Breaking News

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြားက ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၉ မြင်ကွင်း

(မိုးမခ) မတ် ၂၀၊ ၂၀၂၃


မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြားက ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ

၂၀၁၂ ခုနှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးစုမတူတဲ့ အစုအဖွဲ့တွေအကြား ပဋိပက္ခ ပြဿနာဟာ အရေးကိစ္စဟာ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတွေမှာ ဆက်လက်ဖြစ်ပွားပြီး ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဆက်လက်ဖြစ်ပွားခဲ့ကာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရဲကင်းတွေကို ပစ်ခတ်တိုက်ခိုက်ရာက ရိုဟင်ဂျာ အရပ်သား ထောင်နဲ့ချီတဲ့ အရေအတွက်တွေကို စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ နောက် ဒုက္ခသည်သိန်း၊ သန်းနဲ့ ချီ ပြီးအိမ်နီးချင်းနိုင်ငံဘက် ထွက်ပြေးခိုလှုံနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီဒုက္ခသည် ပြဿနာဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားက ကိစ္စ၊ ပြဿနာ သက်သက်သာ မဟုတ်တော့ပဲ နိုင်ငံတကာက အာရုံစိုက်ခံရတဲ့ ပြဿနာ၊ နိုင်ငံမဲ့ ဖြစ်သွားသူတွေ အဖို့ အသက်စွန့်ပြီး ပင်လယ်ပြင်ခရီးကို ထွက်ပြေးခိုလှုံရာရှာကြတဲ့ အဖြစ်အပျက်ကလည်း ကြားသိရသူအပေါင်းကို စိတ်ထိခိုက်စေတာ ဖြစ်ပါတယ်။ လူတသန်းနီးပါးရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ နှစ်နဲ့ချီပြီး ဒုက္ခသည်စခန်းမှာ နေထိုင်ကြရတဲ့ အခြေအနေမျိုးဖြစ်ပြီး ဒီလို အခြေအနေမျိုးဟာ ကမ္ဘာမှာ နှိုင်းစရာဆိုလို့ အရှေ့အလယ်ပိုင်းက ဆီးရီးယား လိုနိုင်ငံနဲ့သာ နှိုင်းယှဥ်စရာ ရှိတော့တာလည်း ဖြစ်ပါတယ်။ 

ဒီပြဿနာကို NLD လက်ထက်မှာ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အဖြေမထွက်နိုင်ခဲ့ပါဘူး။ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်သွားရသူတွေ အဖို့ နိုင်ငံသားဆိုင်ရာ အခွင့်အရေး ၊ နောက်နောင် အထက်ကလို ပဋိပက္ခတွေ ဖိနှိပ်မှုတွေ၊ သတ်ဖြတ်မှုတွေ ရှိလာဦးမလားဆိုတဲ့ စိုးရိမ်မှုကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စဟာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းသည်အထိ ပြေလည်ခြင်းမရှိခဲ့ပါဘူး။ 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ နဲ့ ပတ်သက်လို့ အိုင်စီဂျေ မှာ စွဲဆိုထားတဲ့ အမှုကိစ္စကိုလည်း စစ်ကောင်စီက ၄င်းတို့ ရင်ဆိုင်နေပြီး ရခိုင်ပြည်နယ်ကို ဒုက္ခသည်တွေ ပြန်လာရေးအတွက်လည်း တကြိမ်မက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

အခုရက်ပိုင်းမှာ စစ်ကောင်စီရဲ့ တာဝန်ပေးထားတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီး အပါအဝင် အခြားသော သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခနက် ဘက်ကို သွားရောက်ကာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး စာရင်းစိစစ်တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေထဲပါရှိပါတယ်။ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေး ဆွေးနွေးပွဲအတွက် မြန်မာစစ်အစိုးရမှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ယခုသီတင်းပတ်အတွင်း သွားရောက်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ကူညီပေးခဲ့ကြောင်း ကုလသမဂ္ဂ အရာရှိနှစ်ဦးက AFP သို့ ပြောကြားခဲ့ကြောင်း သတင်းများမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည် အရေအတွက် ၇ သိန်းကနေ ၉ သိန်းအကြားရှိတဲ့ အနေအထားမှာ ခေါ်ယူဖို့ စာရင်း စိစစ်နေတဲ့ အရေအတွက်က ၁ ထောင်မျှသော အရေအတွက်သာ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်း အရေအတွက် ကို ကြည့်ရင် စစ်ကောင်စီအနေနဲ့ ဒုက္ခသည်ပြဿနာကို အဖြေရှာဖို့ထက် ၄င်းတို့လက်ထက်မှာ ဒုက္ခသည်ပြန်ခေါ်ယူနိုင်တယ် ဆိုတဲ့ အချက်ကို ပြယုဂ်အဖြစ်သာ ပြချင်တယ်ဆိုတာ ထင်ရှားပါတယ်။ 

၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူတွေဟာလည်း အခု စစ်ကောင်စီကို ခေါင်းဆောင်နေသူတွေပဲ ဖြစ်ပြီး လူမျိုးရေး ဘာသာရေးခွဲခြားမှုတွေ အမုန်းတရားတွေ လှုံ့ဆော်နေသူတွေ၊ အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုတွေကို ထောက်ခံအားပေးသူ အဲဒီအင်အားစုတွေကို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချသူတွေဟာလည်း လက်ရှိစစ်ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စတင်တောက်လောင်ခဲ့တဲ့ လူမှုအသိုက်အဝိုင်းအကြားက အကြမ်းဖက် ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံဟာ လူမျိုးရေးဘာသာရေးအပေါ် အခြေခံတဲ့ အမုန်းတရား၊ ဘာသာရေး လူမျိုးရေး အစွန်းရောက်လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ၁၉၈၂ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေကိုယ်၌က နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာမှာ ပြဿနာ ရှိနေတာကို နိုင်ငံရေးရှုထောင့်အရ နားလည် လက်ခံဖို့လိုအပ်တာ ဖြစ်ပါတယ်။ 

ဒီအကြောင်းအရင်းတွေကို မဖြေရှင်းနိုင်ဘဲ ဒုက္ခသည်ပြဿနာဟာ ပြေလည်ဖို့ မလွယ်ကူသလို သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အိမ်နီးချင်းနိုင်ငံမှာ ကျပ်သိပ်နေတဲ့ မြေနေရာအတွင်း နှစ်နဲ့ချီ နေထိုင်ကြရတဲ့ အဖြစ်အပျက်ကလည်း လူသားချင်းစာနာမှု ရှုထောင့်ကကြည့်ကြည့် အခြား လူ့အခွင့်အရေး ရှုထောင့်ကကြည့်ကြည့် ဘယ်လိုမှ ဖြစ်သင့်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ 

မြန်မာ့ ဒီမိုကရေစီအရေး အဖြေရှာနိုင်မှ ရိုဟင်ဂျာ ဒုက္ခသည်အရေး ပြေလည်မယ်ဆိုတဲ့ အယူအဆ နဲ့ ပြဿနာအားလုံး ဖြေရှင်းသင့်တဲ့ ပြဿနာတွေ တပြိုင်ထည်း အဖြေရှာကြရမယ်ဆိုတဲ့ အယူအဆလည်း ရှိနေတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar