Breaking News

လေးလေး - “ဒေါ်အောင်ဆန်းစုကြည်နဲ့ နွယ်ကြိုးတကိုက်စာ”

လေးလေး - “ဒေါ်အောင်ဆန်းစုကြည်နဲ့ နွယ်ကြိုးတကိုက်စာ”

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၅

အာဇာနည်နေ့ရောက်ခါနီးတိုင်း လွန်ခဲ့တဲ့ ၇ နှစ်၊၂၀၁၈ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ပြု လုပ်ခဲ့တဲ့ ဆွမ်းကျွေးပွဲတခုကို ပြန်ပြောင်းအမှတ်ရတယ်။အမှတ်ရမိတိုင်းလည်း များစွာစိတ်မကောင်း ဖြစ် ရတယ်။ဒီတုန်းက တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ အာဇာနည်ကြီးတွေကိုရည်စူးပြီးလုပ်ခဲ့တဲ့ ကုသိုလ် ပွဲကို တက်ရောက်ခဲ့တဲ့ ဆရာတော် တပါးဆီကတဆင့် သိခွင့်ရခဲ့တဲ့ အကြောင်းအရာလေးတခုက ဒီလိုပါ.

၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ထုံးစံမပျက် သံဃာ တော်တွေပင့်ဖိတ်ပြီး အာဇာနည်နေ့ အာဇာနည်ပုဂ္ဂိုလ်များကို ရည်စူးတဲ့ ကုသိုလ်ပွဲတခု လုပ်ခဲ့တယ်။ အဲ့ ဒီမှာ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဆရာတော်က တရားတပုဒ် ဟောပြောခဲ့တယ်။

အဲ့ဒီတရားအနှစ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ့်အတွက် ကိုယ့်ကျန်းမာရေးနဲ့ လုံခြုံရေး အ တွက် နွယ်ကြိုးတကိုက်စာ ချန်ထားဖို့ ဟောပြောခဲ့တာဖြစ်တယ်။ ဆရာတော်က မျောက်မင်းဇာတ် တ ခုဖြစ်တဲ့ ဇာတ်တူ မျောက်အမျိုးအနွယ် ရှစ်သောင်းတို့ကို အသက်ဘေးက ကယ်တင်ခဲ့တဲ့ ဇာတက (၄ဝ၇ ) မဟာကပိဇာတ်ကြောင်းနဲ့ ဟောခဲ့ခဲ့တာဖြစ်တာကြောင့် ဆရာတော့်တရား နည်းနည်းဖတ်ကြည့်ကြမှ ဇာတ်ရည်လည်မှာမို့ နည်းနည်းဖတ်ကြည့်ကြဖို့ ကောက်နုတ်တင်ပြပေးလိုက်တယ်။

"ဇာတ်ကြောင်းကတော့ အားလုံးကြားဖူးသူ များပါတယ်၊ ဘုရားအလောင်း မျောက်မင်းဘဝက ဂင်္ဂါမြစ် ကမ်းနားမှာ မျောက်အပေါင်းရှစ်သောင်းနဲ့အတူ နေကြတယ်။ ဂင်္ဂါမြစ်တဖက်ကမ်းမှာ အလွန်ထူးခြားတဲ့ သရက်ပင်ကြီးတပင်ရှိတယ်၊ အသီးမှည့်ချိန်မှာ မျောက်အားလုံးဟာ သရက်သီးတွေ စားကြတယ်။

သရက်ပင်ရဲ့ မြစ်ဘက် အသီးကြွေကျတတ်တဲ့အကိုင်းက အသီးမျှန်သမျှကို သီးခါစအရွယ်ကစပြီး မျောက်အပေါင်းကို ချွေချဖျက်ဆီးပစ်ဖို့ ခိုင်းခဲ့ပေမယ့် ကျန်နေတဲ့ အသီးမှည့်တလုံးက မြစ်ရေနဲ့အတူ မျောပါရာက ရေချိုးဆင်းတဲ့ ရှင်ဘုရင်နဲ့တွေ့ပြီး ချိုမြိန်တဲ့ အရသာကို နှစ်သက်စွဲလမ်းသွားလို့ သရက်ပင်ရှိရာကို အရောက်လာကြတယ်။

နေ့ခင်းမှာ သရက်သီးမှည့်ကို စားပြီးတော့လည်း မပြန်ကြသေးဘဲ နောက်ပါစစ်တပ်နဲ့အတူ သရက်ပင် အောက်မှာပဲ ညအိပ်စောင့်နေကြတာ။ ညသန်းခေါင်မှာ မျောက်တွေကလည်း ရောက်လာပြီး သရက်သီး မှည့်တွေ စားကြတာပေါ့။ အသံတွေ ဆူညံတော့ ဘုရင်နဲ့ နောက်ပါရဲမက်တွေက မျောက်တွေမှန်း သိတဲ့ အခါ "မနက်ဖြန်တော့ သရက်သီးမှည့်ရော မျောက်သားဟင်းပါ စားကြမယ် .. ဝိုင်းထားကြ" ဆိုပြီး လေး မြားတွေနဲ့ ဝိုင်းထားကြတယ်။

မိုးလင်းခါနီး မျောက်တွေ ပြန်ချိန်တန်လို့ အပင်အောက်ကြည့်လိုက်တဲ့အခါ လေးမြားကိုင်ရဲမက်တွေ ဝိုင်းရံထားတာ မြင်ကြတော့ မျောက်တွေ မပြန်နိုင်ဘဲ ဘုရားလောင်းမျောက်မင်းကို အကြံတောင်းကြ တယ်။

ဘုရားလောင်းက "ဘာမှ အားမငယ်ကြနဲ့၊ သင်တို့အားလုံးအသက်ကို ငါကယ်တင်မယ်" ဆိုပြီး အ မြင့်ဆုံးအကိုင်းအထိ တက်လိုက်တယ်၊ မြစ်ကမ်းဘက် အစွန်ဆုံးကိုင်းအထိ သွားပြီးတော့မှ လေးအ ပြန်တရာခန့်ရှိတဲ့ တဖက်ကမ်းခြုံကြီးပေါ် ခုန်ကူးလိုက်တယ်။

ဘုရားလောင်း မျောက်မင်းက ခွန်အားကြီးမားတဲ့အတွက် တဖက်ကမ်းကို ရောက်အောင် ခုန်ကူးနိုင် ပေမယ့် ကျန်တဲ့မျောက်တွေကတော့ မကူးနိုင်ပါဘူးတဲ့။ အလောင်းတော်မျောက်မင်းက သရက်ပင် ကိုင်း ဖျားကနေ တဖက်ကမ်းက ခြုံကြီးပေါ်ကို ခုန်ကူးလိုက်တယ်။ ပြီးတော့ လေထဲမှာ ခုန်ကူးခဲ့တဲ့ အကွာ အဝေးကိုလည်း ခန့်မှန်းတွက်ချက်ခဲ့တယ်။

တဖက်ကမ်းရောက်တော့ သစ်ပင်မှာချည်တုပ်ဖို့နဲ့ သရက်ပင်ကိုင်းဖျားအထိ အကွာအဝေးကို တွက်ပြီး ကြိမ်နွယ်တခုကို ဖြတ်လိုက်ပြီး အရင်းနဲ့ သစ်ပင်မှာ အခိုင်အမာ ချည်လိုက်တယ်၊ ပြီးတော့ အဖျားနဲ့ ခါး ကိုချည်ပြီး တဖက်ကမ်းကို ခုန်ကူးလိုက်တယ်။

ကြိမ်နွယ်ကို ဖြတ်စဉ်က ခါးမှာချည်ဖို့ နွယ်ကြိုးတကိုက်စာကို ထည့်မတွက်မိတဲ့အတွက် သရက်ပင် အ ကိုင်းပေါ်ထိ မရောက်လိုက်ဘူး၊ ကိုင်းဖျားကို ဆွဲမိတော့ နွယ်ကြိုးကဆုံးပြီ။ ဒါပေမယ့် အလောင်းတော် ဟာ ဆုံးဖြတ်ချက်ချထားပြီးတဲ့အတိုင်း ကိုယ်နဲ့အသက်ကို မငဲ့ကွက်တဲ့ နိက္ခမစွမ်းအားကြောင့် အချိန်ဆွဲ ပြီး စဉ်းစားမနေဘူး။

မျောက်အပေါင်းကို သူ့ကိုယ်ပေါ်က ကျော်လွှားပြီး အမြန်ကူးကြဖို့ တိုက်တွန်းလိုက်တယ်။ မျောက်အား လုံးလိုလိုကပဲ တောင်းပန်ကန်တော့ပြီး မျောက်မင်းကိုယ်ပေါ်က ကျော်လွှားကြပြီး နွယ်ကြိုးအတိုင်း တဖက်ကမ်း ကူးသွားကြတယ်။

နောက်ဆုံးကျန်နေတဲ့ ဒေဝဒတ်လောင်း မျောက်ကတော့ "ငါ့ရန်သူကို လှလှကြီး ကလဲ့စားချေရတော့ မယ်" ဆိုတဲ့ အကြံဆိုးနဲ့ အမြင့်ဆုံးကိုင်းအထိ တက်ပြီးတော့မှ အလောင်းတော်မျောက်မင်းရဲ့ ကိုယ်ပေါ် တည့်တည့်ခုန်ချလိုက်တော့ အလောင်းတော်ရဲ့ နှလုံးသား ကွဲအက်သွားပါတော့သတဲ့။

ဒါပေမယ့် အလောင်းတော်ရဲ့ "သူတပါးပြုမှား ပြစ်မှားမှု စတဲ့ ပြင်ပဒုက္ခနဲ့ ကိုယ်တွင်းဒုက္ခတို့ကြောင့် စိတ်ညစ်ငြူးခြင်း၊ နှလုံးမသာ မျက်နှာမသာဖြစ်ခြင်းမရှိ သည်းခံနိုင်တဲ့ ခန္တီစွမ်းအား" နဲ့ ပူဇော်ချီးမွမ်းသူ ပြစ်မှားနှိပ်စက် ကဲ့ရဲ့သူတို့ကို သာယာမုန်းတီးမှုမရှိ လျစ်လျူရှုတဲ့ ဥပေက္ခာစွမ်းအားကြောင့် နာကျင်မှုကို ဂရုမပြုဘဲ ပြစ်မှားတဲ့မျောက် တဖက်ကမ်းရောက်အောင်ပဲ သစ်ကိုင်းလက်မလွှတ်ဘဲ ဇွဲတင်းပြီး ကယ် ဆယ်ခဲ့ပါသတဲ့။

"ဆရာတော်ပြောလိုရင်းက "လောကုတ္ထစရိယ အားစိုက်လွန်းတဲ့ အာဇာနည်များဟာ နိက္ခမတရား အား သန်ကြတဲ့အတွက် ကိုယ်ကျိုးကိုယ့်တွက်ကို လုံးဝထည့်မတွက်မိတဲ့အခါ လောကမှာလည်း နစ်နာရတဲ့ ကိစ္စပါ။

" ဗိုလ်ချုပ်တို့ ကျဆုံးရတာဟာ ဒီအချက်ကြောင့်ဖြစ်ပြီး သူတို့ရယူပေးခဲ့တဲ့အရာဟာ လွတ်လပ်ရေးလား၊ ကျိန်စာလား ဆိုပြီးတော့လည်း ဆရာတော်က ဝေဖန်ဟောပြောခဲ့တယ်။ ဘာလို့ဆို ပြည်တွင်းစစ်မီးဟာ အဲ့ဒီကတည်းက တောက်လောင်လာခဲ့တာ ဒီနေ့ထိဖြစ်နေလို့ပဲ။

ဆရာတော်တရားပြီးတော့ အဲ့ဒီနေ့က ပွဲတက်ခဲ့တဲ့ မင်းကွန်းဆရာတော်ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို ခုလို မိန့်ခဲ့တယ်။ မင်းကွန်းဆရာတော်ကြီးကတော့ "ခန္ဓာကိုယ်ကို ကြာကြာသုံးနိုင်အောင် ချွေတာသုံး" လို့ ဆုံးမတယ်"။

"ချွေတာသင့်သလောက်တော့ ချွေတာ တာပေါ့ ဘုရား၊ အရေးကြီးတဲ့ကိစ္စ ကြုံလာတော့လည်း ချွေတာ လို့မရဘူးဘုရာ့! ပုံအောသုံးရတာပဲ.." တဲ့။ "

"ဒါဆိုလည်း နွယ်ကြိုးတကိုက်စာတော့ ပိုဖြတ်ထားပါ" လို့ပဲ ပြောလိုက်ရတယ်။

ဒီတုန်းက တောင်စွန်းဆရာတော်ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ တတိယပင်လုံကို တက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ကြည့်ရတာ အသက်အရွယ်အရ အိုမင်းနေပြီဖြစ်ပေမယ့် ခြေလှမ်းတွေက လျင်မြန်သွက်လက် နေတုန်းပဲ။

သူ တိုင်းပြည်တာဝန်ယူထားခိုက်မှာ သူပြောသလိုပုံအောသုံးပြီး တိုင်းပြည်အတွက် အစွမ်းကုန်လုပ်သွားမယ့်ပုံလည်း ပေါ်တယ်။ နွယ်ကြိုးတကိုက်စာတော့ သူချန်ထားမယ့်ပုံ မတွေ့ရပါဘူး။
၂၀၁၉ခုနှစ်တုန်းက ရေးပြီး ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးထားဖြစ်ခဲ့တာပါ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar