ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်း နှိမ်နှင်းမှုနဲ့ ပထဝီနိုင်ငံရေး
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၂ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၅
ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်း နှိမ်နှင်းမှုနဲ့ ပထဝီနိုင်ငံရေး
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ အပြသဘောဖြစ်စေ၊ အမှန်တကယ် ရည်ရွယ်ပြီး လုပ်တာဖြစ်စေ အာဏာသိမ်းစစ်တပ်၊ BGF/KNA, DKBA တို့က လုပ်ဆောင်လာနေရပြီ ဖြစ်ပါတယ်။ ဒီရာဇဝတ်မှု လုပ်ငန်းတွေကို မြေပြင်မှာ လက်တွေ့အကာအကွယ်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ BGF/KNA နဲ့ DKBA တို့က အရေးယူတာ ရှင်းလင်းတာတွေကို လုပ်ဆောင်လာနေကြတာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အစပိုင်း ဖေဖော်ဝါရီလနဲ့ မတ်လတုန်းက တကြိမ် မြဝတီမြို့နယ်ထဲက ကျားဖြန့်ဂိုဏ်းတွေကို ဖမ်းဆီးတာ ထိုင်းဘက်နဲ့ မြန်မာစစ်တပ်ထံ လွှဲပြောင်းတာတွေ လုပ်ခဲ့ပေမယ့် အတိုင်းအတာတခုမှာ ရပ်နားလိုက်ပြီး အဆိုပါ ကျားဖြန့်ဂိုဏ်းတွေ ဆက်လက်ရှင်သန်နေခဲ့ကြတာ ဖြစ်ပါတယ်။ ကျားဖြန့်ဂိုဏ်းတွေ အရေအတွက်အားဖြင့် ဘယ်လောက်ရှိသလဲ၊ လူဦးရေအားဖြင့် ဘယ်လောက်အရေအတွက် ရှိသလဲဆိုတာကိုတော့ ပြင်ပက အဖွဲ့အစည်းနဲ့ အစိုးရတွေထက် အဆိုပါ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ကသာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဘာကြောင့် ထိုင်း-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေက ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးထားကြသလဲလို့ မေးရင် တခွန်းတည်း ပြန်ဖြေဆိုရမယ်ဆို ငွေကြေးကြောင့်လို့သာ ဖြေဆိုရမှာပါ။ ကျားဖြန့်ရာဇဝတ်မှုလုပ်ငန်းတွေ မရှိခင်က ဒီလက်နက်ကိုင်အဖွဲ့တွေ ဘယ်က ဝင်ငွေနဲ့ ရပ်တည်ခဲ့ကြသလဲ၊ ကျားဖြန့်လုပ်ငန်းတွေကို ဘယ်အချိန်က စပြီး လုပ်ကိုင်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းတွေက အများပြည်သူ လက်လှမ်းမှီတဲ့ သတင်းအချက်အလက်မျိုးတော့ မဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင်နဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေလိုမျိုးကသာ ထောက်လှမ်းသိရှိနိုင်တဲ့ သဘော ဖြစ်ပါတယ်။
ရွှေကုက္ကို မြို့သစ်စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ အထူးစီးပွားရေးဇုန်နဲ့ မြို့သစ်စီမံကိန်းတခုအဖြစ် ခွင့်ပြုပေးခဲ့တာပါ။ ဒီရွှေကုက္ကို စီမံကိန်းကို အစိုးရရဲ့ ကုမ္ပဏီမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ခဲ့စဥ်က မြန်မာရထိုက် ကုမ္ပဏီနဲ့အတူ စောချစ်သူ နယ်ခြားစောင့်တပ် BGFကလည်း ရှယ်ယာ ၂၀ ရာနှုန်းကို ပိုင်ဆိုင်တယ်လို့ ဖော်ပြခဲ့တာပါ။ အဲဒီကာလတွေကတော့ ကျားဖြန့်လို ရာဇဝတ်မှုလုပ်ငန်းရယ်လို့ သဲလွန်စ အနံ့အသက်တောင် မရကြ မသိရှိခဲ့ကြဘဲ နိုင်ငံတကာ ခရီးသွားတွေကို ပစ်မှတ်ထားတဲ့ အပန်းဖြေလုပ်ငန်း၊ ကာစီနို လောင်းကစားလုပ်ငန်းတွေအဖြစ်နဲ့ သိရှိကြပြီး ရင်းနှီးမြှုပ်နှံမယ့် ပမာဏကလည်း ကြီးမားတာကြောင့် ကရင်ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်အောက်မှာ မရှိတော့ပဲ ပြည်ထောင်စုအစိုးရ အောက်မှာ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် ယမန်နှစ်ဆန်းပိုင်း စစ်ကောင်စီ တပ်တွေ စစ်ရေးအရ အရှုံးများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ စောချစ်သူ ဦးဆောင်တဲ့ BGF တပ်ဖွဲ့ Karen National Army အဖြစ် အမည်ပြောင်းခဲ့ပြီး မြန်မာစစ်တပ်က ပေးတဲ့ အထောက်အပံ့တွေကိုလည်း ရယူခြင်း မရှိတော့ဘူးလို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်အဖို့ သင်္ဃန်းညီနောင်တဝိုက်က အခြေစိုက် တပ်ရင်းတွေ၊ ဗျူဟာစခန်းတွေကို ဆက်တိုက်လက်လွှတ်ဆုံးရှုံးရပြီး မြဝတီမြို့ ထိန်းချုပ်မှုကိုပါ လက်လွှတ်ခဲ့ရတဲ့ ကာလမှာ BGF အနေနဲ့ အာဏာသိမ်းစစ်တပ်ကို သစ္စာမဖောက်သည့်တိုင် ခပ်ခွာခွာနေဖို့ ဆုံးဖြတ်ခဲ့ပြီး အမည်ပြောင်းလဲခဲ့တာပါ။
ဒီလိုအခြေအနေမျိုးမှာ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကြောင့် ထိခိုက်နစ်နာမှုတွေ၊ ခေတ်သစ်ကျေးကျွန်ပြုမှု အဖြစ်အပျက်တွေက လူစိတ်ဝင်စားစရာဖြစ်စေပြီး တရုတ်နိုင်ငံက မြဝတီမြို့နယ်ထဲက ကျားဖြန့်ဂိုဏ်းတွေကို လျှပ်စစ်မီး၊ အင်တာနက်၊ ထိုင်းနိုင်ငံထဲက ဖြတ်သန်းဝင်ရောက်မှုတွေ ကန့်သတ်ဖို့နဲ့ ကြပ်မတ်ဖို့ ထိုင်းအစိုးရကို ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရ အနေနဲ့ တရုတ်နိုင်ငံရဲ့ဖိအား ကမ္ဘာ့အလယ်မှာ အရှက်ရစေတဲ့ ကျားဖြန့်လုပ်ငန်းကို အင်တာနက် လျှပ်စစ်မီး ထောက်ပံ့ပေးသလို ဖြစ်နေတဲ့အနေအထားကို အရေးယူ ကန့်သတ်မှုတွေ လုပ်လာခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့တော့ စောချစ်သူ ဦးဆောင်တဲ့ BGF လက်နက်ကိုင်တပ်ဖွဲ့က ၄င်းတို့ ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့တဲ့ ကာလမှာ အခုလို ပြဿနာတွေ ပေါ်လာတာမို့လို့ အတိုင်းအတာတခုထိ အပြစ်လွတ်သွားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ခုနှစ်ထဲမှာတော့ ကျားဖြန့်လုပ်ငန်းတွေကြောင့် ၄င်းတို့ နိုင်ငံသားတွေ နစ်နာဆုံးရှုံးရတယ်ဆိုတဲ့အကြောင်းခံကြောင့် အင်အားကြီးနိုင်ငံ ၂ နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့က ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေ နှိမ်နှင်းရေးကို တနိုင်ငံချင်းစီ မဟာဗျူဟာချမှတ် လုပ်ဆောင်ကြမယ့် အနေအထား ဖြစ်ပါတယ်။ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို ဦးဆောင်သူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်သလို ဒီရာဇဝတ်ဂိုဏ်းတွေက ပစ်မှတ်ထား လိမ်လည်ခံရသူတွေထဲမှာလည်း တရုတ်နိုင်ငံသားအများအပြား ပါဝင်နေတာကြောင့် တရုတ်နိုင်ငံ အနေနဲ့ စီမံချက်တွေ ချမှတ်လုပ်ဆောင်ဖို့ လုံလောက်တဲ့ အကြောင်းခံတွေ ရှိနေပြီး ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံ အစိုးရတွေကိုလည်း တိုက်တိုက်တွန်းတွန်း နဲ့ လုပ်ဆောင်စေမယ်လို့ မှန်းဆနိုင်ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေ နှိမ်နှင်းရေးကို မကြာသေးခင်ကမှ စတင်အာရုံစိုက်လာတာ ဖြစ်ပြီး DKBA ခေါင်းဆောင် ၄ ဦးကို ပိတ်ဆို့ပြီး အရေးယူတာ၊ ကျားဖြန့်နှိမ်နှင်းရေးအထူးအဖွဲ့ ဖွဲ့စည်းတာတွေကို လုပ်ဆောင်လာတာ တွေ့ရပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံ အနေနဲ့ အစဥ်အလာအရ စစ်ရေး စီးပွားရေး မဟာမိတ်ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု ရဲ့ ကျားဖြန့် နှိမ်နှင်းရေးအပေါ် ပူးပေါင်းဆောင်ရွက်မှုနဲ့ လက်ရှိကာလ စီးပွားရေးအရ ကျယ်ပြန့်တဲ့ဆက်စပ်မှု ရှိနေပြီး ဒေသတွင်း သြဇာကြီးမားလာတဲ့ တရုတ်နိုင်ငံရဲ့ ကျားဖြန့်နှိမ်နှင်းရေးအစီအစဥ်ကို ပူးပေါင်းဆောင်ရွက်မှု ၂ ရပ်တို့ကို တပြိုင်နက်ထည်း လုပ်ဆောင်ရမယ့် သဘောဖြစ်လာပါတယ်။
အာဏာသိမ်း စစ်တပ် အနေနဲ့တော့ BGF တွေနဲ့ ခပ်ခွာခွာ ရှိနေခဲ့ခြင်းက ၄င်းအဖို့ ကံကောင်းတဲ့အခြေအနေတရပ်သဖွယ် ဖြစ်စေပြီး ခုရက်ပိုင်းတွေ လုပ်ဆောင်နေတဲ့ ရွှေကုက္ကိုမြို့က ကျားဖြန့်ရာဇဝတ်မှုတွေ ရှင်းလင်းရေးမှာ BGF ကို အသေးစိတ် အသိပေးခြင်း မရှိဘဲ လုပ်ဆောင်နေတာတွေတောင် ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။
အချို့သော နိုင်ငံရေး အကဲခတ်သူတွေက ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်နှိမ်နှင်းရေး ကို ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေး နဲ့ အလားသဏ္ဌာန်တူ သတ္တုချပြီး ကျားဖြန့်နှိမ်နှင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြည်ပနိုင်ငံက လက်နက်၊ ငွေကြေး အကူအညီပေးလာ နိုင်တယ်ဆိုတဲ့ ဇာတ်လမ်းမျိုး မျှော်လင့်နေကြတာလည်း တွေ့မြင်နေရတာပါ။
ကျားဖြန့် နှိမ်နှင်းရေးဟာ ဒီဒေသမှာ အခြေစိုက်နေကြတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုတွေအတွက် အမြတ်ထွက်နိုင်ချေရှိမရှိကတော့ ပြောရမှာ အနည်းငယ်စောနေသေးတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar