ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖွတ်ကဒ်ရှိရင် ဇွတ်တပ်မဝင်ရ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖွတ်ကဒ်ရှိရင် ဇွတ်တပ်မဝင်ရ
မိုးမခ ၊ ဇူလိုင် ၂၀ ၊ ၂၀၂၅
ကြံ့ကတော့ ဖွတ်ဆိုတဲ့အတိုင်း မွဲပြာရောင်။ အဲလေဇွတ်ကြံဆောင်တာကတော့ ပါတီဝင်တိုးပွားရေး။ ဘာနည်းရှိရမလဲ ဒေဝေါကြီးနဲ့ခြောက်တာပေါ့။ လာထား၊ အာဘွား။ ဖွတ်ကဒ်ရှိရင် ဇွတ်တပ်မဝင်ရဆိုတော့ တချို့လူငယ်တွေ ဘောရှောင်ချင်လို့ ရောရောင်ကြံ့လုပ် ဖွတ်ရုပ်ဆင်ကြတယ်။
ချစ်သူနဲ့အဝေးခံ လောကုလဲမလှမ်းရ၊ မချစ်သူရဲ့အစတေးခံ ဘောဥလဲမထမ်းရတဲ့အပြင် အထုတ်အပိုင်နဲ့ အလုပ်အကိုင်လဲရမယ်၊ ပြိုင်စံရှားတဲ့ နိုင်ဂံခြားလဲထွက်ရမယ်။ အန္တရာယ်လဲကင်းတယ်၊ ရန်စွယ်လဲရှင်းတယ်။ ကြံ့တွေဟာ ၁၈နှစ်နဲ့၃၅နှစ် လူငယ်တွေကြား အရေးကြီးရင် ဂွေးကြီးနဲ့ဆက်သွယ်လိုက်ပါ၊ အတော်အသင့်တော့ လော်ပွင့်နဲ့လွှဲထားပါတယ်ဘာညာနဲ့ ကြော်ညာခြွေလာတယ်။
ဒါက ဟိုတုန်းက ရိုတွေကိုလုပ်တဲ့အကွက်ဟောင်း။ ရိုတွေကို နိုင်ငံသားမဟုတ်လို့ဆိုပြီး မှတ်ပုံတင်လုပ်မပေးဘူး။ အဲတော့ ရိုတွေဟာ ခရီးသွားလို့မရဘူး။ ဒေသကနေခွာမရတော့ ဘဝဒုက္ခ တွင်းဆုံးကျ။ အဲဒါ ဖွတ်ကဒ်ရှိရင် ခရီးသွားလက်မှတ်ဖြတ်လို့ရတယ်ဆိုတော့ ရိုတွေ ကြံ့ဖွတ်ဖာထီ ဒို့ဖာထီ ဖြစ်ကုန်တာပေါ့။ ခြေဥထောက်ခံဖို့ပါ စပယ်ရှယ်တက်ကြွခဲ့ကြသေးသပေါ့။ ရိုကြံ့အမတ်မင်းဆို လွှတ်တော်ထဲတောင် ခေါင်းပေါင်းစတလူလူ ဝီရသူနဲ့တောင် အတူတူဒူးခဲ့ မြူးခဲ့ကြသေး။
ခုလဲ အဲအကွက်၊ ငပွေးကွက်။ ပွေးဆို ခွေးသန္ဓေအစ ကြံ့ဖွတ်ကကိုး။ တပ်ကပြုတ်ရင် ကြံ့လုပ် ဖွတ်သွေးလောင်း ခွေးခေါင်းတပ်။ ခွေးကျင့်ခွေးကြံထဲ ပွေးကျင့်ပွေးကြံအစိတ်သားထည့်၊ ကြံ့ချီးခြောက်ငါးဆယ်သားနဲ့ ဖွတ်ရောင်ပေါက်အောင်မွှေ၊ တလောကလုံး ဖွတ်ဖြစ်မယ့်ဆေးဖော်၊ ခု အဲဒီ ဖွတ်တွေ မိချောင်းဖြစ်လာကြတာလေ။ ဖွတ်မိချောင်းဖြစ် ခေတ်ဗရမ်းဗတာမဟုတ်လား။ သူတို့က အရင်အာဏာသိမ်းခဲ့တဲ့ဗိုလ်ချုပ်ဟောင်းတွေဆိုတော့ အာဏာ့အရသာကောင်းကောင်းသိ၊ အာဏာမရှိမနေတတ်၊ ပြည်သူ့ဆန္ဒနဲ့လဲ ဘယ်တော့မှအာဏာတပတ်ပြန်လည်မလာနိုင်၊ တပ်ပိုင်လဲပြန်မလုပ်သာတော့ လက်ရှိတပ်ကို အာဏာပြန်သိမ်းအောင်လဲ သူတို့ဘဲသွေးထိုး၊ ဟော ပြည်သူက ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဆိုပြီး အပြတ်ရှင်းလို့ စစ်သားတွေပြုတ်ပြုတ်ပြုန်း မျိုးတုန်းမလိုဖြစ်လာတော့မှ အာဏာသိမ်းတပ်မလဲ ခြေမကိုင်မိ ရီးမကိုင်မိဖြစ် တနေ့ရွှေဥတလုံးဥပေးနေတဲ့ခြေဥကြီးပါဒစ်လည် ဆေးမီးတိုနဲ့ကင်ဆာကုတယ်ဆိုသလို ခုတော့ တောကြမ်းလူ့အလေအလုပ် ဘောထမ်းဥပဒေထုတ်ပြီး မန်းမှုတ်နေရပြီပေါ့လေ။
အာဏာသိမ်းစကတော့ လိုအပ်တဲ့တပ်သား ကြံ့ပါတီမှာတဖွားဖွားဆိုပြီး မြှောက်ပေးတယ်။ ဂူကြီးက လိုအပ်ရင် သံဃာငါးသိန်းရှိတယ်ဆိုပြီး တပ်ကိုဂျင်းထည့်သလိုမျိုးပေါ့။ ဒီလောက် စစ်သားလိုနေတာသိရက်နဲ့ သူနဲ့မဆိုင်တဲ့သံဃာကို ထားအုံး၊ သူ့တက္ကသိုလ်ကကိုယ်တော်တွေကိုတောင် စစ်သင်တန်းလွှတ်မပေးဘူးလေ။ ခုလဲ ကြံ့တွေဖွတ်တွေက ပြည်သူ့မသထာရေစာ အာဏာလေးတဖဝါးရပါမယ့်အရေး သူတို့သားသမီးတွေတယောက်မှ စစ်ထဲမထည့်တဲ့အပြင် စစ်ဥမထမ်းချင် ဖွတ်ထဲဝင်တောင် လုပ်လာကြတယ်။ သူတို့သားသမီးတွေကို စစ်ထဲထည့်ဖို့မပြောနဲ့၊ တပ်ရံပုံငွေ တပြားတလေတောင် မထည့်တာ။ အဲဒါလဲ စစ်တပ်အထောက်အကူနဲ့ ခိုးယူထားတဲ့ဟာတွေချည်းနော်။ သူတို့ချွေးသွေးနဲ့ ရှာထားတာ တကျပ်မှမပါဘူး။ သူတို့မြှောက်ပေးလို့ အချောင်သေသွားကြတဲ့စစ်သားမိသားစုတွေကိုလဲ ဘာထောက်ပံ့ကူညီမှုမှမလုပ် ခိုးထားသမျှစည်းစိမ် နိုင်ငံခြားကို သားသမီးတွေနဲ့အတူထုတ်ထားပြီးပြီလေ။ အဟုတ်ကျ သီတဂူနဲ့ မဘသကိုယ်တော်တွေလဲ ဘယ်စစ်သားမသာကိုမှ သရဏဂုံတောင် ဖရီးတင်မပေးကြ၊ စာအိပ်မပါ စိတ်မလာလုပ်ကြတယ်။ စိမ်းသရဖူစိမ်းသလိုလိုနဲ့ မြှောက်တုန်းက ဝိုင်းမြှောက်ပေးပြီး ခုတော့ အစိမ်းပျော့ကနေ အဝါသန်း အနီဘက်ပါလှမ်းကြပြီ။ အဲလို အနီမမသန်းရင်လဲ မံမံတူတူပုန်းမလေ။ ပစ္စည်းငါးပါးဒါယကာတွေ ဆုံးရှုံးသွားမယ်မဟုတ်လား။ ဒကာအမုန်း ဒကာအရှုံးမခံနိုင်ကြတော့။ တကယ့်တကယ်ကျ စစ်တပ်နဲ့ကြံ့ဖွတ်ကလဲ သူတို့အာဏာရရေး အရိုးအရင်းလေးကျွေးတာဘဲ၊ အဲလေ လှူတာဘဲမဟုတ်လား။ သာမန် ရပ်သူရွာသူ မိလက္ခူ အဖြူစင်တွေကဘဲ အဟုတ်ကျ တကယ်မှန်မှန် လှူကြတန်းကြတာကိုး။ အင်း ခုတော့ ကြံ့ဖွတ်ရော မန့်ဖွတ်ရောကပါ တပ်ကို မယားငယ်လို သဘောထားကြပြီ။ ပွဲတက်မယားမဟုတ်၊ တိတ်တိတ်ပုန်းအာသာဖြေ ဖာကိုလစဉ်ကြေးပေးစားတဲ့ပုံချိုးကြပြီလေ။
သူတို့အသက် သူတို့အိုးအိမ် သူတို့စည်းစိမ်ကိုတော့ တပ်ကကာကွယ် တပ်ကစောင့်ရှောက်ရရုံမက သူတို့နိုင်ငံရေးအာသာဖြေဖို့ပါ တပ်က ဆက်ပြီးကျွန်ခံပေးရအုံးမယ့်အထာ။ ဒီကောင်တွေ တပ်ကိုအသုံးချချက်ကလဲ လွန်လွန်း။ သူတို့အသုံးချပုံက တရုပ်၊ ဗိုလ်ချုပ်ကြီးတွေအသုံးချတာက တပုံစံ။ ဘုန်းကြီးတွေအသုံးချဟန်က တဘာသာ။ သေပေးရတာကတော့ အောက်ခြေစစ်သားတွေ။ သတ်ပေးရတာကလဲ သူတို့မိဘပြည်သူတွေ။ သူတို့မီးတိုက်ရတာကလဲ ကိုယ့်ရပ်ရွာ။ သူတို့ဖျက်ဆီးရတာကလဲ ကိုယ့်နိုင်ငံ။
ဖွတ်တက်ရင် မွဲတယ်ဆိုတာ ဒါဘဲလေ။ ဘာသာမွဲ လူမျိုးမွဲ နိုင်ငံမွဲ အသိမွဲ ပညာမွဲ စေတနာမွဲ သဒ္ဓါမွဲ ဘာမဆို မွဲတော့တာ။ ဥပဓိကစ မွဲပြာညစ်ပုတ်သွားတော့တာ၊ သူတို့ရုပ်တွေသာကြည့်။
သူတို့ကြောင့် မုဆိုးမဖြစ်သွားတဲ့မိန်းမပေါင်းဘယ်လောက်ရှိသွားပလဲ။ အဖေမဲ့ဖြစ်သွားတဲ့ကလေးပေါင်း ဘယ်ရွေ့ရှိမလဲ။ အမေမဲ့ဖြစ်သွားတဲ့ကလေးပေါင်း ဘယ်မျှရှိမလဲ။ ဘိုးဘွားမဲ့ဖြစ်သွားတဲ့ကလေးပေါင်း ဘယ်ထိရှိမလဲ။ သားသမီးမဲ့သွားတဲ့အဖေအမေတွေရော။ မြေးမြစ်ပျောက်သွားတဲ့ ဘိုးဖွားတွေရော။ မောင်နှမချင်းဝေးသွားကြသူတွေရော။ ကွာသွားကြတဲ့ချစ်သူတွေရော။ ပညာမသင်ရတဲ့လူငယ်တွေရော။ ကျောင်းမတက်ရတဲ့ကလေးတွေရော။ ဒါတွေက ဘယ်ထိဆက်ဖြစ်နေမလဲ။
အမုန်းကွင်းဆက် လက်စားချေခြင်းတွေ၊ အပေါင်း အသင်း မိတ်ရင်းဆွေညာမဟုတ်တော့တာတွေ၊ ဆရာတပည့်မဖြစ်တော့တာတွေ၊ တမြေထဲမနေနိုင် တရေထဲမသောက်နိုင်တော့တာတွေ၊ ဒေါသတွေ အာဃာတတွေရဲ့နောက်ဆက် မတော်လောဘတွေနဲ့ အမှောင်ဖုံးလူ့အသိုင်းအဝန်းများ၊ လူမှုအစေးခြောက်သွားတဲ့ရပ်ရွာများ၊ လိင်စံပျက်လိင်စိတ်လွဲထွားကျိုင်းလာမှုများ၊ အမြတ်ထုတ်မှုအမျိုးမျိုး၊ ဆိုးရွားမှုအဖုံဖုံ၊ မယုံကြည်ခြင်းတဖွားဖွား၊ လူသားဝိညာဉ်ပျောက်ဆုံးမှု၊ ယဉ်ကျေးမှုဝိညာဉ်ပျောက်ဆုံးမှု၊ တန်ဖိုးထားမှုမဲ့၊ နှုံးစံမဲ့၊ ထုံးစံမဲ့၊ စိတ်လေများ၊ စိတ်ရူးများ၊ စိတ်ထိုင်းများ၊ စိတ်ရိုင်းများ၊ စိတ်ပုတ်များ၊ စိတ်ယုတ်များ၊ စိတ်ဆိုးများ၊ စိတ်သိုးများနဲ့ လူများ သက္ကရာဇ်များ ဘဝများ စိတ္တဇများ အများကြီးလာနေပြီ။
တပ်ကပြုတ်ရင် ဖွတ်လုပ်၊ အဲဒီစစ်ခေါင်းဆောင် ဖွတ်မင်းနောင်အဆက်ဆက်ကြောင့် တိုင်းပြည်ထဲ ပြာတောင်ကြီးထွက်နေပြီပေါ့လေ။ ခုတော့ အောက်ခြေစစ်သားတွေပါ ပြာပုံတိုးနေရတဲ့ဘဝပေါ့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar