မောင်တင့်တယ် - သွေးနှင့်မျက်ရည်ကြားက နီရဲသောပန်းတပွင့် သို့မဟုတ် ပါရီဘုံအဖွဲ့၏ လွမ်းမောဖွယ်ကဗျာတပုဒ်
သွေးနှင့်မျက်ရည်ကြားက နီရဲသောပန်းတပွင့်
သို့မဟုတ်
ပါရီဘုံအဖွဲ့၏ လွမ်းမောဖွယ်ကဗျာတပုဒ်
မောင်တင့်တယ်
(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၆
၁၈၇၁ ခုနှစ်၏ နွေဦးသည် ပါရီမြို့တော်ကြီးဆီသို့ ပုံမှန်နွေဦးရက်များကဲ့သို့ ရောက်ရှိမလာခဲ့ပေ။ ထိုနွေဦးသည် ဖိနှိပ်ခံ လူတန်းစားတို့၏ သွေးရဲရဲ၊ မျှော်လင့်ချက်ရဲရဲတို့ဖြင့် နီမြန်းနေခဲ့သည်။ သမိုင်းတွင် "ပါရီကွန်မြွန်း" (Paris Commune) ဟု ကမ္ဗည်းထိုးမည့် ပါရီဘုံအဖွဲ့ကြီးသည် အာဏာရှင်စနစ်နှင့် အရင်းရှင်စနစ်၏ အမှောင်ထုကို ဖြိုခွင်းကာ သုံးလမပြည့်သည့် ရက်ပေါင်း (၇၂) ရက်မျှ ကမ္ဘာမြေပေါ်တွင် နတ်ဘုံနတ်နန်းတခုကို ဖန်တီးပြခဲ့ကြသည်။
သို့သော် ထိုဘုံအဖွဲ့သားတို့၏ လွတ်လပ်မှု အိပ်မက်သည် ကြေကွဲဝမ်းနည်းဖွယ် သွေးပင်လယ် ဝေခြင်းဖြင့် နိဂုံးချုပ်ခဲ့ရသည်။
တော်လှန်ရေး၏ မီးပွားနှင့် အမျိုးသားကာကွယ်ရေးတပ်၏ အမြောက်ကြီးများ
ပါရီကွန်မြွန်း တော်လှန်ရေးမီးတောက်ကြီး စတင်တောက်လောင်ရခြင်း၏လတ်တ လောအဓိက သွေးကြောမှာ ပြည်သူ့လက်နက်များ ဖြစ်ကြသည့် "အမြောက်ကြီးများ" ပင် ဖြစ်သည်။ ပရပ်ရှား (Prussia) စစ် တပ်နှင့် စစ်ရှုံးပြီးနောက် သစ္စာ ဖောက် အဒေါ့ဖ်သီရာ့ (Adolphe Thiers) ၏ အရင်းရှင် အစိုးရသည် ပါရီပြည်သူတို့ကို လက်နက် ဖြုတ်သိမ်းရန် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် ပါရီပြည် သူများ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်ဝယ်ယူထားပြီး အမျိုးသား ကာကွယ်ရေးတပ် (National Guard) က ထိန်းသိမ်းထားသည့် အမြောက်ကြီးအမြားအပြားကို သိမ်းယူရန် ဗာဆိုင်းအစိုးရက စစ်တပ်စေလွှတ်ခဲ့သည်။
သို့သော် ၁၈၇၁ မတ်လ ၁၈ ရက်အရုဏ်ဦးတွင် ပါရီပြည်သူများနှင့် အမျိုးသားကာကွယ်ရေးတပ်သားများသည် ထိုအမြောက် များကို ဖက်တွယ်ကာကွယ်ခဲ့ကြသည်။ ရန်သူ့ထံ အမြောက်များ အပ်နှံရန် ငြင်းဆန်ပြီး အစိုးရ စစ်တပ်ကို ပြန်လည်မောင်းထုတ်ကာ အမြောက်များကို မိမိတို့လက်ထဲတွင် ခိုင်မြဲစွာပြန်လည်သိမ်း ဆည်းနိုင်ခဲ့သည်။
ဤအမြောက်သိမ်းပွဲသည်ပင် ပါရီဘုံအဖွဲ့ကြီး တရားဝင်အာဏာရရှိလာစေမည့် တော်လှန်ရေး သမိုင်းဦးမီးပွား ဖြစ်ခဲ့တော့ သည်။
သွေးမြေကျတိုက်ပွဲများနှင့် ဘဲဗီးလ်တောင်ကုန်းပေါ်က နောက်ဆုံးခုခံစစ်
ပါရီဘုံအဖွဲ့သားတို့၏တိုက်ပွဲသမိုင်းသည် ရိုးသားလှသောအလုပ်သမားထု၏ရဲစွမ်းသတ္တိကို ဖော်ညွှန်း နေသည်။ သမိုင်းတွင် "သွေးစွန်းသောရက်သတ္တပတ်" (Semaine Sanglante) ဟု ခေါ်တွင်သည့် မေလနောက် ဆုံးပတ်တွင် ပါရီမြို့၏ လမ်းမတိုင်း၊ အဆောက် အအုံတိုင်းသည် စစ်တလင်းဖြစ် ခဲ့ရသည်။
ဗာဆိုင်းအစိုးရ၏တန်ပြန်တော်လှန်ရေးစစ်တပ်များသည် ပါရီမြို့ထဲသို့ ရက်ရက်စက်စက် အလုံး အရင်းဖြင့် ဝင်ရောက်လာချိန်တွင် ဘုံအဖွဲ့သားများသည် မိမိတို့ ယုံကြည်ချက်အတွက် လမ်းဆုံလမ်းခွတိုင်းတွင် အကာအကွယ် ကတုတ်ကျင်း (Barricades) များ ဆောက်လုပ် ကာ နောက်ဆုံးသွေးတစက်အထိ ခုခံခဲ့ကြသည်။ အထူးသဖြင့် အလုပ်သမားလူတန်းစား အမာခံနယ်မြေဖြစ်သည့် ဘဲဗီးလ် (Belleville) တောင်ကုန်းသည် ကွန်မြွန်းအဖွဲ့သားတို့၏ နောက် ဆုံးခံတပ်ကြီး ဖြစ်လာခဲ့သည်။
ဘဲဗီးလ်တောင်ကုန်း၏ ကျဉ်းမြောင်းလှသော လမ်းကြိုလမ်းကြားများတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များပါမကျန် သေနတ်ကိုယ်စီကိုင် ကာ လမ်းပေါ်တိုက်ပွဲများကို ပြင်းထန်စွာ ဆင်နွှဲခဲ့ကြသည်။ ရန်သူ့အမြောက်ကျည်များ အဆက်မပြတ်ကျရောက်နေသည့် ကြားမှ ဘဲဗီးလ်တောင်ကုန်းပေါ် က ခုခံစစ်သည် စိတ်ဓာတ်မပြက်ဘဲ ရဲရဲတောက် တောက် လောင်ခဲ့သည်။ သို့သော်လည်း အင် အားချင်းမမျှတမှုကြောင့် ဘဲဗီးလ်တောင်ကုန်းကြီး ကျဆုံးသွားခဲ့ရရှာပြီး လမ်းမများပေါ် တွင် ကွန် မြွန်းရဲဘော်တို့၏ ရုပ်အလောင်းများနှင့် သွေးချင်းချင်းနီကာ ကြေကွဲဖွယ်ရာ မြင်ကွင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
"မိုးမာ့ထ်တောင်ကုန်းပေါ်က နတ်သမီးနှင့် အမျိုးသမီးသမဂ္ဂ ခေါင်းဆောင်”
ဘဲဗီးလ်နှင့်အတူ အမြောက်ကြီးများကို ကာကွယ်ရန် တိုက်ပွဲဝင် ခဲ့ကြသည့် အခြားအဓိကဗဟို ချက်တခုမှာ မိုးမာ့ထ် တောင် ကုန်း (Montmartre) ဖြစ်သည် ။ ထိုတောင်ကုန်းပေါ်တွင် အမြောက်များကို ရန်သူ့လက်ထဲမရောက်အောင် အသက်စွန့်ကာကွယ်ခဲ့ပြီး အမျိုးသမီးတပ်စုကို ရဲရဲတောက် ဦးဆောင်ခဲ့သူမှာ လူဝီ မိရှဲလ် (Louise Michel) ဖြစ်သည်။
"ပါရီကွန်မြွန်း၏ ပန်းရောင်နတ်သမီး" ဟု အများကတင်စားကြသည့်သူမသည် တိုက်ပွဲမြေ ပြင်တွင် အမျိုးသမီးသမဂ္ဂကို ထူထောင်ကာ သူနာပြုအဖြစ်သာမက သေနတ်ကိုင် စစ်သည် တော်အဖြစ်ပါ ရှေ့တန်းမှ ခုခံခဲ့သည်။ သူမသည် တရားခွင်တွင် ရန်သူ့ရှေ့မှောက်၌ပင် ဒူးမ ထောက်ဘဲ "ကျွန်မကို သတ်ချင်ရင် သတ်လိုက်ကြ၊ မသတ်ရင် ကျွန်မဟာ တော်လှန်ရေးကို ဆက်လုပ်နေဦးမှာပဲ" ဟု ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့သူ ဖြစ် သည်။
သူမ၏ ပြတ်သားသော ဦးဆောင်မှုသည် ဖိနှိပ်ခံအမျိုးသ မီးထုအတွက် ရာစုနှစ်ပေါင်းများစွာ တောက် လောင်မည့် မီးရှူးတန်ဆောင် ဖြစ်ခဲ့ရသည်။
အင်တာနေရှင်နယ် သီချင်းရေးဆရာ ပို့တီရေး
ပါရီဘုံအဖွဲ့ကြီး၏ စိတ်ဓာတ်သည် အသွေးအသားထဲတွင်သာမက ကမ္ဘာတည်သရွေ့ ပဲ့တင် ထပ်နေမည့် တေးသီချင်းတပုဒ် အဖြစ်လည်း ကျန်ရစ်ခဲ့သည်။ ထိုသီချင်းမှာ ကမ္ဘာ့အလုပ်သမားလူတန်းစားတို့၏ သွေးသစ္စာသီချင်း ဖြစ်သော "အင်တာနေရှင်နယ်" (L'Internationale) ဖြစ်သည်။
ဤသီချင်း၏ ကဗျာစာသားများကို ရေးစပ်ခဲ့သူမှာ ပါရီဘုံအဖွဲ့၏ ခေါင်းဆောင်တဦးဖြစ်ပြီး တော်လှန်ရေးကဗျာဆရာယူဂျင်းပို့တီရေး (Eugène Pottier) ဖြစ်သည်။ ဗာဆိုင်းတပ် များ၏ သွေးချောင်း စီးသတ်ဖြတ်မှုကြား ပါရီမြို့တော်ကြီးပျက်စီးနေချိန်၊ သူကိုယ်တိုင်ပုန်းရှောင်နေရသည့် အသက် အန္တရာယ်ကြားမှနေ၍ ပို့တီရေးသည် ဤမော်ကွန်းဝင် ကဗျာကို ရေးစပ်ခဲ့သည်။ "ထလော့ အငတ်ဘေးကျရောက်သူတို့တွေ၊ ထလော့ကမ္ဘာတဝှမ်းကကျေးကျွန်တွေ.." ဟု အစပြုသည့် သူ၏ စာသားများသည် အရှုံးသမိုင်းကြားမှရုန်းထွက်ကာ ကမ္ဘာ့အဖိနှိပ်ခံ ပြည်သူတို့ကို တော်လှန်ရေးအလံအောက်သို့ ဆင့်ခေါ်ခဲ့သည်။
နောက်ပိုင်းတွင် ပြဲဒညေးတာ (Pierre De Geyter) ကသံစဉ်ထည့်သွင်းသောအခါ ဤသီချင်းသည် တကမ္ဘာလုံးရှိ ဖိနှိပ်ခံရသူတို့၏ အမျိုးသားသီချင်း ဖြစ်လာခဲ့တော့သည်။
ပဲလာရှေးသုသာန်နှင့် ဖက်ဒရယ်တံတိုင်းက ကြွေးကြော်သံ
ပါရီဘုံအဖွဲ့၏ နောက်ဆုံးနိဂုံးကဗျာကို အလွမ်းမောဆုံး ရေးထိုးခဲ့သည့်နေရာမှာ ပဲလာရှေးဇ် သုသာန် (Père Lachaise Cemetery) ဖြစ်သည်။
မေလ ၂၈ ရက်၊ တော်လှန်ရေး ၏ နောက်ဆုံးရက်တွင် ကွန်မြွန်းရဲဘော် အသက်ရှင်ကျန်ရစ်သူ (၁၄၇) ဦးသည် ဤသုသာန်ဟောင်းကြီးအတွင်း၌ ရန်သူကို ဆုတ်မပြေးဘဲ နောက်ဆုံးထွက်သက်ထိ ယှဉ် ပြိုင်တိုက်ခိုက်ခဲ့ကြသည်။
နောက်ဆုံးတွင် ရန်သူ့လက်တွင်းသို့ သုံ့ပန်းအဖြစ် ကျရောက်သွားခဲ့ရသော ထိုကွန်မြွန်းရဲဘော် (၁၄၇) ဦးကို ဗာဆိုင်းစစ်တပ်က သုသာန်၏အုတ်တံတိုင်းကြီးတခုအရှေ့တွင်တန်းစီရပ်ခိုင်းကာ သေနတ်ဖြင့် ရက်ရက်စက်စက်ပစ်သတ်ခဲ့သည်။ ထိုတံတိုင်းကြီးကို ယနေ့တိုင် "ဖက်ဒရယ် တံတိုင်း" (Mur des Fédérés / Communards' Wall) ဟုခေါ် တွင်ပြီး ၎င်းသည် ဖိနှိပ်မှုအောက်တွင် ဒူးမထောက်ခဲ့သော အလုပ်သမားရဲဘော်တို့၏သွေးနှင့်ရင်းသည့် မော်ကွန်းတိုင်ကြီးဖြစ်လာခဲ့သည်။ ၎င်းတို့သည် သေ နတ်ပြောင်းဝများကိုမျက်နှာမူလျက် "ကွန်မြွန်းအဖွဲ့ကြီးထာဝစဉ်ရှင်သန်ပါစေ"(Vive la Commune!) ဟု ကြွေးကြော်ရင်း သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားခဲ့ကြသည်။
မာ့က်စ်နှင့် အိန်ဂယ် ထုတ်နုတ် ပြခဲ့သည့် သမိုင်းသင်ခန်းစာများ
ပါရီဘုံအဖွဲ့သည် သွေးပင်လယ် ဝေကာ ကျရှုံးခဲ့ရသော်လည်း ကားလ်မာ့က်စ် (Karl Marx) နှင့် ဖရက်ဒရစ်အိန်ဂယ် (Friedrich Engels) တို့အတွက်မူ ဤကျရှုံးမှုသည် ကမ္ဘာ့အလုပ်သမားလူ တန်းစား တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင်သော သမိုင်းသင်ခန်းစာများကို ပေးစွမ်းခဲ့သည်။ မာ့က်စ်သည် သူ၏ "ပြင်သစ်ပြည်တွင်းစစ်" (The Civil War in France) ကျမ်းတွင် ဤသို့ သုံးသပ်ပြခဲ့သည်။
၁။ အရင်းရှင်အုပ်ချုပ်ရေးယန္တရားကို အဆင်သင့်ယူသုံး၍မရခြင်း
အလုပ်သမားလူတန်းစားသည် အာဏာရလာသည့်အခါ လက်ရှိရှိနေသော အရင်းရှင်စစ်တပ်၊ ရဲနှင့် ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားဟောင်းကို အဆင်သင့် လွှဲပြောင်းယူပြီး မိမိတို့ရည်မှန်း ချက်အတွက် အသုံးချ၍မရပေ။ အမျိုးသားကာကွယ်ရေးတပ်က အမြောက်များကို သိမ်းဆည်းနိုင်ခဲ့သော်လည်း ရန်သူ၏ အုပ်စိုးသူယန္တရားဟောင်းတခုလုံးကို အစအနမကျန် အလုံးစုံ ရိုက်ချိုးဖျက်ဆီးပစ်နိုင်ခြင်း မရှိခဲ့ပေ။
၂။ ပစ္စည်းမဲ့အာဏာရှင်စနစ် (Dictatorship of the Proletariat) ၏ လိုအပ်ချက်
ပါရီကွန်မြွန်းသည် အလွန်အမင်း ဒီမိုကရေစီဆန်လွန်းပြီး ရန်သူအပေါ် ကြင်နာလွန်းခဲ့သည်။ မာ့က်စ်နှင့် အိန်ဂယ်တို့က ဘုံအဖွဲ့သားများသည် ဘဲဗီးလ်နှင့် မိုးမာ့ထ်တို့တွင် ရဲရဲဝံ့ဝံ့ ခုခံခဲ့ကြသော်လည်း၊တန်ပြန် တော်လှန်ရေးသမားများကို နှိမ်နင်းရန်အတွက် ဗဟိုချက်ကျသော စစ်ရေးအာဏာနှင့် ပြတ် သားသောဖိနှိပ်မှုအာဏာ (အလုပ်သမားလူတန်းစား အာဏာရှင်စနစ်) ကို ပြတ်ပြတ်သားသား အသုံး မပြုခဲ့ခြင်းကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ထောက်ပြခဲ့သည်။
၃။ ရန်သူ့စီးပွားရေးဗဟိုချက် ကို မသိမ်းပိုက်နိုင်ခဲ့ခြင်း
ဘုံအဖွဲ့သားတို့၏ အကြီးမားဆုံး အမှားတစ်ခုမှာ ပါရီမြို့ရှိ "ပြင်သစ်ဗဟိုဘဏ်" (Bank of France) ကို မသိမ်းပိုက်ဘဲ ချန်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုဘဏ်ကြီးကို သိမ်းပိုက်ပြီး ဗာဆိုင်းအစိုးရ၏ စီးပွားရေးအသက်သွေးကြောကို ဖြတ်တောက်နိုင်ခဲ့လျှင် သမိုင်းရလဒ်သည် တမျိုးတဖုံပြောင်းလဲသွားနိုင်ကြောင်း အိန်ဂယ်လ်က သုံးသပ်ခဲ့သည်။
၄။*တောင်သူလယ်သမားထုနှင့် မဟာမိတ်မဖွဲ့နိုင်ခြင်း*
ပါရီကွန်မြွန်းသည် ပါရီမြို့ပြအတွင်း၌သာ သီးခြားဖြစ်နေခဲ့ပြီး ပြင်သစ်ကျေးလက်ရှိ လယ်သမားထုကြီးနှင့် ခိုင်မာသော မဟာမိတ်မဖွဲ့နိုင်ခဲ့ပေ။ ထို့ကြောင့် ဗာဆိုင်းအစိုးရသည် ကျေးလက်လယ်သမားများကို ကွန်မြွန်းအဖွဲ့အပေါ် အထင်အမြင်လွဲအောင် ဝါဒဖြန့်ကာ တန်ပြန်တော်လှန်ရေးတပ်သားများအဖြစ် အသုံးချနိုင်သွားခဲ့သည်။
နိဂုံး
ပါရီဘုံအဖွဲ့သားတို့၏ သွေးမြေကျတိုက်ပွဲများသည် လွမ်းမောဖွယ်ရာ ရှုံးနိမ့်မှုဖြင့် နိဂုံးချုပ်ခဲ့ရသော်လည်း၊ ၎င်းတို့သည် သမိုင်းအမှောင်ထုထဲတွင်နီရဲတောက်ပသောဥဒါန်းတခုကိုရေးထိုးခဲ့ပြီး ဖြစ်သည်။ မာ့က်စ် နှင့် အိန်ဂယ်တို့ ထုတ်နုတ်ပြခဲ့သည့် ထိုသင်ခန်းစာများသည်ပင် နောက်ပိုင်းပေါ်ပေါက်လာသော ကမ္ဘာ့တော်လှန်ရေးကြီးများ (အထူးသဖြင့် ၁၉၁၇ ရုရှားအောက်တိုဘာတော်လှန်ရေး) အတွက် လမ်းပြမြေပုံ ဖြစ်လာခဲ့သည်။
ပဲလာရှေးသုသာန်က ဖက်ဒရယ် တံတိုင်းသည်လည်းကောင်း၊ ဘဲဗီးလ်တောင်ကုန်းပေါ်က စစ်ပွဲခေါ်သံများသည်လည်းကောင်း၊ ပို့တီရေး၏ အင်တာနေရှင်နယ် သီချင်းသံများနှင့်အတူ ဖိနှိပ်ခံပြည်သူတို့၏ ရင်ထဲတွင် ပါရီ
ကွန်မြွန်းကို ဘယ်သောအခါမှ သေဆုံးခွင့်မပြုဘဲ ထာဝရရှင်သန်စေမည် ဖြစ်ပါသည်။
မောင်တင့်တယ်
(ပြီး)
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
