လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၁၁)
လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၁၁)
မိုးမခ ၊ စက်တင်ဘာ ၂၀ ၊ ၂၀၂၆
(၁၇-၈-၂၀၂၆) နေ့ဟာ တရုတ်ပြည်ရဲ့ သမ္မတအဖြစ် ၁၉၉၃-၂၀၀၃ အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျန်းစစ်မင် (၃၀-၁၁-၂၀၂၂၊ အသက် ၉၆ နှစ်တွင် ကွယ်လွန်) ရဲ့ အသက်ရာပြည့် မွေးနေ့ပါ။ အဲဒီနေ့ကို အထိမ်းအမှတ်ပြုပြီး အခုလက်ရှိ ခေါင်းဆောင်များက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီးထဲမှာ အခမ်းအနား တစ်ရပ် ကျင်းပခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့ပါတယ်။
အဲဒီ မိန့်ခွန်းဟာ အဓိကအားဖြင့် ရဲဘော် ကျန်းစစ်မင်ရဲ့ မွန်မြတ်ကြီးကျယ်လှတဲ့ ဘဝကို ဘက်ပေါင်းစုံက ထောက်ပြထားပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ အလွန် တာဝန်ကျေပွန်ခဲ့တဲ့ ပါတီဝင်ကောင်း တစ်ယောက်၊ ပါတီခေါင်းဆောင် တစ်ယောက်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲသလို ပြောဆိုရာမှာ ဒီလို အကြောင်းအရာ တစ်ခု ပါပါတယ်။
"ရဲဘော် ကျန်းစစ်မင်ဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကို နယ်ပယ်ပေါင်းစုံမှာ ကဏ္ဍသစ်များစွာကို တီထွင်ထိုးဖောက်ပေးပြီး ပြည်သူလူထုရဲ့ ဘဝကို အတော်အသင့် ဖွံ့ဖြိုးချမ်းသာလာစေခဲ့ပါတယ်၊ ဒီလိုနည်းနဲ့ တရုတ်လက္ခဏာဆောင်တဲ့ ဆိုရှယ်လစ်စနစ် ချီတက်ရာ အရေးတော်ပုံကြီးကို ထိန်းသိမ်းပေးရုံမက၊ (၂၁) ရာစုအတွင်း အောင်အောင်မြင်မြင် ဆက်လက်ချီတက်နိုင်ရေးအတွက်လည်း အလွန်ကြီးမားတဲ့ ထာဝစဉ် ဥဒါန်းတွင်ရစ်မယ့် ကောင်းမှုများကို ပြုပေးခဲ့သူ ဖြစ်ပါတယ်။" တဲ့။
ဒီစကားစုရဲ့ အဓိပ္ပာယ်ကို ဖော်ကြည့်ရအောင်ပါ။
ကမ္ဘာပေါ်က ကုလသမဂ္ဂဝင် နိုင်ငံပေါင်း (၁၉၄) နိုင်ငံ ရှိရာမှာ ကွန်မြူနစ်ပါတီများ အာဏာရထားတဲ့ နိုင်ငံ (၅) နိုင်ငံပဲ ရှိပါတယ်။ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ကျူးဘားနဲ့ လာအို တို့ဖြစ်ကြပါတယ်။ သူတို့ တစ်တွေဟာ သူတို့ရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ သူတို့ နိုင်ငံတွေမှာ "ဆိုရှယ်လစ် တည်ဆောက်ရေး လုပ်ငန်း" တွေကို အားသွန်ခွန်စိုက် လုပ်နေကြရာမှာ (အခုအချိန်ထိတော့) တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်ဟာ အအောင်မြင်ဆုံးလို့ ပြောနိုင်ပါတယ်။ တရုတ်ပြည်မှာ (၂၀၂၀) ကစလို့ သူ့နိုင်ငံသား သန်းပေါင်း (၁၄၀၀) ကို ဆင်းရဲတွင်းက ကယ်ထုတ်နိုင်ပြီး အတော်အသင့် ချမ်းသာကြွယ်ဝတဲ့ ဘဝတွေရောက်အောင် မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ နိုင်ငံရဲ့ စီးပွားရေးအင်အားကိုလည်း ကမ္ဘာ့ ဒုတိယ အင်အားကြီး နိုင်ငံအဖြစ်သို့ ရောက်စေနိုင်ခဲ့ပါတယ်။
ဒီတော့ တရုတ်ကွန်မြူနစ်ပါတီဟာ ဒီအောင်ပွဲကို ဘယ်လို ရယူနိုင်ခဲ့သလဲ။ တရုတ်ကွန်မြူနစ်ပါတီက ခေါင်းဆောင် အဆက်ဆက်ဟာ သူ့တိုင်းပြည်နဲ့ လူမျိုးတွေရဲ့ အခြေအနေနဲ့ရော၊ လက်ရှိ ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ အခြေအနေနဲ့ပါ ကိုက်ညီတဲ့ သူတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို (မာ့က်စ်ဝါဒ အပေါ် အခြေခံပြီး) ရှာဖွေနိုင်ခဲ့လို့ ဖြစ်ပါတယ်။ တနည်းပြောရရင် အချိန်အခါနဲ့အညီ မာ့က်စ်ဝါဒကို တရုတ်မှုပြုနိုင်ခဲ့လို့ပါ။
တရုတ်ကွန်မြူနစ်ပါတီရဲ့ မော်စီတုန်း အမှူးပြုတဲ့ ပထမ မျိုးဆက် ခေါင်းဆောင်များဟာ မာ့က်စ်ဝါဒကို အခြေခံတဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို တရုတ်မှုပြုပြီး (ကျေးလက် အခြေခံ မြို့ကို ဝိုင်း) အစရှိတဲ့ မော် အတွေးအခေါ်များနဲ့ ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်ကြီးကို ချန်ကေရှိတ်ရဲ့ အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်စေခဲ့ပါတယ်။ မော်ရဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး လမ်းမှာ နေရာအတော်များများ (ဥပမာ - ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ) မှာ အောင်မြင်မှုများ အတော်အတန် ရခဲ့ပေမယ့် စီးပွားရေးက အားမရစရာ ဖြစ်နေပါတယ်။ ၁၉၆၆-၇၆ (၁၀) နှစ်တာ ကြာခဲ့တဲ့ ယဉ်ကျေးမှု တော်လှန်ရေး ကာလမှာတော့ စီးပွားရေးဟာ ချွတ်ခြုံကျသွားပါတော့တယ်။
၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန် အမှူးပြုတဲ့ ဒုတိယ မျိုးဆက် ခေါင်းဆောင်များဟာ အဲဒီ ကာလက အရှိန်အဟုန် မြင့်စွာ လည်ပတ်နေတဲ့ အရင်းရှင်စနစ်ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းလုံးကို စီးနိုင်ဖို့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကို ချမှတ်လိုက်ပါတယ်။ နိုင်ငံခြား (အရင်းရှင် နိုင်ငံများ) က အရင်းအနှီးတွေကို ဖိတ်ခေါ်လိုက်ပြီး တရုတ်ပြည်ရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ စမ်းသပ် လုပ်ကိုင်ခဲ့ပါတယ်။ တိန့်က ဒီလိုလည်း သတိပေးခဲ့ပါတယ်။
"တို့တတွေက ချောင်းတစ်ချောင်းကို စမ်းတဝါးဝါးနဲ့ ကျော်ဖြတ်နေရတာ။ အောက်က ကျောက်ခဲတစ်လုံးပေါ်မှာ ခြေတစ်ချောင်း မြဲမြဲရပ်နိုင်ပြီးမှ နောက်ခြေထောက်ကို လှမ်း။" တဲ့။
တိန့်ဟာ ဒီတံခါးဖွင့် ပေါ်လစီကို စတင် ဖော်ဆောင်ခဲ့ပေမယ့် ဒါကို တည်ငြိမ်အောင်နဲ့ ခိုင်မြဲတိုးတက်အောင် လုပ်ရမယ့် တာဝန်ဟာ ကျန်းစစ်မင် အမှူးပြုတဲ့ တတိယ မျိုးဆက် လက်ထဲ ရောက်လာပါတယ်။ (၂၀) ရာစုကုန်ခါနီး ကာလများမှာ ကမ္ဘာ့ကွန်မြူနစ် လှုပ်ရှားမှုအတွင်း အကြီးအကျယ် ရှုပ်ထွေးမှုတွေ ဖြစ်နေချိန်ပါ။
၁၉၉၁ ခုနှစ်မှာ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးရဲ့ ဦးဆောင်မှု အခန်းကို အနှစ် (၇၀) ကျော် ရယူနိုင်ခဲ့တဲ့ ဆိုဗီယက်ယူနီယံကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခဲ့ပါတယ်။
၁၉၈၉ မှာ တရုတ်ပြည်မှာလည်း တီအန်မင် အရေးအခင်းလို တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှု အခန်းကို စိန်ခေါ်လာတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ဒီတော့ တရုတ်ကွန်မြူနစ်ပါတီတွင်း (၁၉၇၈) ခုနှစ်က စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ ဆက်ကျင့်သုံး၊ မသုံး အငြင်းအခုံတွေ ဖြစ်လာနေပါတယ်။
အဲဒီအချိန် တရုတ်ကွန်မြူနစ်ပါတီတွင်းမှာ တိန့် အမှူးပြုတဲ့ ဒုတိယ မျိုးဆက် ခေါင်းဆောင်များ (အားလုံးနီးပါး အသက် (၇၀) ကျော်တွေ ဖြစ်နေတာ။) ဟာ သူတို့ကို ဆက်ခံမဲ့သူ တတိယ မျိုးဆက် ရွေးချယ်ဖို့ ပြင်ဆင်နေကြချိန်ပါ။
အဲဒီအချိန်က ဗဟိုအစိုးရတွင်းက ဒုဝန်ကြီးချုပ် လီဖုန်းကို လူဟောင်း ရဲဘော်ကြီးများက အတော် မျက်စိကျနေကြပါတယ်။ လီဖုန်းဟာ ပါတီရဲ့ ကျဆုံးသွားတဲ့ အာဇာနည် တစ်ယောက်ရဲ့ သား၊ ငယ်ငယ်လေးကတည်းက ယင်အန်း ရောက်လာပြီး အဲဒီကမှ မော်စကို ပညာတော်သင်အဖြစ် သွား၊ အင်ဂျင်နီယာအဖြစ် ပြန်လာ၊ အစိုးရအတွင်း အဆင့်အမျိုးမျိုးမှာ တာဝန်ထမ်းခဲ့သူ၊ ပါတီရဲ့ ငယ်မွေးခြံပေါက်။
နောက်ကြယ် တစ်ပွင့်အဖြစ် ထင်ရှားလာသူကတော့ ရှံဟဲက ပါတီ အတွင်းရေးမှူး ကျန်းစစ်မင်ပါ။ သူက တိန့်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေအောက်မှာ ရှံဟဲရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အတော် အောင်အောင်မြင်မြင် လုပ်နိုင်နေတာ တွေ့လာနေပါတယ်။ သိပ်အမှတ်ရသွားတာကတော့ ရှံဟဲ တက္ကသိုလ်ကျောင်းသားများရဲ့ လှုပ်ရှားမှုကို အချိန်တိုအတွင်း အေးအေးချမ်းချမ်း ဖြေရှင်းလိုက်နိုင်တာပါ။
၁၉၈၉ မှာ တိန့် အမှူးပြုတဲ့ ဗဟိုခေါင်းဆောင်ကြီးများက ကျန်းစစ်မင်ကို ပီကင်း ဗဟိုကို ခေါ်လိုက်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ခန့်အပ်လိုက်ပြီး လီဖုန်းကိုတော့ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးလိုက်ပါတယ်။ ဒီအတွဲဟာ တရုတ်ပါတီတွင်း သမရိုးကျသမားများနှင့် ပြုပြင်ပြောင်းလဲရေးသမားများအကြား ညီညွတ်ရေးကို ရရှိစေလိုက်ပါတယ်။
၁၉၉၂ ခုနှစ် တိန့်ရှောင်ဖိန်ရဲ့ တောင်ပိုင်း ခရီးစဉ်အပြီးမှာတော့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီဟာ အရှိန်အဟုန်ပြင်းစွာနဲ့ ဆက်လက် တိုးတက် ဖြစ်ထွန်းလာပါတော့တယ်။ ကျန်းစစ်မင် အမှူးပြုတဲ့ တတိယ မျိုးဆက် ခေါင်းဆောင်များဟာ ဒီကာလအတွင်း နေရာပေါင်းစုံမှာ လမ်းသစ်တွေ ထွင်ခဲ့ကြပါတယ်။ ကျန်းစစ်မင်ဟာ ရှံဟဲမှာ အလုပ်လုပ်နေစဉ်ကတည်းက သူ့လက်ရုံး တစ်ဦး ရှိခဲ့ပါတယ်။ (၁၂-၈-၂၀၂၆) နေ့က အသက် (၉၈) နှစ်မှာ ကွယ်လွန်သွားတဲ့ ကျူးရုန်ကျီးပါ။ (၁၉၉၁-၁၉၉၈) အထိ ဒုဝန်ကြီးချုပ်၊ (၁၉၉၈-၂၀၀၃) အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။
သူတို့ တစ်တွေရဲ့ လုပ်ဆောင်ချက်များထဲက အခုအချိန်မှာ အသီးအပွင့်တွေအဖြစ် မြင်လာနေရတဲ့ အချက်အချို့ကို ဥပမာအဖြစ် အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။
၁။ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ
နိုင်ငံတော်ပိုင် စက်ရုံ လုပ်ငန်းများ၊ ပိုင်ဆိုင်မှု စနစ်များကို ပြောင်းလဲခြင်း။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လက်ခံပြီး ဥပဒေများနဲ့ စနစ်တကျ ဖြစ်စေခြင်း။ အစုစပ်များနှင့် တစ်သီးပုဂ္ဂလိက ပိုင်ဆိုင်မှုများ အားပေးခြင်း။ ဖောင်းပွနေတဲ့ အလုပ်သမားများကို လျှော့ချလိုက်ပြီး "သံပန်းကန်လုံး" လို့ အမည်တွင်တဲ့ လုပ်ငန်းစနစ်ကို ဖျက်သိမ်းကာ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးသည့် အသေးစား စက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာရေးကို အားပေးခြင်း။
လယ်ယာလုပ်ငန်းမှာလည်း ကန်ထရိုက်စနစ် စတင်ကျင့်သုံးပြီး လယ်သမားများရဲ့ တက်ကြွစိတ်များကို မြှင့်တင်ပေးခြင်း စတာတွေကို တဖြည်းဖြည်း တိုးတိုး လုပ်ဆောင်ကြည့်ပါတယ်။
၂။ ဆိုရှယ်လစ် ဈေးကွက်စနစ်ကို စတင်တီထွင် လုပ်ဆောင်ခြင်း
အခုအခါ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ပထဝီနိုင်ငံရေး အခြေအနေများအလိုက် ဘဏ္ဍာရေးဆိုင်ရာ မတည်ငြိမ်မှုများ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုများနှင့် လူမှုရေး မငြိမ်မသက်မှုများ ပြင်းထန်နေချိန်မှာ တရုတ်ပြည်မှာတော့ အေးအေးချမ်းချမ်းနဲ့ စီးပွားရေး အရှိန်အဟုန်မပျက် တက်နေ (၂၀၂၅ တိုးတက်မှု ၅ ရာခိုင်နှုန်း၊ ကုန်သွယ်ရေး ပိုငွေ ဒေါ်လာ ၁.၃ ထရီလျံ) စတာတွေဟာ တရုတ်ပြည် ကျင့်သုံးနေတဲ့ ဆိုရှယ်လစ် ဈေးကွက် စီမံကိန်းကြောင့် ဖြစ်ပါတယ်။ ဆိုရှယ်လစ် နိုင်ငံတွေမှာ ကျင့်သုံးနေကျ စီမံကိန်းကျ စီးပွားရေးစနစ်ကို တရုတ်ပြည်က အရင်းရှင်စနစ်မှာ ကျင့်သုံးတဲ့ ဈေးကွက် စီးပွားရေး စနစ်နဲ့ ပေါင်းစပ် ကျင့်သုံးရာမှာ တဖြည်းဖြည်း အောင်မြင်လာပြီး ဒါကို "ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ်" လို့ ခေါ်ဆိုလိုက်တာပါ။ ဒီစနစ်မှာ ဗဟိုအစိုးရက အကြီးစား စီးပွားရေးမူတွေကိုပဲ ကိုင်တွယ်ပြီး ဒေသအလိုက် လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုပေးလိုက်တာပါပဲ။
၃။ နိုင်ငံတကာ နယ်ပယ် ဆက်ဆံရေးတွေမှာလည်း သဘောတရား အတွေးအခေါ်တွေထက် လက်တွေ့ အကျိုးစီးပွားတွေပေါ်မှာ မူတည်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပါတယ်။
ဥပမာ—
(က) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင်း ဝင်ရောက်မှု
တရုတ်က မိမိရဲ့ စီးပွားရေးစနစ်ကို အရင်းရှင်စနစ်အတွင်း ဝင်ရောက်ပြီး ယှဉ်ပြိုင်ရာမှာ အရင်းရှင်စနစ်ရဲ့ အားကောင်းချက်များကို လေ့လာ အသုံးချပြီး မိမိနိုင်ငံရဲ့ ဆိုရှယ်လစ်စနစ်ကို အားဖြည့် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ပြည်က အင်အားတောင့်တင်းလာမှုကြောင့် အဲဒီအဖွဲ့တွင်းက တရားမျှတမှု မရှိတဲ့ အချက်များကို ပြင်ဆင်ဖို့ ကြိုးစားလာရာမှာ ကမ္ဘာ့ တောင်ပိုင်း နိုင်ငံများရဲ့ ထောက်ခံမှုကို ရလာနေပါတယ်။
(ခ) ရှံဟဲ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
ဆိုဗီယက်ယူနီယံက ပြိုကွဲထွက်သွားတဲ့ နိုင်ငံလေးများနှင့် စုစည်းပြီး ရှံဟဲ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ရာမှာ စကတည်းက (၅) နိုင်ငံလေးပဲ ရှိပေမယ့် အခုအခါ (၂၇) နိုင်ငံ ပါဝင်တဲ့ ကမ္ဘာ့ တောင်ပိုင်း နိုင်ငံများရဲ့ လေးစားအားကျဖွယ် အဖွဲ့အစည်း တစ်ရပ် ဖြစ်လာနေပြီး ဝင်ဖို့ လျှောက်ထားသူတွေနဲ့ တန်းစီနေပါတယ်။
(ဂ) တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးကို ထိန်းသိမ်းလိုက်နိုင်မှု
၁၉၉၉ မှာ ယူဂိုစလပ် ဘဲလ်ဂရိတ်မှာ ရှိတဲ့ တရုတ်သံရုံးကို နေတိုးက ဗုံးကြဲရာမှာ တရုတ် သတင်းထောက် (၃) ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန် ဘက်က "မြေပုံ အညွှန်းမှားလို့ပါ" လို့ အကြောင်းပြပေမယ့် တမင်သက်သက် လုပ်တာလို့ တရုတ်နိုင်ငံက ယုံကြည်ပြီး အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တရုတ်နိုင်ငံ တစ်ဝန်း ပေါ်ပေါက်ခဲ့ပါတယ်။ တကယ်တော့ အမေရိကန်က လက်ယာဂိုဏ်း (နီယိုကွန်တွေ) က တရုတ်ကို ဒီအတိုင်း လွှတ်ထားပေးပြီး လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်ခွင့် မပေးချင်လို့ အမေရိကန်နဲ့ ဆက်ဆံရေးပျက်အောင် ရည်ရွယ်တာပါ။ အဲဒီကာလ အမေရိကန် သမ္မတ ကလင်တန်တို့က တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားနေတာပါ။ တရုတ်ပြည်က အမျိုးသားရေးစိတ်တွေ ထိပ်တက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ပြတ်တောက်သွားပြီး တရုတ်ကို တံခါးပိတ်သွားစေချင်တာပါ။ ဒါပေမဲ့ ကျန်းစစ်မင်တို့က ဒါကို ကျော်မြင်ပြီး ပြည်သူတွေ ဒေါသထွက်တာကို တစ်စုံတရာ လိုက်လျောပေးပေမဲ့ အမေရိကန်ရဲ့ တောင်းပန်မှုနဲ့ လျော်ကြေးပေးတာကို လက်ခံလိုက်ပါတယ်။ ဒီလို နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်ထိန်းလိုက်နိုင်လို့ တရုတ်ဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး ဦးစားပေး နိုင်ငံအဆင့်အတန်းကိုရော၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံအဖြစ်ရော ၂၀၀၀ လွန်ခုနှစ်များမှာ ရလိုက်တာပါ။
ဒါတွေဟာ ကျန်းစစ်မင်ရဲ့ ကောင်းမှုပြုချက်များထဲက ဥပမာ တချို့ပါ။ သူ့ရဲ့ သမိုင်းဝင် ကောင်းမှုပြုချက်ကတော့ "ကိုယ်စားပြုမှု သုံးရပ်" သဘောတရား ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီအောက် တရုတ်ပြည်မှာ ချမ်းသာတဲ့ လူ့အလွှာ တစ်ရပ် ပေါ်လာပါတယ်။ သူတို့ တစ်တွေက နိုင်ငံရေးအရလည်း ပြောရေးဆိုခွင့် (တနည်း) ပါတီထဲ ဝင်ချင်လာပါတယ်။
ဒီတော့ တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ -
၁။ ထုတ်လုပ်ရေး အင်အားစုများရဲ့ တိုးတက်မှုကို ကိုယ်စားပြုတာ၊
၂။ တရုတ်ပြည် ယဉ်ကျေးမှု တိုးတက်ရေးကို ကိုယ်စားပြုတာ၊
၃။ တရုတ် ပြည်သူ အများစုကြီးရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတာများ
ကို လက်ခံနိုင်တယ်ဆိုတဲ့ "ကိုယ်စားပြုမှု သုံးရပ်" သဘောတရား ပေါ်ထွက်လာပြီး တရုတ်ပြည်တွင်းက လူ့အလွှာ အသီးသီးကို ညီညွတ်စေလိုက်ပြီး တရုတ်ပြည်ရဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးကို အရှိန်မပျက် ရှေ့ကို ချီတက်စေလိုက်နိုင်ပါတယ်။
ဒါတွေကတော့ ကျန်းစစ်မင် အမှူးပြုတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယ မျိုးဆက်များရဲ့ (၂၀) ရာစုအကုန် (၂၁) ရာစုအဝင် ကာလမှာ မာ့က်စ်ဝါဒကို တရုတ်မှုပြုတဲ့ အချက်အချို့ပါ။
လှကျော်ဇော
၁၅-၉-၂၀၂၆
ကိုးကား - ၁၈-၉-၂၀၂၆ နေ့ထုတ် (China Daily) သတင်းစာမှ သတင်းနှင့် ဆောင်းပါးများ။
မှတ်ချက် - ကျန်းစစ်မင် အတ္ထုပ္ပတ္တိကို တရုတ်လိုရော၊ အင်္ဂလိပ်လိုရော ရှိပါတယ်။ ဒါတွေကို ဗမာ ဘာသာပြန် စာအုပ်များ ထွက်ပြီး ဖြစ်ပါတယ်။
👉လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၁၀)
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
