Breaking News

ကြံ့ခိုင်ရေးပါတီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ပြိုင်ဆိုင်မှုဆိုတာ အမှန်တကယ်လား

May be an image of one or more people

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၄ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၁၅ ၊ ၂၀၂၆ 

 

ကြံ့ခိုင်ရေးပါတီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ပြိုင်ဆိုင်မှုဆိုတာ အမှန်တကယ်လား

ခုလဆန်းမှာကတည်းက ကျင်းပဖို့ လျာထားခဲ့ရာက သီတင်းပတ်အနည်းငယ် အချိန်ရွှေ့ပြီး ကျင်းပခဲ့ရတဲ့ ကြံ့ခိုင်ရေးပါတီ ညီလာခံနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေက စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတဲ့ အနေအထားမျိုး သတင်းသုံးသပ်ချက်တွေ ရေးသားနေကြတာ တွေ့မြင်နေရတာပါ။

အမှန်တကယ်ပဲ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိ စစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်အကြား အားပြိုင်မှုတွေ ရှိနေတာပါလား။ အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေ အနေနဲ့ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အားပြိုင်ရဲကြပါရဲ့လား။ သူတို့မှာရော စစ်တပ်ကို စည်းရုံးနိုင်တဲ့ ကြိုးဆွဲနိုင်တဲ့ အနေအထားမျိုး ရှိနေကြပါရဲ့လား ဆိုတာ သုံးသပ်ကြည့်သင့်ပါတယ်။

သတင်းမီဒီယာတွေက ကြံ့ခိုင်ရေးပါတီထဲက အချို့သော သတင်းရင်းမြစ်တွေကို ကိုးကားပြီး ခုလက်ရှိကျင်းပတဲ့ ပါတီညီလာခံမှာ ပါတီခေါင်းဆောင်ပိုင်း ပြန်ရွေးချယ်မယ့် လူနေရာချတာနဲ့ ပတ်သက်လို့ သမ္မတရာထူး ရယူထားသူ မင်းအောင်လှိုင်နဲ့ ပါတီရဲ့ လက်ရှိခေါင်းဆောင်တွေ အကြား သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် ပါတီညီလာခံရက်ကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ ရေးသားနေကြတာ တွေ့ရပါတယ်။

အဲဒီလို သတင်းသုံးသပ်ချက်တွေ ရေးသားကြရာမှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့ သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ မီဒီယာက အမည်ပေးကြတဲ့ သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချတဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဥ်ပြီးလည်း ရေးသားနေကြတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ်က ဖြုတ်မချခင် ဖြစ်ပျက်ခဲ့တဲ့ နောက်ခံ အခြေအနေတွေက အခု လက်ရှိ အခြေအနေတွေနဲ့ မတူညီပါဘူး။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီးနောက် ၂၀၁၁ ခုနှစ် မတ်လအတွင်း အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြီးအကဲတွေ နေရာချထားတဲ့ အချိန်မှာ သူရဦးရွှေမန်းက သမ္မတရာထူး မရခဲ့ဘဲ လွှတ်တော်ဥက္ကဋ္ဌ ရာထူးနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ အမြင့်ဆုံး ရာထူးနေရာ လိုချင်တဲ့ ရည်မှန်းချက်က ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အကြား ကြံ့ခိုင်ရေး ကြီးစိုးတဲ့ လွှတ်တော်ကို အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ပခုံးချင်းယှဥ်လာခဲ့တာ ၃ နှစ် ကျော် ၄ နှစ်ကာလအတွင်း အဖြစ်အပျက်များစွာက သက်သေပြခဲ့ပါတယ်။ အခြေခံဥပဒေခုံရုံးကိစ္စ၊ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်နဲ့ ဝန်ကြီးချုပ်ဦးသိန်းအောင်တို့ အားပြိုင်မှုတွေက သူရဦးရွှေမန်း နဲ့ ဦးသိန်းစိန်တို့ အကြား အားပြိုင်မှုတွေ တောက်လျှောက်ရှိခဲ့ရာက သူရဦးရွှေမန်းက လွှတ်တော်ထဲ ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ရင်းနှီးလာတဲ့ အကြောင်းတွေအပေါ် အခြေပြုပြီး သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ မီဒီယာတွေ ခေါ်ဆိုကြတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူးကနေ ဦးရွှေမန်းကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် တပ်ကပို့တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အများအပြား ချန်ထားတဲ့တဲ့ အဖြစ်အပျက်ကလည်း သူ့ကို ပါတီဥက္ကဋ္ဌ အဖြစ်က ဖယ်ရှားဖို့ လတ်တလော တွန်းအားပေးလိုက်တဲ့ အကြောင်းတရပ် ဖြစ်နိုင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဦးသိန်းစိန်၊ ဦးရွှေမန်း၊ တပ်ဘက်မှာ မင်းအောင်လှိုင် စတဲ့ သူတွေကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေရာချပြီး နိစ္စဓူဝ စီမံခန့်ခွဲမှုတွေနဲ့ မူဝါဒပိုင်းတွေမှာ ဝင်မပါတော့တာကြောင့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန်အကြား အားပြိုင်မှုတွေ အုပ်စုဖွဲ့မှုတွေ ဖြစ်ပေါ်လာခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။ တနည်းပြောရရင် အာဏာရှင်ဟောင်း ဖြစ်သူ သန်းရွှေက လက်လွှတ်ပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

အခု ၂၀၂၆ ခုနှစ် အခြေအနေမှာ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်၊ အစိုးရ အဖွဲ့တို့အကြား ဘာအားပြိုင်မှုမှ ရှိနေပုံမရပါဘူး။ ယခင် ဥက္ကဋ္ဌဟောင်း ဦးသန်းဌေး အစား ဦးခင်ရီကို တာဝန်ပေးတာတွေကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တဦးထည်း သဘောနဲ့ ရွေးချယ်မှုတွေသာဖြစ်ပြီး အဲဒီကာလက တပ်မှာ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုချုပ် စိုးဝင်းအနေနဲ့ ဘာမှ ပါဝင်ဆုံးဖြတ်တာ ပြောဆိုခွင့်ရှိတဲ့ လက္ခဏာတွေ မတွေ့ကြရပါဘူး။

ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်အကြား သော်လည်းကောင်း၊ ကြံ့ခိုင်ရေးနဲ့ အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်အကြားမှာ သော်လည်းကောင်း ဘာသဘောထားကွဲလွဲမှုမှ ရှိနေတဲ့ လက္ခဏာမတွေ့ရပါဘူး။ အချို့သော သတင်းမီဒီယာတွေမှာ ဖော်ပြနေကြတဲ့ သတင်းနဲ့ အာဘော်အမြင် သုံးသပ်ချက်တွေမှာ ကြံ့ခိုင်ရေး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ဖို့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတို့လို ရာထူးတာဝန် ခွဲဝေလျာထားရာမှာ မင်းအောင်လှိုင်နဲ့ ကြံ့ခိုင်ရေး ခေါင်းဆောင်တွေအကြား အဝေမတည့်မှုတွေ ရှိနေတယ်ဆိုပြီး မီဒီယာ အချို့က ဖော်ပြကြတာလည်း တွေ့ခဲ့ရပါတယ်။

သို့ပေမဲ့ လက်တွေ့မှာ အဲဒီလို အနေအထားဖြစ်နိုင်ခြေ အလွန်နည်းတဲ့ အနေအထားလို့ ယူဆရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးနောက် ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ် ကုန်အထိ ကာလတွေမှာ ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ အပြည့်အဝ မရှိခဲ့ရင်တောင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစတစနဲ့ ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်ရဲ့ စီမံမှုအောက် သြဇာအောက်ကို ပိုပြီး ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခုလက်ရှိ ကြံ့ခိုင်ရေးပါတီဟာ  ၂၀၁၁-၂၀၁၅ ခုနှစ်တွေကာလက ကြံ့ခိုင်ရေး ပါတီလို ၄င်းတို့အမြင်တွေကို ထုတ်ဖော်ပြောဆိုခွင့်၊ သဘောထားကွဲလွဲခွင့် မရှိတော့တဲ့ အနေအထားရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းသလို စစ်ခေါင်းဆောင်က ရာထူးအမျိုးမျိုး အနေအထားအမျိုးမျိုးကို ၄င်းဖန်တီးချင်သလို ဖန်တီးပြီး ခင်းကျင်းခဲ့တာ ပြီးခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်လုံးလုံး ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်က ကြံ့ခိုင်ရေးပါတီနဲ့ လွှတ်တော်မျိုးလည်း မဟုတ်တော့ဘဲ တသွေးတသံ တမိန့်အောက်က ကြံ့ခိုင်ရေးပါတီသာ ဖြစ်ပါတယ်။

ဒီလို အနေအထားမှာ ကြံ့ခိုင်ရေးပါတီနဲ့ စစ်ခေါင်းဆောင်အကြား အားပြိုင်မှု ရှိနေတယ်ဆိုတဲ့ သတင်းအစအနတွေကို လွှင့်ထုတ်လာခြင်းဟာ ကြံ့ခိုင်ရေးပါတီ ညီလာခံကို လူစိတ်ဝင်စားအောင် လုပ်တဲ့ ရည်ရွယ်ချက် သို့မဟုတ် အချို့သော ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေက စိတ်ဓာတ်စစ်ဆင်ရေး အနေနဲ့ ပြည်ပအခြေစိုက် မီဒီယာတွေကို အသုံးချခြင်းသာ ဖြစ်နိုင်ပါတယ်။

ဒီအကြောင်း ရေးသားနေရင်း စက်တင်ဘာ မွန်းလွဲပိုင်းမှာတော့ ကြံ့ခိုင်ရေးပါတီညီလာခံမှာ ဥက္ကဋ္ဌအဖြစ် လက်ရှိ တာဝန်ယူနေသူ ဦးခင်ရီကိုပဲ ပြန်လည်ရွေးချယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သတင်းမီဒီယာတွေ ခန့်မှန်း သုံးသပ် ရေးသားကြသလို သန်းခေါင်ယံ အာဏာသိမ်းမှုလည်း ဖြစ်စရာ မရှိသလို ဦးခင်ရီ နေရာမှာလည်း ဘယ်သူနဲ့မှ အစားထိုးတာ မရှိဘဲ လက်ရှိ အခင်းအကျင်းအတိုင်းသာ ဆက်လက်ရှိနေဦးမှာ သေချာတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar