခေါ်သူရယ် ကိုကြီးကိုကြီး’ ဒေါနဲ့မောနဲ့ခေါ်သူရယ် ကိုကြီးကိုကြီး’ဟု ပြောင်းဆိုရမလောက်အောင် မကျေနပ်မှုများနှင့် ပြစ်တင်ဝေဖန်မှုများပြုလုပ်ရင်း ‘ကိုကြီး’ဆိုသည့်နာမည်ကို ထပ်ခါတလဲ သုံးစွဲခဲ့ခြင်းပင် ဖြစ်သည်။

‘ကိုကြီး’အကြောင်း တိုင်တည်ပြောဆို လိုက်ဖ်လွှင့်သည်က တကဏ္ဍထား၊ ကြင်စိုးကိုယ့်ကိုယ်ကို ဘွဲ့ပေးသလိုမျိုး၊ သူမကိုယ်ကို ‘ပတ်ဘလစ် စပီကာ’ဘွဲ့ပြန်ပေးပြီး တနေ့တမျိုး မရိုးနိုင်အောင် စကားလုံးကြီးငယ်ဖြင့် အာရုံနောက် လာစေသည်မို့  ဤကိစ္စကို ဒီလိုသာ ဆက်ကြည့်နေကြတော့မှာလားဟု တွေးနေမိသည်။

တနိုင်ငံတည်းနေကြသူများ ဖြစ်နေလို့ ကူညီနိုင်ပါမည်လားဟု နီးစပ်ရာ အကြံဥာဏ် တောင်းမိသောအခါတွင်မူ အယ်ဒီတာမင်းများက ‘အရှေ့ခြမ်းဘက်ကမို့ပေါ့ကွာ၊ အနောက်ဘက်ခြမ်းကသာ ဆိုရင်တော့ မှတ်မှတ် သားသား ဖြစ်အောင်၊ ကျောင်းမှန်းကန်မှန်း သိအောင် ခေါ်ဆုံးမပြီးပြီ’ဟု ဟန်နှင့်မာန်နှင့် ပြောလေသည်။

လေသံကြားရသည်ကတော့ အားရှိစရာ၊ သို့သော် ပြောအပြီးမှာတင် ကြမ်းကြားလေကြားက မတော်တဆများ ကြားသွားပြီး ကလော်တုတ်ခံရတော့လေမည်လား ဆိုသည့် တောင်ကြည့်မြောက်ကြည့် စိုးထိတ်နေသည့် မျက်နှာ သွင်ပြင်များကို မြင်ရသည့်အခါမှာတော့ သဘောပေါက်ကာ ဆယ်ပေါင်တူ စိတ်လျှော့လိုက်မိသည်။

သည့်အတွက် ကဲ.. ရှိပါစေတော့ဟု စိတ်တုံးတုံးချကာ ဆယ်ပေါင်တူတယောက် ကိုယ့်အားကိုယ်ကိုးဖို့သာ ကြံစည်လိုက်သည်။ ကိုယ့်ဘာသာပဲ ပြောခဲ့သည်လား၊ တစုံတယောက်ကို လက်ဖက်ရည်တိုက်၍ ပြောခိုင်းခဲ့သည်လားတော့ သေချာမမှတ်မိ။ ခေါင်းထဲတွင် ကျန်နေသည်က ဆယ်ပေါင်တူသည် မိုးမခတွင် ဒုတိယ အတွေးအခေါ် အကောင်းဆုံးသူ ဖြစ်သည်ဆိုသည်ကိုပင်။ မိုးမခ၏ဂုဏ်ကို ထိန်းနိုင်ဖို့အတွက် ဤတာဝန်ကို ဆယ်ပေါင်တူ ကိုယ့်ဘာသာ ပခုံးပြောင်းယူမိသည်။

လက်တွေ့မှာတော့ ထိုကိစ္စသည် လွယ်ကူလှသည် မဟုတ်၊ မျက်စိဒုက္ခ၊ နားဒုက္ခ၊ စိတ်ဒုက္ခ အတော်ကြီးခံယူကာ မြို့ မေတ္တာခံယူသူ‘မကြီး’၏ အရည်မရအဖတ်မရ လိုက်ဖ်များကို ပြန်နားထောင်ရရှာသည်။ အော် ငါ့ဝဋ်ဒုက္ခကလည်း မသေးဟု တွေးမိကာ မျက်ရည်ပေါက်ပေါက်ကျမတတ်ဖြစ်ရင်း စာတပုဒ် ရေးသားဖို့ မည်ရွေ့မည်မျှ စိတ်ထောင်းကိုယ်ကြေ ကြိုးစားရသည်ကို စာဖတ်သူများကတော့ နားလည်လိမ့်မည်မထင်ဟုလည်း တွေးမိသည်။

‘တောက်မိမီးခဲ တရဲရဲ’ဟု ဆိုနိုင်မည့် မိုးမခ၏ ဒုတိယအတွေးအခေါ် အကောင်းဆုံးသူ၏ ဉာဏ်စွမ်းဉာဏ်စများ လေးပုံ တပုံခန့် သုံးပြီးသည့်အခါတွင်တော့ ဤပြဿနာကို မည်သို့ဖြေရှင်းရမည် ဆိုသည်က ဆယ်ပေါင်တူ့ ခေါင်း ထဲ လင်းခနဲ ဖြစ်သွားခဲ့သည်။

ကိုယ့်ကိုကိုယ်ပင် မယုံကြည်နိုင်အောင်ဖြစ်မိသည်။ တကယ်ဆို ပထမ အတွေးအခေါ်အကောင်းဆုံးသူပင် ဖြစ် သင့်သည်ဟူသော စိတ်ကလေး ပေါ်လာသော်ငြားလည်း မျက်နှာညိုသွားကြမည့် အယ်ဒီတာမင်းများကို မြင် ယောင်မိ၍ ထိုနေရာကို သူတို့အတွက် ဆက်ထားပေးလိုက်ပါသည်။

ထိုညက အိပ်မက်တောင် မက်မိသည်။ အံ့မခန်း ချီးကျူးစရာကောင်းလှသည်ဟုဆိုကာ ဉာဏ်ကြီးရှင် ဆယ်ပေါင် တူကို ကမ္ဘာ့ဖလား ဆွတ်ခူးအပြီး ‘မက်ဆီ’ကို သောင်းသောင်းဖြဖြ ချီးမွမ်းဂုဏ်ပြုကြသလို ဆယ်ပေါင်တူကို ဂုဏ်ပြုခံကားပေါ်တင်၍ ပွဲခံကြသည်။ ကားအောက်ဆီမှ လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် မရပ်မနား အားပေးသူများကို ကြည့်လိုက်တော့ မိုးမခဝိုင်းတော်သားများ ဖြစ်နေသည်ကိုတွေ့ရ၍ သူတို့ကိုလည်း ကားပေါ်သို့ အတင်းဆွဲတင်လိုက်သည်။

သူတို့သည်လည်း ဆယ်ပေါင်တူအတွက် တကယ့်ကို ဂုဏ်ယူနေကြသည်ပင်။ ဒါက ဆယ်ပေါင်တူတို့ကြားက ချစ် စရာကောင်းလှသည့် အလေ့အထပင်။ တယောက်နှင့်တယောက် မနာလိုခြင်း အလျဉ်းမရှိ၊ဆိုပါတော့ သူတို့ ဖာ သာ ကယ်လီဖိုးနီးယားတွင် စတုရန်း(၁၂.၇၅)မိုင် ကျယ်ဝန်းသည့် ကုန်စုံဆိုင်ကြီးဖွင့်နိုင်ရင်လည်း သူတို့၏ အောင်မြင်မှုအတွက် ဆယ်ပေါင်တူက မုဒိတာသာပွါးရုံသာ ရှိသည်။

ထို့အတူ ဆယ်ပေါင်တူက ကုမ္ပဏီ သုံးလေးခုဖွင့်ရင်လည်း သူတို့တွေက ဝမ်းပန်းတသာ ဖြစ်ကြပေမည်။ ဆယ် ပေါင်တူ ရုံးမှာ မရှိရင်တောင် ချောင်းပေါက်မတတ် လာလည်ကြမည့်သူများဖြစ်သည်။ တခုတော့ရှိသည် ဆယ် ပေါင်တူ၏ အတွင်းရေးမှူးမလေးများသည် ‘ဂျေလို’လိုလို ‘ ကင်မ်ကာဒီရှီရန်’လိုလို ဖြစ်နေဖို့တော့လိုသည်။

မနက်အိပ်ရာကထတော့ အပြီးသတ်အနေနှင့် ‘ကိုကြီး’စကားတွေနှင့် ကြီးပြင်းလာရသည်ဟု ပြောဆိုထားသူ၏ “NUG၏နာယက ဆိုတာ ‘ကိုကြီး’သာဆိုရင် ရင်ကျိုးပြီး ဘာဖြစ်သွားပါလိမ့်မည်“ ဆိုသည့်အချက်ကို သေချာ အောင် အပြန်ပြန် အထပ်ထပ် နားထောင်ပြီး မင်နီဖြင့် မှတ်ချက်ရေးသားလိုက်သည်။ ကြယ်ပွင့်များလည်း ပြထားလိုက်သည်။

ထို့နောက်မှာတော့ ဆယ်ပေါင်တူ၏ မဟာအကြံတော်အတွက် စာနှစ်စောင်ရေးဖို့ ပြင်ဆင်သည်။ပထမ တစောင် က NUG ထံသို့ ဖြစ်သည်။ တိုတိုပြောရလျှင် NUG၏ နာယက ရာထူးကို ဖန်တီးပေးဖို့ပင်။ သိပ်တော့ အခက်အခဲ ရှိမည်မထင်၊ မည်သည့်နိုင်ငံတွင်မှ အစိုးရ၏ နာယက ဆိုသည့် ရာထူးမျိုးထားရှိလေ့ မရှိသော်လည်း ရှင်းလင်း တင်ပြထားသည့် ဆယ်ပေါင်တူ၏ အကြံဥာဏ်ကို သဘောပေါက်မှာ သေချာသည့် NUG သည်လည်း သူတို့ အပါ အဝင် အများပြည်သူ နားဒုက္ခမှ ကင်းဝေးနိုင်စေဖို့ ထိုရာထူးကို စီစဉ်ပေးမည်ဟု ယုံကြည်ပါသည်။ လိုအပ်လျှင် ဆယ်ပေါင်တူက ပြည်သူ့ဆန္ဒထင်ဟပ်သည့် ပြည်သူ့အသံနားထောင်ပေးပါရန် လက်မှတ်ထိုးကင်ပိန်း ပြုလုပ် တောင်းဆိုပေးပါဦးမည်။

ဒုတိယစာကတော့ ပြည်သူချစ်သော ’ကိုကြီး’ ဆီသို့ဖြစ်သည်။ ဆယ်ပေါင်တူ ဥာဏ်ကွန့်မြူး စဉ်းစားထားသော မဟာအစီအစဉ်ကြီးတွင် ’ကိုကြီး’၏အခန်းကဏ္ဍသည် အလွန်အရေးကြီးလှသည်။ အကြောင်းမှာ NUGက နာယ က ရာထူး ဖန်တီးပေးသော်လည်း ‘ကိုကြီး’က ထိုနေရာ မယူလိုဟု ဆိုပြန်လျှင် ဆယ်ပေါင်တူ၏ အကြံဥာဏ် အ ထမမြောက်တော့။ပြည်သူချစ်သော’ကိုကြီး’သည် ရာထူးဌာနန္တရ မက်မောသူမဟုတ်မှန်း ပြည်သူများ နည်းတူ ဆယ်ပေါင်တူ ကောင်းစွာ သဘောပေါက်ပါသည်။ သို့သော် ပြည်သူများ စိတ်ဒုက္ခကင်းဝေးစေဖို့အတွက် ဤ ရာထူးကို မဖြစ်မနေ ‘ကိုကြီး’ယူပေးပါရန် အနူးအညွတ် တောင်းဆိုချင်ပါသည်။

‘ကိုကြီး’အနေဖြင့် ဆန္ဒမရှိလျင် နာယကအဖြစ် ရေရှည်တာဝန်ထမ်းဆောင်စရာ မလိုပါ။ လိုက်ဖ်ကို စေ့စပ် သေချာစွာ နားထောင်ခဲ့သည့် ဆယ်ပေါင်တူ၏ မှန်းဆချက်အရဆိုလျှင် ‘ကိုကြီး’ NUG နာယက ဖြစ်သွားပြီ ဖြစ် ကြောင်း တိုင်းသိပြည်သိ ကြေညာလိုက်သည်နှင့် စက္ကန့်ပိုင်း၊မိနစ်ပိုင်း၊နာရီပိုင်းအတွင်းမှာပဲ ရင်ကျိုးကာ ‘ဟိုဒင်း ဟိုဝှါ’ ဖြစ်သွားပါလိမ့်မည်။

သို့ရာတွင် ဆေးပညာ အထူးတိုးတက်ကောင်းမွန်သော နိုင်ငံဖြစ်၍ ‘အဝှါ’ဖြစ်သွားမှန်း သေချာပြီဆိုမှသာ ‘ကိုကြီး’ ရာထူးမှ နှုတ်ထွက်ပေးစေလိုပါသည်။ မိုးမခ၏ဒုတိယ စာဖတ်အားအကောင်းဆုံး၊ ဒုတိယ အတွေးအခေါ် အ ကောင်းဆုံး၊ ဒုတိယအိုင်ကျူအမြင့်ဆုံးသောသူ၏ တွေးခေါ်အားထုတ် အဖြေရှာထားခြင်းပင် ဖြစ်လင့်ကစား ‘ကို ကြီး’ ကသာ ဤရာထူးကို မယူခဲ့ရင်တော့ ဘာမျှ အရာမထင်၊ ခဲလေသမျှ သဲရေကျရပါလိမ့်မည်။ သို့အတွက် ရင် ကျိုးပြီး အမှန်တကယ် ‘အဝှါ’ပြုသွားပြီ ဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုသည်အထိတော့ NUG၏ နာယက အဖြစ် ‘ကိုကြီး’ လုပ်ပေးစေလိုပါသည်။

ထို့ကြောင့် ‘ကိုကြီး’ကယ်မှ ဖြစ်ပါလိမ့်မည်။ ’ကိုကြီး’ကယ်မှ ဖြစ်ပါတော့မည်။ ’ကိုကြီး’ကယ်မှဖြစ်‌တော့မည်ဟုသာ အားနာသည့်ကြားက အကြိမ်ကြိမ် အခါခါ တောင်းဆို ရေးသားလိုက်ရပါသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar