Breaking News

ထွန်းဇော်ဌေး - ပျားခြေရာလမ်းမထက်မှာ ဝဲပျံနေဆဲ ပျားတစ်ကောင် (သို့မဟုတ်) မောင်သာချို


 

    Art- Ye Aung Naing 

ပျားခြေရာလမ်းမထက်မှာ ဝဲပျံနေဆဲ ပျားတစ်ကောင် 

(သို့မဟုတ်) မောင်သာချို
ထွန်းဇော်ဌေး
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၅


မကြာမီကပဲ မိတ်ဆွေတယောက်က ကိုသာချိုဆုံးပြီလို့ ဖုန်းဆက်တယ်။ မျှော်လင့်ထားပြီးသားမို့
မအံ့ဩမိ ဘူး။ ကိုကျော်ဝင်းဆီက “ကိုသာချိုကို ဆရာဝန်ကလက်လွှတ်လိုက်ပြီ” ဆိုတဲ့ သတင်းစကားရထားတာကိုး။ ဒါပေ မယ့် ဆုံးပြီလို့ကြားရတော့ တကယ့်နွမ်းခွေမောလျသွားမိတယ်။
တချိန်ထဲ အဖူးနဲ့ကျန်ရစ်ခဲ့တဲ့ ကလေးတွေဆီ အာရုံရောက်သွားတယ်။ သူတို့လည်း ပူဆွေးနေမှာဆိုတော့ ဖုန်းဆက်ချင်ပေမယ့် မဆက်ပဲနေလိုက်တယ်။
ကဗျာရေးတဲ့မောင်သာချို။ အမြင်မတော်ရင်ကလိချင် ထေ့ချင်တဲ့ ဂျက်( ကွမ်းခြံကုန်း)။
ကျောင်းသားတို့ကို စေ တနာထား သင်ကြားပေးခဲ့တဲ့ မြန်မာစာပါမောက္ခ ဦးညွန့်သောင်း။ ကျနော်တို့က မောင်သာချိုလို့ပဲ ခေါ်ခဲ့ကြတာ။ ဒေါက်တာဘွဲ့တပ်လေ့မရှိသူ။ မောင်သာချိုဆိုတဲ့ ကလောင်ကိုပိုတန်ဖိုးထားလေရော့သလား မဆိုနိုင်။ အခုတော့ သူဆုံးသွားပြီတဲ့။ ကျနော်က ရန်ကုန်မြို့တော်ကြီးနဲ့ဝေးရာ ဇရာတောမှာ ဘဝအမောတွေဖြေနေချိန် ကိုသာချိုရဲ့တောင်ဟုန်ဖြန့်ပျံသန်းသံကို အဝေးကပဲ ကြားလိုက်ရပြန်တယ်။ လွမ်းတသသ သတိရစရာတွေက အပြည့်ပါပဲ။
သူငယ်ချင်းတွေ တယောက်ပြီးတယောက် နုတ်မဆက်အားပဲထွက်သွားလိုက်ကြတာ ပထမဆုံးထွက်ခွာသွား သူက ဇောင်းထက်။ သူဆုံးတော့ ကျနော်က အင်းစိန်အကျဉ်းစခန်းမှာ။
ရင်ထဲမတော့ ‘ဟာ’ခနဲ ဖြစ်သွား တယ်။ စိတ်ထဲမှာလည်း ‘အုံးဆံကြိုးတချောင်းတော့ ပြာကျသွားပြီပဲ’လို့ မြည်တမ်းရင်း ဇောင်းထက်ရဲ့’အုံးဆံ ကြိုးရဲ့ဒဿန’ကဗျာလေးကို တိုးညင်စွာ ရွတ်ဆိုနေမိတယ်။ အခုတော့လည်း ကဗျာဆရာကိုယ်တိုင် ပြာကျလို့ ကျနော်တို့ပါးကထွက်သွားပြီပဲ။
တောင်ပံခတ်သံကိုတော့ အဝေးကနေပဲ ကြားလိုက်ရတယ်လေ။
ရှေ့ဆင်းနောက်ဆင့်မဟုတ်ပေမယ့် ကျနော်တို့အပါးက ထွက်ခွာသွားသူ နှစ်ယောက်က နေဝင်း, နှစ်ဝင်း။ နေ ဝင်းနာမည်တူနှစ်ယောက်မို့ ထားဝယ်ကြီးနေဝင်းနဲ့ တရုတ်ကြီးနေဝင်းလို့ ကွဲပြားအောင် ခွဲခြားခေါ်ခဲ့ကြတာ။ ထား ဝယ်ကြီးက အရင်ထွက်ခွာသွားခဲ့တာ။

သူထွက်ခွာသွားစဉ်ကလည်း ကျနော်တို့အားလုံးလိုလိုက ဘဝရေသေအိုင် အသီးသီးမှာ။ သူ့ရဲ့ အထီးကျန်တောင်ပံခတ်သံကို အဝေးကနေပဲ ခပ်သဲ့သဲ့ ကြားလိုက်ရတာ။ ရင်ထဲတော့ ဘယ် ကောင်းပါ့မလဲလေ။
မကြာသေးခင်ကပဲ စွန့်ခွာသွားသူက တရုပ်ကြီ’နေဝင်း ။ သူဆုံးသွားတာ ဘာကြာသေးလို့လဲ။
ကဗျာဆရာမ မနီတာတင်ထားတာတွေ့မှသိရတာ။ကြားလိုက်ရတဲ့တချိန်ထဲမှာ နင့်ကနဲခံစားလိုက်ရတယ်။
ကျန်ရစ်သူညီမလေး မသန္တာကိုတွေးပြီးစိတ်ပူလိုက်မိတယ်။ မိသားစုတကွဲတပြားဆီ။ တောင်ပံခတ်သံသဲ့သဲ့ကြားရချိန်မှာတော့ ကိုယ်တွေဆီကခွဲခွာလို့ ခရီးဉီး ထွက်သွားကြပြီပဲ။ လွမ်းမောတမ်းတရသူတွေဘဝမှာမေ့မရတဲ့သူတွေ..။
ကံ့ကော်တောမှာ အတူပျော်ခဲ့ရသူတွေ။ အရှည်ကြီးဆိုင်၊ဉီးချစ်ဆိုင်၊ ပဲခူးဆောင်တွေမှာ မကြာခဏ ဆုံကြ။ ငြင်း ကြ ခုံကြ၊ ဆွေးနွေးကြ၊ စိတ်ကောက်ကြ၊ပြန်ခေါ်ကြ၊ ဆဲကြ၊ဆိုကြ၊စကြနောက်ကြရွှင်မြူးခဲ့ရတာတွေ။ အဲဒါတွေ ကို ပြန်သတိရတိုင်း ကိုယ့်အနားက ပျံသွားကြပြီပဲ လို့တမ်းတရင်း ရင်မှာနွမ်းလျလျခံစားရတယ်။ တယောက်ပြီး တယောက် စိမ်းစိမ်းကားကား ထွက်သွားလိုက်ကြတာ..။
အခုတခါ ကိုသာချို။
ကျနော်တို့စသိခဲ့ကြတာက ဆရာနန္ဒသိန်းဇံအခန်းမှာ။ ကျနော်က ရေနွေးအိုးတည်နေစဉ် အတန်းပြီးလို့ပြန် လာတဲ့ ဆရာနောက်က ကျောင်းသားနှစ်ယောက်ပါလာတယ်။ဆရာက “မြန်မာစာဂုဏ်ထူး တန်းကျောင်းသားတွေ သူက မောင်သာချို၊ သူက ဇောင်းထက်” ဆိုပြီး မိတ်ဆက်ပေးတယ်။
အဲ့ဒီကာလက ကိုသာချိုက ‘ရိုမန်တစ်ဝါဒနဲ့ ကဗျာ’ဆိုပြီး စာတန်ရေးထားတယ်။ ကျနော်က
“ကိုသာချိုစာတွေ ဖတ်ဖူးတယ်။ မိုးဝေထဲက ကဗျာလေးတွေလည်းဖတ်ရသဗျ။
စောစောပိုင်းကရေးထားတဲ့ ‘ချီး တင်အောင်မပါရ’ဆိုတဲ့ ဟာသဝတ္ထုတိုကအစပေါ့’ လို့ဆိုတော့
ကိုသာချိုက မျက်နှာသိသိသာသာပျက်မသွားပေ မဲ့ ရယ်ကျဲကျဲနဲ့ ‘တဟဲ..ဟဲ’ လုပ်နေတယ်။
ဇောင်းထက်ကလည်း ရယ်လို့မောလို့။

နောက်မှသတိထားမိတာက အခုချိန်မှာ သူက အတည်အခန့်ကဗျာတွေ ဝတ္ထုတိုတွေရေးနေပြီကိုး။
မြန်မာ့အသံကတောင် သူ့ရဲ့ဝတ္ထုတိုတပုဒ်ကို အသံလွှင့်တင်ဆက်ပြီးပြီ။
‘ချီး,တင်အောင်မပါရ’ ဆိုတဲ့ဟာသဝတ္ထုတိုဟာ သူ ငယ်ငယ်က ‘အဟိ’ မှာလား ‘သောကြာ စာစောင်’မှာလားမသိ သူလက်တဲ့စမ်းခဲ့တဲ့ဟာသဝတ္ထုတိုဖြစ်နေတာ ကိုး။ သူက အဲ့ဒါကြောင့် ရှက်သယောင်ဖြစ်နေတာ။ ကိုယ်ကလည်း အဲ့လို အလိုက်ကန်းဆိုးမသိတဲ့ကောင်။ ဒါပေ မယ့် အဲ့ဒီအနုသရစိတ်လေးကပဲ ဂျက် (ကွမ်းခြံကုန်း) ဖြစ်စေခဲ့ဟန်ပါပဲ။
ကံ့ကော်တောထဲမှာတော့ ကျနော်တို့လူတစုက အရောင်အသွေးစုံတယ်။
တက္ကသိုလ်အစုံစုံကလည်းပါတယ်။ ဆေးတက္ကသိုလ်၊ တိမွေးကုတက္ကသိုလ်၊ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ အစုံစုံပါပဲ။ ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ မွန်၊ ရှမ်း စတဲ့ လူမျိုးစုကလည်း အဖုံဖုံ။ မေဂျာကလည်းအသီးသီပါပဲ။ အားလုံးက အသွင်မတူကြပေမဲ့ “တပါတီ အာဏာ ရှင်ဆန့်ကျင်ရေး”မှာ ယုံကြည်ချက်တူခဲ့ကြတယ်လေ။
အတူပေါင်းလုပ်ခဲ့ကြတယ်။
ကျောင်းထဲမကြာခဏရောက်လာတတ်တဲ့ ဆရာမင်းသစ်ကတော့ ကျနော်တို့အစုလေးကို “ကံ့ကော်တောက ငှက်တအုပ်” လို့ ခေါင်းစဉ်ပေးပြီးရေးခဲ့ဖူးရဲ့။ ဟုတ်ပါတယ်လေ။
သူပြောခဲ့ဖူးသလိုပါပဲ။ အခုတော့ ကံ့ကော်တောက ဌက်တချို့ရဲ့ တောင်ဟုန်ခတ်သံတွေကို အဝေးဆီကပဲ ခပ်သဲ့သဲ့ကြားလာတော့မှ ကိုယ့်အနားမှာ မရှိကြတော့ဘူး ဆိုတဲ့အသိစိတ်ရဲ့ ဒဏ်ခတ်ခြင်းကို နင့်နင့်နဲနဲခံစားလိုက်ရတယ်။ လွမ်းတာပေါ့ကွယ်။ သတိရတယ်ဆိုတာထက် ပို တဲ့ အမှတ်တရတွေက ရင်ဘတ်ကြီးနဲ့အပြည့်။
ဘယ်ကစရေးရမှန်းမသိ။ အမှတ်တရတို့ရဲ့ဆွံ့အခြင်းကို မှုန်မှုန်မှိုင်းမှိုင်း ထုံထိုင်းထိုင်းတွေ့နေရတယ်။
အသက်အ ရွယ်အရလား။ ဉီးနှောက်တွေကျုံ့သွားတာလားပင် မဝေခွဲတတ်တော့။ အမှတ်တရတို့
စားပိုးနင့်နေတာလည်းဖြစ်ကောင်း ဖြစ်မှာပါ။ မောင်သာချိုတဖြစ်လဲ ဂျက်(ကွန်းခြံကုန်း)အတွက် အနုဿရစိတ်တို့ တွယ်ငြိခဲ့ရာကိုပြန်လည် တူးဆွကြည့်တော့ ကျောင်းသားဘဝ တစိတ်တပိုင်းက ပြန်ပေါ်လာတယ်။
တစ်ရက်သား တောင်ငူဆောင်ရှေ့က အရှည်ကြီးလက်ဖက်ရည်ဆိုင်မှာ ဇောင်းထက်၊ ကိုသာချိုတို့နဲ့အတူထွေရာ လေးပါးရယ်စရာတွေပြောနေတုန်း ဂုဏ်ထူးတန်းကျောင်းသားတယောက်လည်းမထင် မှတ်ပဲရောက်ပြီး ကျနော်တို့ ဝိုင်းမှာလာထိုင်ရင်း သူလည်း ရယ်မောပျော်ရွှင်နေတယ်။ ခဏနေတော့ အဲ့ဒီကျောင်းသားက အဆက်အစပ်မရှိ ရုတ်တရက်ကြီးပြောတာက “ ကျနော်အခု ခရီးသွားစာပေအကြောင်း စာတမ်းပြုမလို့။ ခရီးသွားစာပေအကြောင်း ဘယ်ကစရင်ကောင်းမလဲလို့” ဆိုတော့ ကိုသာချိုက ပြုံးစစ မျက်နှာပေးကို ခတ်တည်တည်လုပ်ပြီး စဉ်းစားဟန်ပြုရင်း နောက်ပြောင်နေတဲ့အရှိန်ကလေးကလည်း ကျန်ရှိနေတော့...
“အင်း.. ဗုဒ္ဓ တန့်ကြည်တောင်ထိပ် ခြေတော်ရာချတဲ့ဆီက စရင်ကောင်းမယ်ကွ” တဲ့ ကျနော်က
‘ကိုယ့်လူကတော့စားပြီ’ဆိုတာ သိလိုက်ပြီး ရယ်ချင်စိတ်ကိုမြိုသိပ်ထားရင်းက ...
“အဲ့ဒါထက်စောတာကတော့ လုဗ္ဗဏီသာမော အင်းကြင်းတောမှာ မယ်တော်မာယာဖွားတော်မူတော့ ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထမင်းသားက ခြေလှမ်း ၇ လှမ်း လှမ်းတာကစပေါ့ကွာ။” လို့
ထပ်ကွန့်လိုက်သေးတယ်။ အဲ့ဒီ ကျောင်းသားက “အဲ့ဒါတော့ ကျနော်စဉ်းစားအုံးမယ်” ဆိုပြီးထွက်သွားမှ သုံးယောက်သား ရယ်ရယ်‌ေမောမော ပေါ့။ အမြင်မတော်ရင် ကလိချင်ထေ့ချင်တဲ့ အဲ့ဒီ အနုဿရစိတ်လေး ပြန်ပေါ်လာတယ်ထင်ပါတယ်။
၈၈ အရေးတော်ပုံကာလကြီးတဝိုက်မှာ နောက် မောင်သာချို၊ နေစိမ့်၊ ကိုခင်လွန်းတို့အတူ“အိပ်မက်ဖူး” မဂ္ဂဇင်းဆိုပြီး ပရိတ် သတ်ဆီအရောက်ပို့နိုင့်ခဲ့ကြတယ်။ အဲ့ဒီမဂ္ဂဇင်းကပဲ ဂျက်(ကွမ်းခြံကုန်း)ကိုမွေးထုတ်ခဲ့တယ်။ သူ့ရဲ့သရော်ချက်အ ထိခံရသူတွေကလည်း မနည်းမနောပါပဲ။ သရော်ခံရသူတွေကလည်း တပြုံးပြုံးနဲ့ ကိုယ်မဟုတ်သလိုလို။ အခင်မင် မပျက် ခရီးဆက်လို့။ ဆရာဖြစ်ကြတော့လည်း ကျောင်းသားတွေရှေ့မှာ တည်တည်တန့်တန့်ပါပဲ။
၈၈ အရေးတော်ပုံကာလတလျောက်မှာတော့ ကျနော်တို့အသီးသီး ကိုယ့်တာဝန်ကိုယ်ယူလို့ တက် တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ ကျနော်က တက္ကသိုလ်ဆရာအသင်းမှာ။ ဇောင်းထက်နဲ့ကိုသာချိုက ကဗျာဆရာများသမဂ္ဂမှာ။ အရေးတော်ပုံကာလလွန်မြောက်တော့ ကိုသာချိုက မိတ္ထီလာကောလိပ် ပြောင်းသွားရတယ်။ ကျနော်က စစ်ကြော ရေးငရဲခန်းမှာ။
ကျနော်ထက်စောပြီးရောက်နေတာက ဇောင်းထက်။ နောက်တော့ ဇောင်းထက်ကို ပြန်လွှတ် လိုက်တယ်။
ကျနော်က အင်းစိန်တောရပ် အပို့ခံရတယ်။ ပြောချင်တာက စစ်ကြောရေးမှာ ကိုသာချိုအကြောင်းကို စစ်ထောက်လှမ်းရေးကမေးတယ်။
ကျနော်တို့လုပ်တာနဲ့ ကိုသာချိုနဲ့အဆက်အစပ်မရှိကြောင်း။ သူက လူပျော်တယောက်ဖြစ်ကြောင်း နိုင်ငံရေးကိုစိတ်မဝင်စားကြောင်း။ စာပေကိုသာစိတ်ဝင်စားသူဖြစ်ကြောင်းတွေကို ပြောပြီး ကျနော်ကိစ္စဟာ ကျနော်နဲ့သာ ဆိုင်ကြောင်း။ မဆိုင်သူတွေကို ဆွဲမထည့်သင့်ကြောင်းတွေပြောခဲ့သေးတယ်။
အဲ့ဒီအချိန်ထဲက ထောက်လှမ်းရေး က ကိုသာချိုကို ငြိုးခဲ့ဟန်ရှိတယ်။ ကျနော်အပြင်လောကထဲ
ပြန်ရောက်လာလို့ သူငယ်ချင်းတွေဆုံတော့ အဲ့ဒီ အ ကြောင်း ကိုသာချိုကိုပြောပြပြီး သတိထားပြီး
ဟောပြော ရေးသားဖို့ ပြောခဲ့သေးတယ်။
ကိုသာချိုရဲ့ဟောပြောပွဲသတင်းတွေကြားနေရတယ်။ အာဝဇ္ဇန်းရွှင်သူမို့လည်း အောင်မြင်မှုတွေရခဲ့တာပါပဲ။ သူမအားတဲ့ကြားထဲက သူငယ်ချင်းတွေချိန်းဆိုရင် ရောက်အောင်လာခဲ့တယ်။ ဆုံကြဖို့ ကမကထလုပ်သူက ကို ကျော်ဝင်းနဲ့ကိုဌေးသိန်းပါပဲ။ ဆုံတိုင်းလည်း သူငယ်ချင်းတွေအတွက် သူရဲ့ထုတ်ဝေပြီးစာအုပ်လေးတွေယူလာ ပေးလေ့ရှိတယ်။
သူ့ရဲ့ကဗျာပေါင်းချုပ် “ပျားခြေရာလမ်း”ကဗျာစာအုပ်လေးပါလာတော့ “ဒီအထဲမှာ “ခင်သက်ဆွေ လန့်ကွဲ” ပါလားဟဆိုတော့ “ခင်သက်ဆွေလမ်းခွဲ” လုပ်စန်းပါဟ” လို့ ရယ်ကျဲကျဲနဲ့ ပြန်ပြောသေးတယ်။ အဖူး ကလည်း ပြုံးလို့ ရယ်လို့။ ဌေးသိန်းနဲ့ကျော်ဝင်းက တဟားဟားနဲ့။
ကြည်နူးစရာကာလတွေပေါ့။
ပျားခြေရာလမ်းနဲ့ပတ်သက်ပြီး ခံစားရတာလေးကို မိုးမခမှာ ကျနော်ရေးခဲ့သေးတယ်။ သူက ပျား ခြေရာလမ်းကဗျာကို ၈၈ မုန်တိုင်းတိုက်ပြီး တယောက်တနေရာဆီ ကွဲကွာသွားသူတွေ။
တောထဲရောက် ထောင်ထဲရောက်သွားသူတွေ အချို့က အသက်ပါစွန့်သားကြသူတွေကိုရည်ရွယ်ပြီး..

“ကမ္ဘာမြေပြင်ပေါ်မှာ
ငလျင်ကြီးတခုလှုပ်ခတ်သွားတယ်။
ပျားတွေ
ပျားတွေ
အစုလိုက် အပြုံလိုက်
ပျံသန်းသွားကြပေါ့။
ကမ္ဘာကြီးဆီက
ဘာမှမရပဲ
ကမ္ဘာကြီးအတွက်
အကောင်းဆုံးပျားရည်စက်တွေ ပေးမလို့တဲ့လေ။
“ညက
အိပ်မက်တွေလှပပုံများ
ပျားတကောင်အဖြစ်နဲ့
ငါပျံသန်းသွား။”  လို့ရေးခဲ့တယ်။


အဲ့ဒီကဗျာလေးကို ကျနော်က“ တကယ့်အစစ်အမှန်လောက(Real World) မှာ သူမရနိုင်တဲ့၊ သူမစွမ်းသာခဲ့တဲ့ ‘စွန့်လွှတ်စွန့်စားသူတို့ရဲ့နှလုံးသား’မျိုးကို သူ့ရဲ့အိပ်မက်လောကထဲမှာ လိပ်ပြာကူးလူးခံစားလိုက်ပုံပါပဲ။ ဒါကြောင့်လည်း ပျားတကောင်အဖြစ် ပျံသန်းခွင့်ရခဲ့တဲ့အိပ်မက်ကလေးကိုပင် မက်မက် စက်စက် ဖက်တွယ်ထား ပြီး တပြိုင်တည်းမှာပဲ အဲ့ဒီလိုမက်ခွင့်ရတဲ့ အိပ်မက်ကိုပဲ ပီတိတခုလိုခံစားနေဟန်ပေါ်လွင်လာတယ်။ တကယ့်အစစ်မှန်ဘဝမှာတော့ ပြဋ္ဌာန်းခံလူမှုဘဝကို ဘယ်မှာ ကျော်နိုင်ပါ့မလဲကွယ်။”လို့ ရေးမိခဲ့တယ်။
အဲ့ဒီအချိန်က ကိုသာချိုက အပြင်လောကမှာအောင်မြင်နေချိန်ကာလပေါ့။ နောက်တော့ ၂၁
မုန်တိုင်းမှာ ကိုသာချိုလည်း အင်းစိန်တောရရောက်သွားတယ်။ ကျနော်ကလည်း ရန်ကုန်ကိုစွန့်လို့တောနယ်လေးကို ပြောင်းရွှေ့ခဲ့တယ်။ ပြန်လည်သုံးသပ်မိချိန်မှာတော့ အရင်ကရေးခဲ့တဲ့
“သူမရနိုင်တဲ့သူမစွမ်းသာတဲ့ စွန့်လွတ်စွန့်စားသူတို့နှလုံးသားမျိုးကို သူ့ရဲ့အိပ်မက်လောကထဲမှာ
လိပ်ပြာကူးလူးခံစားလိုက်ပုံပဲ” ဆိုတဲ့ စာသားကို ပြန်ပြင်ရမဲ့အနေအထားဖြစ်သွားတယ်။ သူဟာ
အင်းစိန်တောရပ်ကိုဝင်နေရင်း အိပ်မက်မှာမဟုတ်ပဲ တကယ့်ဘဝမှာပဲ ‘စွန်လွှတ်စွန့်စားသူတို့နှလုံးသားမျိုး’ ကို တိုက်ရိုက်ခံစားလိုက်ပြီပဲ။ သူကိုယ်တိုင် စွန့်လွှတ်စွန့်စားတဲ့နှလုံးသားကို
ပိုင်ဆိုင်နေပြီမဟုတ်ပါလား။ ဘဝတန်ဖိုးဆိုတာ ကိုယ်တိုင်သတ်မှတ်ကြစမြဲပါပဲလေ။
သူနဲ့နောက်ဆုံးဆုံခဲ့ကြတာက နှစ်ယောက်လုံး ဂီလာနဘဝမှာပေါ့။ သူက ‘ကင်ဆာရောဂါသည်။
ကိုယ်က နှ လုံးရောဂါသည်။ အဲ့ဒီ ဂီလာနနှစ်ယောက်ကို ရေခြားမြေခြားရောက်နေတဲ့ ကိုနေဝင်းအောင်ကလည်း ဆုံတွေ့စေချင်တယ်။ သူ့ဆီကိုဓါတ်ပုံပို့ပေးဖို့ပြောလာတယ်။ ဒီလိုနဲ့ ကိုကျော်ဝင်း ကိုဌေးသိန်းတို့အစီစဉ်နဲ့ ကိုသာချိုအိမ်သွားခဲ့ကြတယ်။ သူက သူနောက်ဆုံးထုတ်ခဲ့တဲ့ “အသောက” ကဗျာလေးပေးရင်း “ကိုယ်အခု ကလေးတွေအတွက်ပုံပြင်စာအုပ်လေးတအုပ်လုပ်နေတယ်ကွ။ အခုစာအုပ်ထုတ်ပြီးသမျှ အုပ် ၈၀ လောက်ရှိပြီ။ အုပ် ၁၀၀ လောက်ထိရေးမယ်လို့ စိတ်ကူးထားတယ်”လို့ အားပါးတရပြောပြနေသေးတယ်။ သူ့ ရော ဂါကိုသူမေ့ထားဟန်ပါပဲ။ ကိုကျော်ဝင်းနဲ့ကိုဌေးသိန်းတို့က ကြိုတင်အသိပေးထားတာကြောင့် ကိုယ်ကလည်း သူ့ ရောဂါအကြောင်း မမေးဖြစ်မစဖြစ်ခဲ့ဘူး။ ငယ်ကျိုးငယ်နာတွေကိုပြောပြီး ဇရာတောမှာ လွမ်းမောခဲ့ကြသေးတယ်။
အခုတော့ ပြန်လည်တမ်းတလို့ လွမ်းဖွယ်ရာတွေပါပဲ။ သူရေးချင်တဲ့ အုပ်ရေ ‘တရာ’ပြည့်မှပြည့်သွားပါလေစ။ ကလေးပုံပြင်လေးတွေ အဆုံးသတ်ရေးပြီးမှပြီးပါလေစ။
မင်းကတော့ ရောက်ရာဒေသမှာ မိတ်ဟောင်းတွေကို မိတ်သစ်အဖြစ် ပြန်လည်မိတ်ဖွဲ့သီနေမယ်လို့ယုံကြည်ပါတယ်။ ပြီးတော့ သူတို့နဲ့အတူ ပျားခြေရာလမ်းအတိုင်း ပျံသန်းရင်း ရယ်စရာတွေပြောပြီး ပျော်မြူးနေလေမလား။ ပျားတကောင်လိုပျံသန်းရင်း ဝတ်မှုံဝတ်ရည်တွေ တဝကြီးလူးပြီး ပျော်စရာအိပ်မက်တွေ မက်နေလောက်ရောပေါ့။ မင်းတို့ကို အသိပေးရအုံးမယ်။ ငါတို့ရှင်သန်ရာလူ့လောကကြီးထဲမှာတော့ ပျားမျိုးစိတ်အသစ်တွေက ဝတ်ရည်တွေကိုသယ်ဆောင်ရင်း သူတို့အိမ်ရှိရာဆီပြန်လာဖို့ ပျားခြေရာလမ်းသစ်တွေကို ဆက်လက်ဖောက်လုပ်နေကြတယ်သူငယ်ချင်း။
မင်းတို့ကတော့ မင်းတို့တာဝန်ပြီးဆုံးသွားပြီမို့ ပျားခြေရာလမ်းကြောင်းအတိုင်း တောင်ဟုန်ဖြန့်လို့
မိုးတိမ်ယံစွန်အထိ လွတ်လပ်စွာဝဲပျံနိုင်ကြပါပြီလေ။
အခုဆို တို့ဆီမှာ စက်တင်ဘာမိုးစက်တို့ကလည်း တဖွဲဖွဲကျနေတယ်။ ဒီကာလမျိုးမှာ တောင်ပိန္နဲသီးတွေလည်း တဖြုတ် ဖြုတ်ကြွေကျနေရောပေါ့။ လေပြေလေးကလည်း တဖြူးဖြူးနဲ့။
ပန်းပေါင်စုံလည်း ဖူးပွင့်ဝေဆာ လို့။ ပျားလေးတွေကလည်း ကမ္ဘာကြီးအတွက် အကောင်းဆုံးပျားရည်စက်တွေပေးဖို့ လူးလာ ခူးခပ်နေကြတယ် ကိုသာချို။ မင်းကတော့ သမုယနွယ်ကြိုးတွေကိုဖြတ်တောက်လို့ ပျားခြေရာလမ်းမှာ လွတ်လပ်စွာပျံဝဲ နေရော ပေါ့။ ပျံပါလေသူငယ်ချင်း။ အမြင့် ပျံငှက်တို့ပျော်စံရာ အထက်ဝေယံအထိ ပေါ့ပါးလန်းဆန်းစွာ ဝဲပျံပါလေတော့သူငယ်ချင်း။

ထွန်းဇော်ဌေး 

* ပန်းချီဆရာ ရဲအောင်နိုင်‌‌ ရေးဆွဲထားသည့် ဆရာမောင်သာချို၏ တက္ကသိုလ်ကျောင်းသားဘဝပုံတူကို မိုးမခမှာ ကူးယူဖော်ပြထားပါသည်။

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar