လေးလေး - နုပျိုသည်မှ အိုမင်းရင့်ရော်သည်အထိ
လေးလေး - နုပျိုသည်မှ အိုမင်းရင့်ရော်သည်အထိ
မိုးမခ ၊ ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၆
“ချစ်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ မိသားစုဘဝ၊ မိတ်ဆွေဖွဲ့ခြင်း၊ တွေးခေါ်မှု၊ အလုပ်လုပ်ခြင်း၊ ခေါင်းဆောင်မှု၊ အိုခြင်းနှင့် ပျော်ရွှင်ခြင်း၊ စသဖြင့် အဓိပ္ပာယ်ရှိသော ဘဝတခုဖြစ်မြောက်ရေး လမ်းညွှန်ကျမ်း”
ဆရာမြသန်းတင့်ရဲ့ “ဘဝနေနည်းနှင့်အနုပညာ” စာအုပ်အညွှန်း ဖြစ်တယ်။
စာအုပ်ရာဇဝင်အရ ဒီစာအုပ်ဟာ ပြင်သစ်စာရေးဆရာ အန်ဒရေမော်ရွိုင်း ရဲ့ The Art of Living ‘စာအုပ်ကို ဘာသာပြန်ထားတာပါ။ စာအုပ်ပါ ဆောင်းပါးတွေကို မြသန်းတင့်က ၁၉၉၂ ခုနှစ်၊ မတ်လကစပြီး ၁၉၉၇ ခုနှစ်အထိ သင့်ဘဝအောင်မြင်ရေးမဂ္ဂဇင်းမှာ ဘာသာပြန်ထည့်သွင်းခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ လုံးချင်းအဖြစ် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တယ်။ လက်ထဲရောက်လာတဲ့ ဘဝနေနည်းနှင့်အနုပညာ စာအုပ်ကတော့ စတုတ္ထအကြိမ် ထုတ်ဝေထားတဲ့ စာအုပ်ပါ။
စာအုပ်ထဲမှာ ချစ်ခြင်းအနုပညာ၊ လက်ထပ်ထိမ်းမြားခြင်းအနုပညာ၊ အိုခြင်းအနုပညာ၊ ပျော်ရွှင်ခြင်းအနုပညာ စသဖြင့် အခန်းပေါင်း ၉ ခန်း ဖော်ပြပါရှိတယ်။ ဘယ်သူမှတော့ ဒီဘဝနေနည်းကျမ်းကြီး ဖတ်ပြီး ဘဝတလျှောက်လုံး နေထိုင်သွားမှာ မဟုတ်ပေမဲ့ စာအုပ်ဖတ်ဖူးထားရင်တော့ ဘဝကို အဓိပ္ပာယ်ရှိအောင် နေထိုင်ဖြစ်သွားနိုင်ပါတယ်။ ငယ်တဲ့သူတွေအတွက် အချစ်လမ်းညွှန်၊ လက်ထပ်ခြင်းလမ်းညွှန်တွေ ဖြစ်နိုင်သလို၊ လူကြီးတွေအတွက် အိုခြင်းလမ်းညွှန်၊ ဘယ်လို အိုကြမလဲ လမ်းညွှန်ချက်တွေ ဖြစ်နိုင်ပါတယ်။
မြည်းစမ်းကြည့်ပါ။
“ကျနော်တို့ရဲ့ဘဝ အချို့သော အရွယ်တွေမှာ အထူးသဖြင့် ကြီးကောင်ဝင်စအရွယ်နဲ့ အသက်ငါးဆယ်နား ရောက်တဲ့အရွယ်တွေမှာ ချစ်ခြင်းကို တောင့်တလာတတ်ကြတယ်။ ဘယ်သူ့ကို ချစ်တယ်ရယ်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ထွေပြားတဲ့ ခံစားချက်မျိုးပါ။ တစုံတခုကို မျှော်လင့်ပြီး ကြည်နူးနေတတ်တဲ့ စိတ်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ လူတယောက်ဟာ သူ့စိတ်ကူးထဲက မိုးနတ်မယ်လို လှတဲ့ မိန်းကလေးတွေကို အစွဲလမ်းကြီး စွဲလမ်းနေတတ်တယ်။ စိတ်ကူးထဲက မိန်းကလေးလို့ ပြောရတာက တခြားကြောင့် မဟုတ်ဘူး။ တကယ့် မိန်းကလေးမှ မတွေ့သေးဘဲ ကိုး။”
ဒါမျိုးလေးတွေ ဖတ်ရပါတယ်။ အသက်ငါးဆယ်နား ဆိုတာကတော့ “စား”တယ်။
ကျနော်တို့ဆီမှာ စာရေးဆရာတွေ အသက်ကြီးလာရင် စာမရေးကြတော့ဘဲ ရေးပြီးသား စာအုပ်အဟောင်းတွေကိုပဲ ပြန်ပြန်ထုတ်နေကြတာ တွေ့ရအတော်များတယ်။ အသက်ကြီးလာရင် စာရေးဖို့ ခက်သွားတာလား၊ ဘာကြောင့်လဲလို့ ကိုယ့်ဘာသာ မေးခွန်းထုတ်ဖူးတာ မကြာခဏပါပဲ။ အခု ဒီစာအုပ် တနေရာမှာ ခုလို ဖတ်လိုက်ရတယ်။
“တချို့မှာလည်း သူတို့ရဲ့ အနုပညာဈာန်ဟာ ခပ်စောစောပဲ ကုန်ခန်းသွားကြတာ တွေ့ရတယ်။ ဒီလိုဖြစ်ရတာကတော့ သူတို့ရဲ့အရည်အချင်းက ငယ်ငယ်ရွယ်ရွယ် အခက်အခဲ အကျပ်အတည်းတွေ ရှိတုန်းမှာ ပေါ်ပေါက်လာရပြီး ကြီးတဲ့အခါမှာ အခက်အခဲ အကျပ်အတည်းတွေက လွန်မြောက်သွားပြီး ဇိမ်တွေ့သွားကြလို့ပါ။”
ဆရာဇော်ဂျီကတော့ အသက် ၇၇ နှစ်၊ အိုမင်းမစွမ်းဖြစ်ချိန်မှာပဲ ရှေးခေတ်ပုဂံပြည် ကဗျာ ၃၃ ပုဒ်ကို ရေးထားခဲ့တယ်။ မသွားနိုင် မလာနိုင် အိုမင်းမစွမ်း ဖြစ်လာချိန်မှာ သွားလာခဲ့ဖူးတာတွေ ပြန်တွေးမြင်ပြီး ရေးခဲ့တာပါလို့ ဇော်ဂျီ က သူ့တပည့်တွေကို ပြောခဲ့တယ်။ ဒီစာအုပ်တနေရာမှာလည်း အိုခြင်း နှစ်မျိုးရှိပုံ ဖတ်ရတယ်။
“ကျေနပ်ရောင့်ရဲစွာ အိုမင်းတဲ့နည်း နှစ်နည်း ရှိတယ်။ ပထမနည်းကတော့ မအိုအောင်နေတဲ့နည်းပဲ။ အလုပ်ကို လက်နဲ့မပြတ် လုပ်နေခြင်းဖြင့် အိုခြင်း(ဇရာ)ကို ရှောင်တဲ့ လူတွေရဲ့နည်းပဲ။ ကျေနပ်ရောင့်ရဲစွာ အိုတဲ့ နောက်တနည်းကတော့ စွန့်လွှတ်ရဲသော စိတ်အပြည့်ဖြင့် ဇရာကို တည်ငြိမ်စွာ လက်ခံဖို့ပါပဲ။”
ဆရာဇော်ဂျီ အသက် ၇၇ နှစ်ကျမှ ရှေးခေတ်ပုဂံကဗျာတွေ ရေးသွားတာ စွန့်လွှတ်ရဲသော စိတ်အပြည်ဖြင့် ဇရာ ကို တည်ငြိမ်စွာ လက်ခံပြီး ရေးသွားခဲ့တာပါ။
မြသန်းတင့်ရဲ့ “ဘဝနေနည်းအနုပညာ” စာအုပ်ကို ဇော်ဂျီဖိုလ်ဝင် စာအုပ်တိုက်က ၂၀၂၅ ခုနှစ်၊ မတ်လမှာ စတုတ္ထအကြိမ်အဖြစ် အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် ၁၅,၀၀၀ တိတိ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar