Breaking News

သီအိုဇော် - ကိုယ့်ဂိုးကိုယ်သွင်း၍ ကိုယ့်ကြိုးကွင်း ကိုယ်ကျစ်သော ‘ပူတင်’နှင့် ‘မာရီယာ’

သီအိုဇော် - ကိုယ့်ဂိုးကိုယ်သွင်း၍ ကိုယ့်ကြိုးကွင်း ကိုယ်ကျစ်သော ‘ပူတင်’နှင့် ‘မာရီယာ’

(မိုးမခ) မတ် ၂၀ ၊ ၂၀၂၃


ရုရှားတို့ရဲ့ ယူကရိန်းကျူးကျော်စစ်တလျှောက်မှာ စစ်ရာဇဝတ်မှု၊ ဂျီနိုဆိုဒ်၊ လူသားမျိုးနွယ်အပေါ်  ရာဇဝတ်ကျူး လွန်မှု ဆိုတာတွေဟာ ပလူပျံနေခဲ့တာပါ။စွပ်စွဲမှုများ ငြင်းဆိုမှုများ တဘက်နဲ့တဘက်ကြား  တွေ့မြင်ကြရပါ တယ်။

‘အိုင်စီစီ’ (International Criminal Court)က ရုရှားသမ္မတ ‘ပူတင်’နဲ့ သမ္မတရဲ့ ကလေးသူငယ်ဆိုင်ရာ ကော်မရှင်နာ ‘မာရီယာ’(Maria Lvova-Belova)ကို ယူကရိန်းကလေးတွေအပေါ်  တရားလက်လွတ် နေရာပြောင်းရွှေ့ ခေါ် ဆောင် မှုများ ပါဝင်ပတ်သက်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများအတွက် ဖမ်းဝရမ်းထုတ်လိုက်တဲ့ အကြောင်းက နိုင်ငံ တကာ သတင်းမီဒီယာမှာ ခေါင်းကြီးသတင်း ဖြစ်နေပါတယ်။

စွဲဆိုလို့ရနိုင်တာများစွာထဲက ဘာ့ကြောင့် ယူကရိန်းကလေးငယ်တွေနဲ့ ဆက်စပ်တဲ့ အမှုက ပထမဦးဆုံး ထွက်ပေါ် လာရသလဲ ဆိုရင်တော့ အမှုတည်ဆောက်ဖို့ သက်သေသက္ကာယတွေ အလျင်မြန်ဆုံး၊ အခိုင်မာဆုံး ရရှိတဲ့ အတွက်လို့ပဲ ပြောရပါလိမ့်မယ်။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ‘အိုင်စီစီ’ရဲ့ ဂုဏ်သိက္ခာကို ပြောစရာမရှိပေမယ့် ကြန့်ကြာမှုတွေ အတွက်တော့ နံမည်ကောင်း ရလေ့မရှိပါဘူး။ ဒီတကြိမ်ကတော့ မြန်တယ်လို့ အသိအမှတ် ပြု ရမယ့်အထဲ ပါပါတယ်။

ဒီယူကရိန်းကလေးများ ရုရှားကို ခေါ်ဆောင်တဲ့ကိစ္စကို ရုရှားတို့ဘက်က သိပ်ကွယ်ဝှက်မထားခဲ့ပါဘူး။နိုင် ငံတကာမှာ အဘက်ဘက်က မျက်နှာပျက်နေရတဲ့ ရုရှားဟာ လူသားချင်း စာနာထောက်ထားမှုနဲ့ စိတ်ကောင်း စေတနာထားမှုတွေကို ပြသလိုဟန်တူပါတယ်။ စစ်ဘေးဒဏ်သင့်နေတဲ့ ယူကရိန်းကလေးငယ်တွေကို ပြန်လည် နေရာချထားပေးတာကအစ ရုရှားမှာမွေးစားခွင့်ပြုတာ၊ ရုရှားပတ်စ်ပို့စ် ထုတ်ပေးတာတွေကို မီဒီယာမှာ လျှို့ဝှက်မထားဘဲ ပြောဆိုကြပါတယ်။

‘မာရီယာ’က ဒီအချက်တွေကို သူမရဲ့ တယ်လီဂရမ်ချန်နယ်အပါအဝင် သတင်းမီဒီယာများမှာ ဖေါ်ပြလေ့ရှိပါ တယ်။ သူမကိုယ်တိုင် ‘မာရီယူပိုလ်း’(Mariupol)မြို့က ယူကရိန်းကလေးတယောက်ကို မွေးစားထားပါတယ်။ ‘ပူ တင်’ရဲ့ ရုံးခန်းထဲမှာ ဒီလိုအကြောင်းအရာတွေ ဆွေးနွေးကြတာကိုလည်း တီဗီချန်နယ်တွေမှာ ထုတ်လွှင့် ပြသခဲ့ ဖူးပါတယ်။ ပုံရိပ်မြှင့်တင် ဝါဒဖြန့်လိုမှု ရည်ရွယ်ချက်က ထင်သာမြင်သာ ရှိပါတယ်။

ဒီနေရာမှာ သူတို့လျှော့တွက်ခဲ့တာ ဒါမှမဟုတ် အလေးမထားခဲ့တာက နိုင်ငံတကာက သဘောတူလက်ခံ ထား ချက်များနဲ့ စံနှုန်းစံထားများကိုပါ။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ‘ဖိလစ်ပို ဂရန်ဒီ’(Filippo Grandi)ရဲ့  ပြောကြားချက်ကို  အရင်ဖေါ်ပြလိုပါတယ်။

‘စစ်မက်ဖြစ်ပွါးနေတဲ့အချိန်မှာ ကလေးတွေမှာ မိသားစုရှိသေးလား၊အုပ်ထိန်းသူရှိလား ဆိုတာ သတ်မှတ်ဖို့ မ ဖြစ်နိုင်ဘူး။ ဒါကြောင့် ဒါကိုကွဲကွဲပြားပြားမသိနိုင်သေးခင် တခြားနိုင်ငံသား ဖြစ်သွားစေတာမျိုးဒါမှမဟုတ် တ ခြားမိသားစုက မွေးစားစေတာမျိုး မလုပ်နိုင်ဘူး’။ ဒီပြောဆိုချက်က ‘ပူတင်နဲ့ မာရီယာ’တို့ရဲ့ လုပ်ဆောင်ချက် မှန် ကန်၏ မမှန်ကန်၏ ဆိုတာကို မီးမောင်းထိုးပြပါတယ်။

ဥပဒေကြောင်းအရရော ဘယ်လိုရှိနိုင်ပါသလဲ။ ‘အိုင်စီစီ’ရဲ့ အမှုလိုက်ရှေ့နေချုပ် ‘ကာရင်ခန်း’(Karim Khan)ရဲ့ ကလည်း ဒီလိုလုပ်ဆောင်ချက်များနဲ့ပတ်သက်လို့ ‘နိုင်ငံတကာဥပဒေက ဒီလို ဥပဒေမဲ့ပြောင်းရွှေ့တာမျိုးကို တားမြစ်ထားတယ်။ တကယ်လိုအပ်လို့ လုပ်ခဲ့ရရင်တောင် ယူကရိန်းနိုင်ငံက အကျယ်ကြီး၊ ယူကရိန်းထဲမှာပဲ နေရာရွှေ့ပြောင်းလို့ရတယ်။ ဂျီနီဗာ ကွန်ဗင်းရှင်းအရလည်း ကြားနေတတိယနိုင်ငံကို ပြောင်းပေးနိုင်တယ်’ဆိုပြီး ရုရှားတို့ရဲ့ ဆောင်ရွက်ချက်ကို လူသားချင်းစာနာထောက်ထားမှု စစ်စစ်အဖြစ် ပြောလို့မရနိုင်တဲ့ သဘောထားမျိုး ပြောထားပါတယ်။

‘ယေးလ်တက္ကသိုလ်’က ဖေဖော်ဝါရီလတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရဆိုရင် ရုရှားတို့က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ကောက်ချက်ချနိုင်ပါတယ်။ ယူကရိန်းကလေးတွေအတွက် ပြန်လည်ပညာပေးရေး စခန်းတွေဖွင့်ပြီး ရုရှားယဉ်ကျေးမှု အပါအဝင် နိုင်ငံရေးသတင်းစကားတွေ ရိုက်သွင်းပေးတဲ့နေရာ ဖြစ်နေပါတယ်။ စစ်လေ့ကျင့်ရေးသင်တန်းတခုမှာ သေနတ်ပစ်သင်ကြားနေတဲ့ ဓာတ်ပုံထဲက ယူကရိန်းကလေးရဲ့ ယူနီဖောင်း အင်္ကျီလက်မောင်းမှာ ‘ရုရှား’အလံက ညာဘက်၊’ချေချင်းညှာ’ အလံက ဘယ်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ ယူကရိန်း ကလေးတွေကို ရုရှားနိုင်ငံထဲ ခေါ်ယူသွားတာ သဘောရိုးနဲ့မဟုတ်ဘူးလို့ ကောက်ချက်ချစရာတွေ အစီရင်ခံစာမှာ အများကြီးပါပါတယ်။

တကယ်တမ်းက ဂျီနိုဆိုဒ် တားဆီးရေးနဲ့ ပြစ်ဒဏ်ချမှတ်ရေး ကွန်ဗင်းရှင်း (၁၉၄၈) အပိုဒ်(၂)ရဲ့ ငါးချက်မြောက် ဖွင့်ဆိုချက်အရ ဆိုရင် အုပ်စုတခုကနေ နောက်တခုသို့ ကလေးသူငယ်များကို အင်အားသုံးပြောင်းရွှေ့ခြင်းဟာ ဂျီနိုဆိုဒ် မြောက်ပါတယ်။ တဘက်နဲ့တဘက် ဥပဒေကြောင်းအရ အငြင်းပွားကြတာတွေ ဆက်ရှိနိုင်ပေမယ့် ဒီအမှု ဘယ်လောက်အထိ ကြီးသွားနိုင်သလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ 

အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ထားခြင်းမရှိတဲ့ ‘အိုင်စီစီ’ကို အင်အားကြီးနိုင်ငံတခုခုရဲ့ လွှမ်းမိုးခြယ်လှယ်မှု့အောက် ရောက်နေတယ်လို့ပြောလို့မရသလို သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ တရားရုံးတခုအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတာက အထင်အရှားပါ။ ဒီအမှုဟာ အမှုများစွာအနက် ပထမဦးဆုံး စွဲချက်တင် ဝရမ်းထုတ်ထားတာလို့ ‘ကာရင်ခန်း’က ပြောထားပါတယ်။ မြန်မြန်ဆန်ဆန် ဖြစ်လာရတဲ့အချက်တွေထဲမှာ အခု ကိုးကား ပြောဆိုနေကြတဲ့ နိုင်ငံတကာက လေးစားမှုရှိတဲ့ ‘ယေးလ်တက္ကသိုလ်’အပါအဝင် အခြားအဖွဲ့အစည်း သ တင်းရင်းမြစ်များဆီကရရှိတဲ့ ခိုင်မာတဲ့ သက်သေ အ‌ထောက်အထားများကြောင့်လို့လည်း ဆိုရပါမယ်။ လှို့ ဝှက် ပြီး ရရှိထားတဲ့အချက်တွေ ပါရှိသလို ‘ပူတင်’နှင့် ‘မာရီယာ’တို့ မီဒီယာအာရုံစိုက်မိလာစေဖို့ လွတ်လွတ်လပ်လပ် ဖွင့်ဟပြောဆိုထားတာတွေကလည်း အဖိုးမဖြတ်နိုင်တဲ့ သက်သေခံပစ္စည်းတွေ ဖြစ်ခဲ့ပါပြီ။

‘အိုင်စီစီ’ဝရမ်းထုတ်မှုအပေါ်  ကြိုဆိုတုံ့ပြန်မှုများစွာ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ အချို့က ‘အိုင်စီစီ’ရဲ့ စီ ရင်ပိုင်ခွင့်အာဏာ၊ လုပ်ထုံးလုပ်နည်း၊ အဖွဲ့ဝင်မဟုတ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားတွေကို ချိန်ထိုး စဉ်းစားကြပြီး ‘ပူတင်’ကို ပြစ်ဒဏ်စီရင်ချမှတ်နိုင်ဖို့ အလားအလာ အပေါ်  စိတ်အားထက်သန်မှု သိပ်မပြကြတာ၊ ရုရှားနဲ့ မိတ်ဖက်များကလည်း ပေါ့ပြက်ပြက် သဘောထား တမင်ပြကြတာမျိုးတွေရှိပါတယ်။ ဒီလိုရှုထောင့်ရှိသူများအတွက် ထောက်ပြလိုတာတခုက ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ ရည်ရွယ်ချက်က ကျူးလွန်သူတရားခံကို ထိုက်သင့်တဲ့ အ ပြစ်ပေးရုံသက်သက်ပဲ မဟုတ်၊ အလားတူပြစ်မှုမျိုး နောင်မှာ ထပ်ကျူးလွန်ကြခြင်းက လျော့နည်းသွားစေဖို့လည်း ရည်ရွယ်တယ် ဆိုတဲ့ အကြောင်းကိုပါ။

ရုရှား-ယူကရိန်း ပြဿနာကိုပဲ ဥပမာအနေနဲ့ ကြည့်ကြပါစို့။ ၂၀၁၄ ခုနှစ် ရုရှားတို့ ယူကရိန်းကို ပထမအကြိမ် ကျူး ကျော်ခဲ့စဉ်က အလားတူ အိုင်စီစီရဲ့ တုန့်ပြန်အရေးယူမှုတွေရှိခဲ့ရင် ရုရှားတို့ ဒုတိယအကြိမ် ထပ်ကျူးကျော်ဖို့ ခပ်လွယ်လွယ် စဉ်းစားခဲ့ကြပါ့မလား။ ကံသေကံမ ဘယ်သူမှ မဖြေဆိုနိုင်ပေမယ့် တွန့်ဆုတ်ခြင်းများ ရှိနေနိုင်တယ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။

ဥပဒေတရပ်ဟာ အပြစ်ပေးဖို့အပြင် တားမြစ်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ ထပ်စဉ်းစားကြည့်ကြပါဦးမယ်၊ ’အိုင်စီဂျေ’ရောက်နေတဲ့ ရိုဟင်ဂျာ အမှုကိစ္စဟာ ကနဦးအခြေအနေသာ ရှိသေးတယ်လို့ ဆိုနိုင်ပါတယ်။ဒါပေမယ့် ဒီလို အနေအထားမှာတောင် အကြမ်းဖက်စစ်တပ်က အလားတူ ပြစ်မှုမျိုး ရိုဟင်ဂျာတို့အပေါ်  မိုက်မဲစွာ ထပ်ကျူးလွန်လာနိုင်ပါဦးမလား။ ဒါကိုလည်း ရာနှုန်းပြည့် အာမခံ မပြောကြားနိုင်ပေမယ့် အတိုင်းအတာတခုအထိ ဟန့်တားနိုင်တဲ့ အခြေအနေကို ရောက်နေစေတာကိုတော့ လက်ခံရပါလိမ့်မယ်။

ဒီအချက်တွေကို ထောက်ရှုရင် ‘အိုင်စီစီ’ရဲ့ ပူတင်ဖမ်းဝရမ်းဟာ အကျိုးသက်ရောက်မှု များစွာရှိနိုင်ပါတယ်။ အား လုံး နားရည်ဝနေကြပြီးဖြစ်တဲ့ ‘ရာဇဝတ်ဘေးပြေးမလွတ်’ဆိုတဲ့ စကားပုံ ရှိပါတယ်။ တကယ်တော့ ပြေးလို့ လွတ်နေခြင်း ဆိုတာက ဆုလာဘ်တပါး မဟုတ်ပါဘူး၊ အချိန်အတိုင်းအတာတခုအထိ လွတ်နေသေးတယ် ဆိုရင်တောင်မှ လွတ်အောင်ရှောင်ပြေးနေရတယ် ဆိုတဲ့ဘဝက  ထိုသူများအတွက် အိပ်မက်ဆိုးတခုပါပဲ။ အိပ်မက် ဆိုတာ ကိုယ် မက်ချင်သလို လုပ်ယူရရှိနိုင်တာမျိုး မဟုတ်ပါဘူး၊ဒါပေမဲ့ ‘ပူတင်’နှင့် ‘မာရီယာ’တို့ကတော့ သူတို့ အ တွက် အိပ်မက်ဆိုးများ သူတို့ကိုယ်တိုင် ဖန်တီးနိုင်ခဲ့ကြတယ်လို့ပဲ ပြောကြရတော့မှာပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar