Breaking News

ကုလသမဂ္ဂ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုနေရာ မြန်မာ့အရေးအပေါ် သက်ရောက်မှု

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၂ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၁၃ ၊ ၂၀၂၆ 

 

ကုလသမဂ္ဂ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုနေရာ မြန်မာ့အရေးအပေါ် သက်ရောက်မှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြု သံအမတ်ဖြစ်သူ ဦးကျော်မိုးထွန်း က အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံခြင်း မပြုဘဲ CDM လုပ်တယ်လို့ အဲဒီနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ အသိပေး ကြေညာခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၁ ခုနှစ် ဧပြီလလယ် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပချိန်မှာ ကုလသမဂ္ဂရဲ့ credential committee က ဦးကျော်မိုးထွန်းကိုသာ သံအမတ်အဖြစ် ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာ ၂၀၂၅ ခုနှစ် အထွေထွေညီလာခံထိ ဖြစ်ပါတယ်။

အဲဒီနှစ်တွေက မြန်မာနိုင်ငံကို ကိုယ်စားပြု သံအမတ်အတည်ပြု/မပြု ကိစ္စနဲ့ပတ်သက်ပြီး credential committee မှာ ဆုံးဖြတ်ကြတဲ့အခါ  ကုလသမဂ္ဂရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေထဲမှာ မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ ရုရှားနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ ပါဝင်သည့်တိုင် ဦးကျော်မိုးထွန်းကို အချို့သော လုပ်ပိုင်ခွင့်၊ မဲပေးပိုင်ခွင့်တွေ ကန့်သတ်ချက်တချို့ ထားရှိပြီး ဆက်လက် အသိအမှတ်ပြုထားဖို့ သဘောတူခဲ့ကြတာပါ။

ဒါပေမဲ့ မြန်မာအာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်နဲ့ ယခုနှစ်ဆန်းမှာ ရွေးကောက်ပွဲ ကျင်းပပြီးနောက် လွှတ်တော်ခေါ်ယူကာ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာတော့ ယခု ကျင်းပမဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့ ကြိုးပမ်းလာတာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

မင်းအောင်လှိုင် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးကျော်မိုးထွန်းကို ဖမ်းဆီးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကို စက်တင်ဘာ ၁၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် CDM လုပ်ပြီးနောက် ပုဒ်မအချို့နဲ့ နေပြည်တော်က တရားရုံးတရုံးမှာ အမှုဖွင့်၊ ဝရမ်းထုတ်ခဲ့တာဖြစ်ပြီး နိုင်ငံတော် ပုန်ကန်မှုလို သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ဒီအမှုဖွင့်ထားတာကို အခုလို ၅ နှစ်ကျော် ကြာမြင့်လာချိန်မှာ INTERPOL နဲ့ အမေရိကန်ပြည်ထောင်စု အမျိုးသားဗဟိုဗျူရို USNCB တို့က တဆင့် ဖမ်းဆီးပေးဖို့ သံတမန်ရေးအရ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့က စီမံခန့်ခွဲတဲ့ ဘဏ်စာရင်းကို စီမံခန့်ခွဲနေတာ၊ မြန်မာနိုင်ငံပိုင် ရုံးခန်း၊ နေအိမ်နဲ့ မော်တော်ယာဥ်တွေကို ဆက်လက် အသုံးပြုနေတာကြောင့် ပြည်သူပိုင်ပစ္စည်း အလွဲသုံးတဲ့ ပုဒ်မလိုမျိုးနဲ့လည်း အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီအနေအထားနဲ့ ၅ နှစ်တိုင်တိုင် ရှိနေခဲ့ရာကနေ အခုအချိန်ကျမှ ဘာကြောင့် အရေးယူ ဆောင်ရွက်ပေးဖို့ INTERPOL လို USNCB လို အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးဖို့ သံတမန်ရေးအရ လုပ်ဆောင်လာတာလဲ ဆိုတဲ့ မေးခွန်းရှိလာပါတယ်။

အမေရိကန်နိုင်ငံရေး အခြေအနေနောက်ခံ အရင်နဲ့ မတူတော့တာ၊ ကုလသမဂ္ဂရဲ့ အမြဲတမ်းလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားရဲ့ ထောက်ခံမှုကို ယူပြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိတာကို ဖယ်ရှားဖို့ ကြိုးပမ်းကြည့်မဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။

ဦးကျော်မိုးထွန်းအနေနဲ့ ကုလသမဂ္ဂမှာ မဲပေးခွင့်မရသည့်တိုင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရနေတဲ့ အနေအထားက လက်တွေ့မှာ စစ်အာဏာရှင် ဖြုတ်ချရေး၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်မှုကို ဘယ်လောက် အထောက်အကူ ဖြစ်စေပါသလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေတာပါ။ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်နေခွင့်ပြုဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ခြင်းဟာ အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြုတဲ့ သဘောလို့တော့ မှတ်ယူလို့ မရပါဘူး။ CDM လုပ်ဆောင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကို အာဏာသိမ်းထားတဲ့ စစ်တပ်အစိုးရရဲ့ ကိုယ်စားလှယ်နဲ့ အစားထိုးခွင့် မပေးတဲ့ သဘောလို့သာ အဓိပ္ပာယ်ကောက်ယူနိုင်တဲ့ သဘောဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ အငြင်းပွားတဲ့ ဖြစ်ရပ်သာဓက အစိုးရအနေနဲ့ ပြုတ်ကျသွားသည့်တိုင် ကုလသမဂ္ဂမှာ ယခင်အစိုးရကို နှစ်အတန်ကြာ နေရာပေးထားခဲ့တဲ့ အဖြစ်အပျက်တွေ စစ်အေးခေတ်ကာလတွေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ပြည်တွင်းစစ်မှာ အနိုင်ရခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို နောက်ထပ် နှစ်ပေါင်း ၂၀ ကျော်အထိ ကုလသမဂ္ဂက နေရာမပေးခဲ့ဘဲ ပြည်တွင်းစစ်မှာ ရှုံးပြီး ထိုင်ဝမ်ကျွန်းကို ဆုတ်ခွာပြီး နိုင်ငံအဖြစ် တည်ထောင်ခဲ့တဲ့ ကူမင်တန်ပါတီရဲ့ အစိုးရကိုသာ ကုလသမဂ္ဂက အသိအမှတ်ပြုနေရာပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှသာ ကုလသမဂ္ဂရဲ့ တရုတ်ပြည် ကိုယ်စားပြုနေရာကို ထိုင်ဝမ်အစိုးရအစား ပြည်မကြီးလို့ အရပ်ခေါ်ကြတဲ့ ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်တဲ့ တရုတ်ပြည်က ရရှိခဲ့တာ ဖြစ်ပါတယ်။ 

နောက်သာဓက အဖြစ်အပျက်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်ထိ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ကာ လူဦးရေရဲ့ ၄ ပုံ ၁ ပုံသာသာရှိတဲ့ လူ ၂ သန်းလောက်ကို သတ်ဖြတ်ခဲ့တဲ့ ခမာနီအစိုးရ ပြုတ်ကျပြီးတဲ့နောက်မှာလည်း ကုလသမဂ္ဂက ဗီယက်နမ်နိုင်ငံရဲ့ နောက်ခံရပ်တည်ပေးမှုနဲ့ အစိုးရကို အသိအမှတ်မပြုဘဲ ခမာနီအစိုးရ နောက်ပိုင်း ခမာနီပါဝင်တဲ့ သီဟာနု ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ် ကမ်ပူးချား ညွန့်ပေါင်းအစိုးရကို ၁၉၉၂ ခုနှစ်ထိ အသိအမှတ်ပြုခဲ့တဲ့ သာဓက ဖြစ်ပါတယ်။

အထက်က သာဓက ဖြစ်ရပ်နှစ်ခုလုံးဟာ စစ်အေးခေတ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဖြစ်ပြီး ကွန်မြူနစ်နိုင်ငံတွေနဲ့ အရင်းရှင်နိုင်ငံတွေအကြား အုပ်စု၊ ဝါဒအားပြိုင်မှုရဲ့ အကျိုးဆက်တွေက ကုလသမဂ္ဂ ကိုယ်စားပြုမှုအပေါ် အရိပ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက စစ်အေးခေတ်လို အရင်းရှင်နိုင်ငံနဲ့ ကွန်မြူနစ်နိုင်ငံတွေအကြား အားပြိုင်ကြတဲ့ စစ်အေးခေတ် မဟုတ်တော့လို အဲဒီနောက်ခံနဲ့ အဖြူအမည်း ခွဲခြားကြည့်ဖို့ ခက်ခဲတဲ့ သဘောလို့ ယူဆရပါတယ်။ ကမ္ဘာမှာ အုပ်စုဖွဲ့ အားပြိုင်ကြတဲ့ အနေအထားကတော့ စစ်အေးခေတ်လို ရှိနေဆဲ ဖြစ်ပါတယ်။ ရုရှားနဲ့ အမေရိကန် ၊ တရုတ်နဲ့ အမေရိကန် အားပြိုင်မှုတွေ ရှိနေသလို မြန်မာအာဏာသိမ်း စစ်တပ်က ရုရှား၊ တရုတ်တို့ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ အင်အားကြီးနှစ်နိုင်ငံနဲ့ လက်ရှိအနေအထားမှာ အားပြိုင်နေကြပေမဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို အရင်စစ်အေးခေတ်ကလို အလေးမထားတော့တဲ့အချိန် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ ချိန်ညှိတာတွေကို ကုလသမဂ္ဂ အဖွဲ့ကြီးကနေ သံတမန်ရေးအရ ကြိုးပမ်းတာမျိုးထက် မိမိတဦးတည်း သဘောနဲ့ ထင်တိုင်းကြဲနေတဲ့ ကာလ အနောက်ဥရောပမဟာမိတ်တွေနဲ့ ဆက်ဆံရေး အေးစက်လာတဲ့ ကာလဖြစ်တာကြောင့် မြန်မာ့အရေး၊ ကုလသမဂ္ဂ နိုင်ငံရေးကို ဒီလောက် အလေးအနက် မထားတော့တဲ့ခေတ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်း ဆက်လက်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုမှု ဆက်လက်ရရှိခဲ့ရင် အမျိုးသားညီညွတ်ရေးအစိုးရအဖို့ သံတမန်ရေးအရ အတိုင်းအတာတခုထိ အားဖြစ်စေတဲ့ သဘောလို့တော့ ဆိုနိုင်ပါတယ်။

သို့ပေမဲ့ မြေပြင်က နိုင်ငံရေးအခင်းအကျင်းကို သိသိသာသာ အပြောင်းအလဲ ဖြစ်စေမဲ့ အကြောင်းအချက်တခု အဖြစ်တော့ ယူဆနိုင်ခြင်း မရှိတဲ့သဘော ဖြစ်ပါတယ်။ မြေပြင်က အခြေအနေတွေကို လွှမ်းမိုးနိုင်တဲ့ အချက်အလက်တွေထဲ အိန္ဒိယ၊ တရုတ်တို့လို အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေရဲ့ သဘောထားနဲ့ မူဝါဒတွေက ကုလသမဂ္ဂက သံတမန်ရေး ကစားကွက်တွေထက်ပိုလို့ အရေးကြီးတဲ့ အနေအထားဖြစ်တယ်လို့ ဆိုချင်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar