Breaking News

ပုလဲမြို့နယ်ထဲ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ် တစင်း ပစ်ချခံရတယ်လို့ သတင်းထုတ်ပြန်

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၀ မြင်ကွင်း

(မိုးမခ) ဇွန် ၁၁၊ ၂၀၂၅

ပုလဲမြို့နယ်ထဲ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ် တစင်း ပစ်ချခံရတယ်လို့ သတင်းထုတ်ပြန်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ကန်ဒေါင့်ကျေးရွာက ရဲစခန်းကို သိမ်းယူဖို့ PDF အဖွဲ့တွေက တိုက်ခိုက်နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုအတွက် လာရောက်တဲ့ တိုက်လေယာဥ် တစင်းကို ပြည်သူ့လွတ်မြောက်ရေးတပ် PLA က ပစ်ချခဲ့တယ်လို့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းထုတ်ပြန်ရာမှာ တိုက်လေယာဥ်ပျက်ကျရာကို သွားရောက်နေပြီး အပျက်အစီး အပိုင်းအစတချို့ မီးလောင်နေတဲ့ မြင်ကွင်း စတာတွေ ဗီဒီယိုမှာတွေ့ရပြီး PLA ဘက်က ၄င်းတို့ ပစ်ချမှုကြောင့် ဂျက်တိုက်လေယာဥ် ပျက်ကျခဲ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေက KIA တပ်တွေက ဗန်းမော်မြို့ နဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၂၁ ကို သိမ်းယူဖို့ လနဲ့ချီတိုက်ပွဲအတွင်း ရဟတ်ယာဥ်တစင်းကို ဒရုန်း သို့မဟုတ် လက်နက်နဲ့ တိုက်ခိုက်ခဲ့ပြီး ပျက်ကျခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားပြီး မကြာခင် အခုလို ဂျက်တိုက်လေယာဥ်တစင်း ပုလဲမြို့နယ်မှာ ထပ်မံပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ တဖွဲ့မက ရှိနေကြတာ ဖြစ်ပြီး အခု ဂျက်တိုက်လေယာဥ် ပျက်ကျမှုဟာ ပစ်ချတာကြောင့်လား သို့မဟုတ် အခြားအကြောင်းအချက်ကြောင့် ပျက်ကျတာလား ဆိုတဲ့ အချက်အပေါ် မတူကွဲပြားတဲ့ ပြောဆိုမှုတွေ လည်း ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။

ယင်းမာပင်မြို့နယ် မှာ အခြေစိုက်တဲ့ ဗိုလ်သံမဏိ (သပြေအေး ဆရာတော် အဖြစ်ကနေ လူဝတ်လဲခဲ့တဲ့)က ဒေသခံမျက်မြင်သက်သေ တဦးဖြေကြားထားတဲ့ ဗီဒီယိုကို ဖြန့်ဝေခဲ့ပြီး ဂျက်တိုက်လေယာဥ် ပျက်ကျတာအတွက် ဝမ်းသာစရာဖြစ်သော်လည်း ပစ်ချတာ မဟုတ်ကြောင်း ရေးသားခဲ့သလို အခြားဒေသခံ PDF အဖွဲ့တဖွဲ့က ဗိုလ်စွမ်း ဆိုသူကလည်း တိုက်လေယာဥ် ပျက်ကျခါစ ရိုက်ယူထားတဲ့ ဗီဒီယိုနဲ့ အတူ ပစ်ချခြင်း မဟုတ်ကြောင်းနဲ့ သူ့ဟာသူ ပျက်ကျတာဖြစ်ကြောင်း ရှင်းလင်းထားတဲ့ ပို့စ်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

စစ်ကောင်စီဘက်ကတော့ နာရီအနည်းငယ်အကြာမှာ ၄င်းတို့ရဲ့ တိုက်လေယာဥ် တစီး လေ့ကျင့်ပျံသန်းစဥ် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီဘက်က စစ်လေယာဥ်၊ ရဟတ်ယာဥ် ပျက်ကျတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အကြောင်းရင်းမှန်ကို မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုလေ့ မရှိတာကြောင့် အခုတကြိမ် ပြောဆိုမှုကိုလည်း မယုံကြည်ကြပါဘူး။

အခုဖြစ်ရပ်မှာ ပစ်ချခဲ့တယ်ဆိုတဲ့ PLA လက်နက်ကိုင် အဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့က ကျန်ရှိခဲ့တဲ့ ပါတီခေါင်းဆောင်တချို့က  ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပေးခဲ့တဲ့ လက်နက်ကိုင် တပ်ဖြစ်ပြီး KIA လက်နက်ကိုင် အဖွဲ့က စစ်ပညာကို ကနဦးလေ့ကျင့်ပေးခဲ့သည်ဟု ဖေါ်ပြထားပါတယ်။ စုစုပေါင်း အင်အားထောင်ဂဏန်း ထိရှိပြီး စစ်တိုင်း ၄ ခုခွဲကာ လှုပ်ရှားလျှက်ရှိရာမှာ တအာန်းဒေသ၊ စစ်ကိုင်း၊ ကိုးကန့် နဲ့ တနင်္သာရီ ဒေသတွေမှာ လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။

ဗကပ က ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့ဖြစ်ခြင်းကြောင့် အချို့သောလက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေး အင်အားစုတွေက ကွန်မြူနစ်ဝါဒရဲ့ လမ်းညွှန်မှုကို ခံယူတဲ့ လက်နက်ကိုင် အဖွဲ့အဖြစ် ပုံဖေါ်ပြောဆိုကြတာမျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ NUG အစိုးရရဲ့ MOD ကာကွယ်ရေးဝန်ကြီးဌာန အောက်က လက်နက်ကိုင် တပ်တွေ ရှိသလို NUG အောက်က မဟုတ်တဲ့ ဒေသအလိုက် သီးခြားရပ်တည်ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း အများအပြား လှုပ်ရှားနေကြသလို PLA , ကရင်ပြည်နယ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ BPLA လို ဗမာလက်နက်ကိုင် အဖွဲ့၊ 96 Soldier လို ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ၊ ယင်းမာပင်၊ ကနီနဲ့ ပုလဲ မြို့နယ်တွေမှာ ဗိုလ်နဂါး ရဲ့ BRNA နဲ့ ဗိုလ်သံမဏိတို့လို အဖွဲ့တွေ အပြင် ကျေးရွာအလိုက် ၄င်းတို့ရံပုံငွေ၄င်းတို့ရှာကာ သီးခြားရပ်တည် ကြတဲ့အဖွဲ့တွေ ရှိနေကြတာ ဖြစ်ပါတယ်။

အခု တိုက်လေယာဥ် ပျက်ကျတဲ့ အဖြစ်အပျက်မှာ သီးခြားစီရပ်တည်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကြားက ဆက်ဆံရေးကို တစိတ်တပိုင်း လှစ်ဟပြလိုက်သလိုလည်း ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ တဖွဲ့နဲ့ တဖွဲ့အကြားစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိကြသလဲ သို့မဟုတ် အားပြိုင်မှု၊ ပွတ်တိုက်မှု ဘယ်လောက်ရှိနေကြသလဲဆိုတာတော့ အခြားသော အကြောင်းအရာ တရပ်ဖြစ်ပြီး လက်ရှိ ဖြစ်ရပ်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် ပေးဆပ်ရတဲ့ အရင်းအနှီးတခုအဖြစ် အများက ရှုမြင်ကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကို အကာအကွယ်မဲ့စွာ ရင်ဆိုင်နေရတဲ့ အဖြစ်ကနေ အမှန်တကယ် လက်နက်နဲ့ ပစ်ခတ်ခုခံနိုင်ပြီလားဆိုတဲ့ မျှော်လင့်ချက်တွေ ပေါ်ထွက်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။

အချို့သော သုံးသပ်ချက်တွေကတော့ ဂျက်တိုက်လေယာဥ်လို လျင်မြန်တဲ့ အရှိန်နဲ့ ဦးတည်ရာလမ်းကြောင်းနဲ့ အနိမ့်အမြင့်ကို လျင်မြန်စွာပြောင်းနိုင်တဲ့ လေယာဥ်ကို ပစ်ချဖို့ ပွိုင့်ဖိုက်လို့ ခေါ်တဲ့ လက်နက်နဲ့ ထိမှန်နိုင်ခြေ အလွန်နည်းပါးကြောင်းလည်း ပြောဆိုမှုတွေရှိနေကြတာ ဖြစ်ပါတယ်။

ဘယ်လိုပင် ဖြစ်စေကာမူ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အရင်းအနှီး ရှိတယ်ဆိုတဲ့ အချက်၊ စစ်ကောင်စီ လေတပ်ရဲ့ လေယာဥ်မှူးတွေ အဖို့ အသက်အန္တရာယ်ဟာ လက်တကမ်းမှာဆိုတဲ့ အချက်ကို ပြသခဲ့တဲ့အပေါ် လူအများက ကျေနပ်အားရနေကြတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar