Breaking News

မောင်လူမွှေး - လူမှုစိတ်ဓာတ် ရှင်သန်ရေး

 

မောင်လူမွှေး - လူမှုစိတ်ဓာတ် ရှင်သန်ရေး

မိုးမခ ၊ စက်တင်ဘာ ၁၄ ၊ ၂၀၂၆ 


မောင်လူမွှေးတို့ မူလတန်းတုန်းက သင်ခဲ့ရတဲ့ စာတစ်ပုဒ်ကို သတိရတယ်။ လမ်းပေါ် ကျောက်တုံးကြီးတစ်တုံးက ပိတ်နေတာ။ ခရီးသွားတွေ တော်တော်များများက ရှောင်သွားကြတယ်။ ခရီးသွား ယောက်ျားတစ်ဦးကတော့ လမ်းပေါ်မှာရှိနေတဲ့ ကျောက်တုံးကြီးကို တုတ်နဲ့ ကုပ်ပြီး လမ်းဘေးအထိ ရွှေ့ခဲ့တယ်။ သူ ဒီလိုရွှေ့တော့ ကျောက်တုံးအောက်မှာ ရတနာထုပ်ကို တွေ့တယ်။ ဘုရင်က ကျောက်တုံးကြီး လမ်းလယ်ရောက်အောင် လုပ်ပြီး ကျောက်တုံးကို ဖယ်ရှားတဲ့သူ ရတနာထုပ်ရအောင် စီမံထားတာပါ။ လူမှုစိတ်ဓာတ်ရှိတဲ့ ခရီးသွား ယောက်ျားဟာ ရတနာထုပ်ကို ရသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက မောင်လူမွှေးနဲ့ ရင်းနှီးတဲ့ အဘတစ်ယောက် လျှပ်စစ်မီးရရှိရေးအတွက် ကြိုးပမ်းပါတယ်။ ဒီကာလမှာ လျှပ်စစ်မီးရရှိရေးအတွက် ကြိုးပမ်းတယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အဘတစ်ယောက် သူ့ရဲ့ ဆိုင်ကယ်အစုတ်လေးနဲ့ ဟိုအဖွဲ့အစည်း သွားတွေ့လိုက်၊ ဒီအဖွဲ့အစည်းနဲ့ ဆွေးနွေးလိုက်၊ ပျက်နေတဲ့နေရာတွေ ဝိုင်းဝန်းပြင်ဆင်ကြဖို့ လုပ်လိုက်နဲ့ သူ အတော်ပင်ပန်းပါတယ်။ လျှပ်စစ်မီး ရခဲ့လို့ ပြည်သူတွေ အသက်ရှူချောင်သွားချိန်မှာ အဘတစ်ယောက် အစာအိမ်ဖြစ်ပြီး ခွဲစိတ်မှု လုပ်ရပါတော့တယ်။

"မီးရဖို့ကို နေ့မနား ညမနား လုပ်တာ။ တနယ်လုံးလည်း မီးရ။ သူလည်း ဆေးရုံတက်ပြီး ခံလိုက်ရတော့တာ။ သူ လုပ်တာ ပြည်သူတွေက သိတောင်သိမှာ မဟုတ်ဘူး" လို့ သူ့သားဖြစ်သူက ပြောပါတယ်။

ပုံပြင်ထဲမှာတော့ လူမှုစိတ်ဓာတ်ရှိတဲ့ ခရီးသွား ယောက်ျားဟာ ရတနာကို ရခဲ့ပေမဲ့၊ မောင်လူမွှေးတို့ တော်လှန်နယ်မြေမှာတော့ လူမှုစိတ်ဓာတ်ရှိသူတွေဟာ ဘာမှမရတဲ့အပြင် ပင်ပန်းကြပါတယ်။ မောင်လူမွှေးတို့နိုင်ငံက လူအချို့ဟာ ပုဂ္ဂလိက လူမှုရေးနဲ့ လူမှုစိတ်ဓာတ်ကို ကွဲကွဲပြားပြား သိပုံမရပါဘူး။ အလှူမှာ သွားကူတယ်။ နာရေးမှာ သွားကူတယ်။ မွေးနေ့ပွဲမှာ သွားကူတယ်။ ဒီလိုကူညီတာဟာ ကိုယ့်ရဲ့ ပုဂ္ဂလိက လူမှုရေးဖြစ်တယ်။ လူမှုစိတ်ဓာတ် ဆိုတာက အများနှင့်ဆိုင်တဲ့ လမ်းပြင်တာလို၊ စာသင်ကျောင်းဆောက်လုပ်ရေးလို လုပ်ငန်းမျိုးမှာ သွားရောက်ကူညီတဲ့ စိတ်ဓာတ် ဖြစ်တယ်။

အလှူတစ်ခုမှာ သွားကူတဲ့လူတွေ များသလောက် လူအများသွားတဲ့လမ်းမှာ သဲဖြန့်ပေးတဲ့လူက အတော်ကိုရှားတယ်။ ကိုယ့်ဆွေမျိုး၊ ကိုယ်နှင့်ရင်းနှီးတဲ့သူက အလှူတစ်ခုလုပ်တဲ့အခါမှာ မသွားဘဲနေရင် မျက်နှာပျက်မှာ စိုးကြတယ်။ တစ်နည်းအားဖြင့် မိတ်ပျက်မှာ ကြောက်ကြတယ်။ လမ်းပေါ် သဲဖြန့်တဲ့ အလုပ်ကျတော့ မလုပ်ရင်လည်း ဘယ်သူနဲ့မှ မျက်နှာပျက်စရာ မလိုဘူး။ ဒီတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်တဲ့သူ အင်မတန်နည်းတယ်။ ဒီလို လူမှုစိတ်ဓာတ် နည်းတဲ့အတွက် လမ်းပြင်တာတို့လို ကိစ္စဆို အာဏာနဲ့ပဲ ခေါ်ခိုင်းကြရတာ မောင်လူမွှေးတို့ ငယ်ငယ်ကတည်းကနေ အခုထိလို့ ဆိုနိုင်တယ်။

လူမှုစိတ်ဓာတ်ဆိုတာ စည်းလုံးညီညွတ်မှုရှိတဲ့ လူ့အဖွဲ့အစည်းမှာမှ ရှင်သန်ပေါက်ဖွားတတ်တဲ့ သဘောရှိတာကို သတိထားမိတယ်။ စည်းလုံးညီညွတ်မှု အားနည်းရင် လူမှုစိတ်ဓာတ် အားနည်းမယ်။ စည်းလုံးညီညွတ်မှု အားကောင်းရင် လူမှုစိတ်လည်း အားကောင်းမယ်။ မောင်လူမွှေးတို့ဟာ အာဏာရှင် ဦးနေဝင်း နေဝင်ချိန်မှာ မွေးဖွားပြီး အာဏာရှင် သန်းရွှေခေတ်မှာ လူဖြစ်ခဲ့ကြသူတွေပါ။ အာဏာရှင်အောက်မှာ လူ့အဖွဲ့အစည်းဟာ မစည်းလုံးနိုင်တော့ လူမှုစိတ်ဓာတ် ခေါင်းပါးတဲ့ နှစ်ကာလတွေကို ဖြတ်သန်းခဲ့ရတယ်။

အမေစုလက်ထက်မှာတော့ မြန်မာနိုင်ငံက ပြည်သူတွေမှာ လူမှုစိတ်ဓာတ်တွေ ရှင်သန်နိုးထခဲ့ကြတာ အားရစရာဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဒီရှင်သန်နိုးထခါစ လူမှုစိတ်ဓာတ်တွေဟာ ပြန်လည်ငုပ်လျှိုးသွားခဲ့တယ်။ စစ်အာဏာရှင်ကို တော်လှန်ပြီး တော်လှန်နယ်မြေတွေ ပိုင်ဆိုင်ခဲ့ကြပေမဲ့ လူမှုစိတ်ဓာတ်တွေက တော်လှန်နယ်မြေမှာလည်း ပြန်လည်နိုးထမှု အားနည်းလွန်းတာကို တွေ့ရတယ်။ အများနဲ့ဆိုင်တဲ့ အလုပ်တွေ၊ လူမှုစိတ်ဓာတ်နဲ့ လုပ်ရမဲ့အလုပ်တွေကို အာဏာနဲ့ပဲ ခေါ်ရတယ်။ ပြစ်မှုပြစ်ဒဏ်ပါမှ လာကြတဲ့ သဘော ဖြစ်တယ်။

ဘာကြောင့် ဒီလို လူမှုစိတ်ဓာတ်တွေ နည်းပါးရတာလဲ။ ပြည်သူတွေအချင်းချင်း စည်းလုံးညီညွတ်မှု အားနည်းနေသေးတာလား။ ဘာကြောင့် ပြည်သူအချင်းချင်း စည်းလုံးညီညွတ်မှု အားနည်းနေရတာလဲ။ ဖိနှိပ်ခံထားရလို့လား။ ခေါင်းဆောင်ကောင်း မရှိတာလား။ ဘာကြောင့် လူကောင်းတွေက ခေါင်းဆောင် မလုပ်ချင်ကြတာလဲ။ မေးခွန်းတွေ အများကြီး ထွက်လာမယ်။ လူမှုစိတ်ဓာတ် ရှင်သန်ရေးအတွက် အားလုံးမှာ တာဝန်ရှိတယ်။ ဝိုင်းဝန်းကြိုးစားကြရမှာ ဖြစ်တယ်။

ပြီးခဲ့တဲ့ နှစ်ပတ်က သူတို့သားသမီးတွေကို ကျောင်းထားပေမဲ့ ကျောင်းကို တခါတလေတောင် လာကြည့်ဖော်မရတဲ့ စစ်ရှောင်စခန်းကို ရောက်ခဲ့တယ်။ စစ်ရှောင်ကျောင်းက ထပ်သားပြား ထရံအကာတွေကို လက်သီးနဲ့ထိုး၊ ဝှိုက်ဘုတ်တွေကိုလည်း ကော့ကွေးနေအောင် ဖျက်ဆီးသွားသေးတယ်။ တရားခံကို မသိရပါဘူး။ ကိုယ့်ကျောင်းကိုယ်မှ လှည့်မကြည့်ကြတာ ဘယ်သူလုပ်မှန်း ဘယ်လိုလုပ်သိမလဲ။ နောက်စစ်ရှောင်စခန်း တစ်ခုကို ဝင်တော့ မောင်လူမွှေးရဲ့ မိတ်ဆွေနဲ့ တွေ့တယ်။ 

"မနက်က ကျွန်တော်တို့နှစ်ယောက် လမ်းမှာ သဲဖြန့်ကြတယ် ဆရာ" တဲ့။ မောင်လူမွှေးရဲ့ မိတ်ဆွေဟာ အင်မတန် လူမှုစိတ်ဓာတ် ပြည့်ဝသူ ဖြစ်ပါတယ်။ ညနေစောင်းချိန် အဲဒီစစ်ရှောင်စခန်းကနေ ပြန်ခဲ့တော့ လမ်းမှာ မဖြန့်ရသေးတဲ့ သဲပုံနှစ်ပုံ သုံးပုံလောက် ရှိသေးတာ တွေ့ရတယ်။ လူဦးရေ ငါးရာကျော်လောက်ရှိတဲ့ စစ်ရှောင်စခန်းမှာ မနက်ဖြန် သဲဖြန့်မဲ့သူဟာ မောင်လူမွှေး မိတ်ဆွေနှစ်ယောက်ပဲ ရှိဦးမလား မပြောတတ်ပါ။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar