Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၇ )

(မိုးမခ) မတ် ၂၀၊ ၂၀၂၃


20/3/23

Diary in the darkness

ဒီမနက် ကျောင်းသားဟောင်း သူငယ်ချင်းတွေနဲ့ တာမွေ လက်ဘက်ရည်ဆိုင်မှာ ချိန်းထားလို့ စောစောထ သွားဖြစ်တယ်။ ကျောင်းသားဟောင်း ၁၅ ယောက်လောက်ဆုံဖြစ်တယ်။ ဒီလက်ဘက်ရည်ဆိုင်မှာ ကျောင်းသားဟောင်းတွေ မဆုံဖြစ်တာ နှစ်နှစ်နီးပါးရှိပြီ။ တချို့ ကိုဗစ်နဲ့ ဆုံးသွားလို့ မလာနိုင်တော့ပါ ဘူး။ သူငယ်ချင်းအားလုံး အသက် ၆၀ ကျော် ၇၀ ကျော်တွေပါ။ နာမည်နဲ့ အတန်းတွေ ကျောင်းတက်ခဲ့တဲ့  ခုနှစ်တွေ ကိုပြန်မိတ်ဆက်နေရတယ်။ ငယ်ငယ်က ကျောင်းပြေးတဲ့ အကြောင်းတွေ ၊ စာမရလို့ အရိုက်ခံခဲ့ရတဲ့ အကြောင်းတွေ ပြန်ပြောဖြစ်ကြတယ်။ ထူးခြားတာက တစ်ယောက်နဲ့ တစ်ယောက် ကူညီရိူင်းပင်း တဲ့ စိတ်အခြေခံနဲ့ ပြန်လည်ဆုံတွေ့ကြတာမို့ ပျော်စရာကောင်းပါတယ်။ 

နောက်တော့ မနေ့က ရုရှားသမ္မတ ပူတင်ကို ICC ကဖမ်းဝရမ်းထထုတ်တဲ့ အကြောင်းရောက်သွားပါတော့ တယ်။ ဒီသတင်းက လက်ဖက်ရည်ဆိုင်တွေမှာ ထိပ်တန်းသတင်းဖြစ်နေပါတယ်။  ထင်မြင်ချက် အမျိုးမျိုး ဝေဖန်ချက်အဖုံဖုံ နဲ့ စိတ်အားထက်ထက်သန်သန် ပြောနေကြပါတယ်။ ကျနော် စိတ်ဝင်စားမိတာက တရုတ်က ရုရှားသမ္မတ ပူတင်နဲ့ တွေ့မယ်လို့ ကြေညာပြီးခါမှာ ပူတင်ကို အခုလို ဖမ်းဝရမ်းထုတ်လိုက်တဲ့ အတွက် တရုတ်က ပူတင်ကို သွားတွေ့ဖို့ ဖြစ်နိုင်ပါ့မလား၊ တရုတ်ရဲ့ အကျိုးစီးပွားဗဟိုပြု ခြံစည်းရိုးခွထိုင်ရေးလမ်းစဥ်က အလုပ်ဖြစ်ပါတော့မလား။ တရုတ်နဲ့ အမေရိကန် အကျိုးတူလုပ်ရပ်မှာ မြန်မာ့အရေးနဲ့ ယူကရိန်း အရေးကို ဘယ်လို အလဲအထပ် လုပ်ထားကြမလဲ။ တနေ့ကတော့ မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တွေက တရုတ်နဲ့ အတူရှိနေပြီ ဖြစ်ကြောင်း တရုတ်ရဲ့ ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ရေးကို လက်ခံကြောင်းကြေညာခဲ့ပါတယ်။

ညနေ အိမ်ပြန်ရောက်တော့ သူငယ်ချင်းတစ်ယောက်က ဆောင်းပါးတစ်စောင်ပို့လို့ ဖတ်လိုက်ရပါတယ်။ ဧရာဝတီမှာ သက်ထားမောင် ရေးသားတဲ့ ဆောင်းပါးပါ။

https://burma.irrawaddy.com/opinion/viewpoint/2023/03/18/258719.html

ဒီဆောင်းပါးကို ကျွန်တော် နားလည်သလောက် အနှစ်ချုပ်ပြန်ပြောရင် တရုတ်က မြောက်ပိုင်း တိုင်းရင်းသားတွေနဲ့ စစ်တပ်ကြား ကြားဝင်စေ့စပ်ရေးလုပ်ပြီးနောက်ပိုင်းမှာ မြန်မာအာဏာရှင်စစ်တပ် ဟာ ကရင်၊ ကယား၊ ချင်း၊ နဲ့ မြန်မာပြည်အလည်ပိုင်း က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ဖိတိုက်ဖို့ အခွင့်အရေးရသွားကြောင်း အထောက်အထားတွေအပြည့် အစုံနဲ့ ရေးသားထားတဲ့ ဆောင်းပါးပါ။ ဆိုလိုချင်တာက မြန်မာစစ်တပ်ဟာ တနိုင်ငံလုံးငြိမ်းချမ်းရေးကို ဘယ်တော့မှ အလိုမရှိကြောင်း ပြသလိုက်တာဖြစ်သလို တရုတ်ရဲ့ သူ့ခြံစည်းရိုးလုံခြုံရေးကိုသာ အာရုံပြုနေမှုဟာ မြန်မာပြည်သူများ အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးကို ဘယ်လိုမှ အထောက်အကူမပြုဘူးဆိုတာကို မီးမောင်းထိုးပြလိုက်တယ်လို့ ကျွန်တော်နားလည်လိုက်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ပြီးချိန်မှာ မနက်က ကျွန်တော့် သူငယ်ချင်းတွေပြောတဲ့ မကြာမီ တရုတ်စီးပွားရေး ကုမ္ပဏီတွေ မြန်မာပြည် ကိုကိုလာတော့မယ် ဆိုတဲ့သတင်းတွေ၊ မြဝတီမှာ နယ်ခြားစောင့်တပ်တွေနဲ့ ဥပဒေမဲ့ လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်သူဌေးတွေ ၊ တရားမဝင် လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရတဲ့ မြန်မာနိုင်ငံက လူငယ်တွေ အကြောင်း သတင်းတွေကို ဆက်တိုက်တွေးမိလာပါတယ်။ 

မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ်  စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပြီး တရုတ်က သူ့ခြံစည်းရိုးကိုသာ အမြင်ကျဥ်းကျဥ်းနဲ့ ဂရုစိုက်နေမယ်ဆိုရင် တနည်းအားဖြင့် မြန်မာပြည်သူတွေရဲ့ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးကို မျက်ကွယ်ပြုနေမယ်ဆိုရင် မြန်မာပြည်သူတွေနဲ့ NUG ဟာ ပိုမိုသွေးစည်းသွားရုံသာမက ကမ္ဘာ့ သံသမန် စစ်မျက်နှာမှာ မြန်မာပြည်အရေး ထိပ်တန်းကို ရောက်လာမှာပါ။

သံတမန်စစ်မျက်နှာမှတဆင့် စီးပွားရေးစစ်မျက်နှာ ယဥ်ကျေးမှုစစ်မျက်၊ လက်နက်ကိုင် စစ်မျက်နှာတွေကို တဆင့်ပြီးတဆင့် တိုးချဲအောင်ပွဲ ခံနိုင်မယ်လို့ မျှော်လင့် မိပါတယ်။ 

အခုတော့ ကျွန်တော့်အိမ်ဘေးက ငါးပေပတ်လည် ချဥ်ပေါင်ခင်းကလေးကို ဘေးအိမ်က ကြက်တွေ လာမယက်အောင် ကာကွယ်ဖို့ သားရည်ကွင်း လေးဂွကလေး တလက်လောက် လုပ်ရပါဦးမယ်။ ချည်ပေါင် ပင် သုံးပင်ကို ငါးရာ ကျပ်ပေးနေရပြီလေ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar