Breaking News

မောင်လူမွှေး -ကြားနေပြည်သူ ဆိုတဲ့ အမြင်

မောင်လူမွှေး -ကြားနေပြည်သူ ဆိုတဲ့ အမြင်

မိုးမခ ၊ ဇွန် ၁၁ ၊ ၂၀၂၅


တော်လှန်ရေးကိုလည်း အမြင်အမျိုးမျိုးနဲ့ ကြည့်တတ်ကြသလို ကိုယ်မြင်တဲ့ အမြင်ကို ထုတ်ဖော်လာကြတာကိုလည်း တွေ့နေ၊ မြင်နေ၊ ကြားနေရပါတယ်။ လူတွေဟာ ကိစ္စတစ်ရပ်ကို အမြင်အမျိုးမျိုးနဲ့ ကြည့်တတ်ကြတာမို့ အမြင်တွေကွဲပြားနေတာလည်းအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချို့အမြင်တွေကို ရည်ရွယ်ချက်ရှိရှိတင်သွင်းသူတွေနဲ့ တင်သွင်းလာတဲ့ မီဒီယာတစ်ခုကိုလည်း မောင်လူမွှေး တွေ့မြင်လာရပါတယ်။

ရည်ရွယ်ချက်ရှိရှိ တင်သွင်းလာတဲ့ တော်လှန်ရေးနဲ့ပတ်သက်တဲ့အမြင်က "ကြားနေပြည်သူတွေ" ဆိုတဲ့အမြင် ဖြစ်ပါတယ်။ သူတို့ဟာ ကိစ္စတစ်စုံတစ်ရာဖြစ်ပွားခဲ့ရင် "ကြားထဲက ပြည်သူတွေနစ်နာတယ်" ဆိုတဲ့ အမြင်မျိုးကို ပြောဆို၊ တင်သွင်းလေ့ရှိကြတာကို တွေ့ရပါတယ်။

တကယ်တော့သူတို့ဟာ "ပြည်သူကို တော်လှန်ရေးကနေ ခွဲထုတ်ပြီး တော်လှန်ရေးအင်အားစုတွေကတစ်စု၊ ပြည်သူက တစ်စု၊ စစ်တပ်က တစ်စု" ဆိုပြီး အုပ်စုသုံးခုခွဲကာ စစ်အာဏာရှင်တော်လှန်ရေးကို အားယုတ်လာအောင် ကြိုးပမ်းကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းတော့ တစ်နိုင်ငံလုံးက ပြည်သူတွေ ညီညွတ်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ စစ်တပ်က ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်လို့ လူငယ်တွေဟာ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှဖြစ်တော့မယ်ဆိုပြီး တော်လှန်တိုက်ခိုက်ကြရင်း ဒီလိုအခြေအနေကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတော့ PDF တွေဟာ ပြည်သူက မွေးထုတ်ပေးလိုက်တဲ့ စစ်အာဏာရှင်တော်လှန်ရေး တပ်ဖွဲ့တွေပဲ ဖြစ်ပါတယ်။

"ပြည်သူသာအမိ၊ ပြည်သူသာ အဖ" ဆိုတဲ့ စကားကို အားလုံးသိကြပါတယ်။ ပြည်သူကို ကြားနေလူတန်းစားအဖြစ် ပုံဖော်နေတာဟာ လေးနှစ်ကျော်အရွယ် PDF တပ်ဖွဲ့တွေကို အမိ၊ အဖမဲ့အောင် လုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ဗျူဟာတစ်ရပ်ဖြစ်တယ်ဆိုတာ မောင်လူမွှေးတို့ ပြည်သူတွေအနေနဲ့ သဘောပေါက်ကြရမှာဖြစ်ပါတယ်။

တကယ်တော့ တော်လှန်ရေးကြီးတစ်ရပ်ဆင်နွဲကြတဲ့အခါ နစ်နာမှုဆိုတာ ရှိစမြဲဖြစ်ပါတယ်။ နစ်နာမှုတွေကြုံရတဲ့အခါ ခံစားကြရပါတယ်။ "ကြားနေလူတန်းစားအမြင်" ကို တင်သွင်းလာသူတွေဟာ ပြည်သူတွေ ဒဏ်ရာဒဏ်ချက်နဲ့ ခံစားရခိုက်ကို အခွင့်ကောင်းယူပြီး တော်လှန်ရေးကို ပုံဖျက်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လူမှုလုပ်ငန်းတွေကို စိတ်ဝင်တစား လုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးနဲ့ တွေ့တော့ " နစ်နာတာကတော့ ကြားထဲက ပြည်သူတွေပေါ့" လို့ မောင်လူမွှေးကို မိန့်ပါတယ်။ မြို့တွေမှာသာ ထွန်းကားလေ့ရှိတဲ့ ကြားနေဝါဒ၊ ကြားနေလူတန်းစား အမြင် ဟာ မောင်လူမွှေးတို့ ဇနပုဒ်ထိတောင် ပျံ့နှံ့နေပါပြီလားလို့ သိလိုက်ရပါတယ်။

ကုသိုလ်နဲ့ အကုသိုလ်၊ ကောင်းမှုနဲ့ မကောင်းမှု နှစ်ခုဟာ တစ်ခုဖြစ်ရင်ဖြစ်၊ နှစ်ခုရဲ့ကြားထဲမှာဆိုတာမရှိဘူးလို့ ဆရာကြီး ဦးရွှေအောင်ရဲ့ ကုသိုလ်နဲ့ အကုသိုလ် စာအုပ်မှာ မောင်လူမွှေး ဖတ်ဖူးပါတယ်။ ဓမ္မနဲ့ အဓမ္မ၊ တရားမှုနဲ့ မတရားမှုနှစ်ခုကြားမှာလည်း ဘာမှမရှိနိုင်ဘူးလို့ မောင်လူမွှေးယုံကြည်ပါတယ်။

တိုင်းပြည်ရဲ့ အာဏာကို ကိုယ်ကျိုးစီးပွားအတွက် လက်နက်အားကိုနဲ့ သိမ်းထားတာဟာ မတရားမှုဖြစ်တယ်။ ကျေးရွာ၊ ဆေးရုံ၊ စာသင်ကျောင်းက ကလေးတွေပါမကျန် ဗုံးကြဲ သတ်ဖြတ်နေတာဟာ မတရားမှုဖြစ်တယ်။ ဒါတွေကို ဆန့်ကျင်တော်လှန်နေတာဟာ မတရားမှုကို ဆန့်ကျင်တော်လှန်နေတာဖြစ်တယ်။ အဓမ္မတရားကျင့်သုံးနေတဲ့သူတွေကို ဓမ္မတရားလက်ကိုင်ထားသူတွေက  လက်သင့်ခံလေ့မရှိပါဘူး။ 

စစ်ကောင်စီလက်အောက်မှာ နေတဲ့သူဖြစ်ဖြစ်၊ တော်လှန်ရေးနယ်မြေမှာ နေတဲ့သူဖြစ်ဖြစ် သူတို့ရဲ့စိတ်ထဲမှာ ဘက် တဖက်ဖက်ကိုတော့ အနည်းနဲ့ အများ အားပေးနေကြမှာပဲ ဖြစ်တယ်။ စိတ်ဟာကြားနေလို့မရပါဘူး။ ဒီတော့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ဖို့ ကြိုးစားနေတဲ့သူတွေရဲ့ ကြားနေလူတန်းစားဆိုတာလည်း မရှိပါဘူး။ 

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ကာကွယ်ပေးနေတဲ့ ကြားနေအမြင်တွေနဲ့ တော်လှန်ရေးအင်အားယုတ်အောင် လုပ်ဆောင်မှုတွေကို ပြည်သူတွေနားလည် သဘောပေါက်အောင် နီးစပ်ရာစွမ်းနိုင်သူတွေက ရှင်းလင်းပြောဆိုဆွေးနွေးကြဖို့ မောင်လူမွှေး တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar