နန္ဒအောင် - မှန်သုံးမှန် လူထုစိန်ဝင်းကို လှမ်းကြည့်မိတဲ့အခါ
နန္ဒအောင် -မှန်သုံးမှန် လူထုစိန်ဝင်းကို လှမ်းကြည့်မိတဲ့အခါ
မိုးမခ ၊ အောက်တိုဘာ ၂၅ ၊ ၂၀၂၆
နှစ်ထောင်ပြည့်နှစ် အစပိုင်းကာလများဆီတုန်းက ကလေးများဆိုရင် မဖဲဝါ ဇာတ်လမ်းတွေနဲ့ နားမစိမ်းကြပါဘူး။ မဖဲဝါ ဇာတ်လမ်းကို ပရိုမိုးရှင်းပေးခဲ့တာက ဈေးထဲက ဈေးသည်တွေပါ။ ဒီဘက်ခေတ်မှာလို ဆိုရှယ်မီဒီယာမပြောနဲ့ အိမ်တိုင်းမှာတောင် တယ်လီဗီရှင်း မရှိတဲ့အခါဆိုတော့ သတင်းစီးဆင်းမှုကို ဈေးထဲက ဈေးသည်တွေဆီက ပါးစပ်သတင်း စီးဆင်းမှုကို အားထားကြရတာကိုး။ ဈေးသည်တွေ ပြောတာကတော့ ညသန်းခေါင်ကျရင် မဖဲဝါတယောက် လမ်းပေါ်ထွက်လာလို့ ခွေးတွေ ဝိုင်းဟောင်ရင် ထွက်မကြည့်ကြနဲ့ သေတတ်တယ်ဆိုပြီး ဘယ်ဘုန်းကြီးက ဘယ်လိုဟောတယ်လို့ သတင်းဖြန့်ကြတယ်။ ငယ်စဉ်အရွယ် ဆိုတော့ ကျွန်တော်တို့ ကလေးအရွယ်တွေက ကြောက်ကြတာပေါ့။ သေချာတာကတော့ ထွက်မကြည့်တဲ့အိမ်က ပစ္စည်းတွေ ပါသွားကြတာ များတယ်။ အဲဒီခေတ်အခါက သိကြတဲ့အတိုင်း မီးက ပုံမှန်မလာကြတော့ အဆောင်နေ ဆေးကျောင်းသားတွေခမျာ လမ်းမီးနဲ့ စာကြည့်ရတဲ့ အလေ့ရှိကြတယ်။ တစ်နေ့ ကံဆိုးချင်တဲ့ မဖဲဝါတစ်ယောက် လမ်းပေါ်ထွက်အလာ မီးမလာလို့ လမ်းက မီးတိုင်နဲ့ စာကြည့်နေရလို့ ဒေါသထွက်နေတဲ့ ဆေးကျောင်းသားတစ်စုရဲ့ ဒေါသမီးပုံတွေဟာ မဖဲဝါအပေါ် ပုံကျသွားပြီး ခိုးလာတဲ့ ပစ္စည်းတွေနဲ့အတူ စခန်းအပ်ခံလိုက်ရပါတော့သည်။ ကျွန်တော်တို့ သိတဲ့ မဖဲဝါ ဇာတ်သိမ်းက အဲဒီလောက်ပါပဲ။
ဒီဘက်ခေတ်မှာတော့ နည်းပညာကြောင့် နယ်စည်းမခြား အရှေ့ဘက်မှာဖြစ်နေတဲ့ သတင်းက တောင်တန်း၊ မြစ်ချောင်း အင်းအိုင်တွေကို ကျော်ဖြတ်ပြီး အနောက်ဘက်ကို တန်းရောက်သွားလောက်အောင် သတင်းစီးဆင်းမှုက မြန်ဆန်တယ်။ ကမ္ဘာကြီးရဲ့ လည်နေတဲ့ အရှိန်အဟုန်နောက်ကို သတင်းစီးဆင်းမှုက အရှိန်အဟုန် အားကောင်းကောင်းနဲ့ လိုက်နေတယ်။ သတင်းစီးဆင်းမှု အရှိန်အဟုန်ထဲကို သတင်းတု၊ သတင်းယောင်တွေပါ ရောနှောလိုက်ပါတတ်တယ်။ မဖဲဝါတို့ခေတ်ကလို သတင်းစီးဆင်းမှုအတွက် ဈေးသည်တွေ အားကိုးစရာမလိုတော့တဲ့ခေတ်မှာ ဘယ်ဟာက သတင်းအတုအယောင်၊ အစစ်အမှန်ဆိုတာ စိစစ်ပိုင်းခြားနိုင်ဖို့တော့ လိုတယ်။ ထိလွယ်ရှလွယ် ပေါက်ကွဲလွယ်တဲ့ ခေတ်ကြီးထဲမှာ သတင်းတု၊ သတင်းမှားတွေကို ပိုပြီးစိစစ်ပိုင်းခြားနိုင်ဖို့ လိုတာပေါ့ဗျာ။ ဒီလိုဆင်ခြင်နိုင်ခြင်းအားဖြင့် မိမိတို့မိသားစု၊ ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်ကြမှာပါ။
သတင်းစာတွေ ပေါ်ပေါက်လာပြီးတာနဲ့ 'သတင်းထောက်' ဆိုတဲ့ ဝေါဟာရဟာ ချက်ချင်းပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ရီပို့တာ၊ သတင်းကိုယ်စားလှယ်၊ သတင်းကောက်ယူသူ အမျိုးမျိုး စမ်းသုံးနေတာ တွေ့ရပါတယ်။ လူထုဦးလှ ကြိုးစားအားထုတ်ထားတဲ့ 'ကျွန်တော် သတင်းထောက်'စာအုပ်၊ စာတမ်းတွေကြောင့် သတင်းထောက် ဆိုတဲ့ အသုံးအနှုန်းကို စသုံးတာက “လွယ်အိတ်ကြီး ဦးဘလှိုင်” လို့ သိရသည်။
ကျွန်တော့် တသီးပုဂ္ဂလ သိမှုအခြေခံအရ နည်းပညာခေတ် (အွန်လိုင်းမီဒီယာခေတ်) ထဲမှာ စာနယ်ဇင်းတွေ အရေအတွက် လျော့ကျသွားတာနဲ့အမျှ စစ်မှန်တဲ့ သတင်းစာဆရာတွေလည်း ရှားပါးလာပါပြီ။ သတင်းစာဆရာတွေထဲမှာ ဆရာကြီး လူထုစိန်ဝင်းဟာ ကျွန်တော့်ဟီးရိုးပါ (အနှစ်သက်ဆုံးလို့ ရေးရင်ရပေမယ့် ခေတ်စကားနဲ့ ဟီးရိုးလို့ သုံးနှုန်းတာပါ)။ လူထုစိန်ဝင်းဟာ စာဖတ်နာတဲ့ သတင်းစာဆရာကြီးလို့ပြောရင် မှားမယ်မထင်ပါဘူး။ ဒီလိုပါ၊ တချို့စာရေးဆရာတွေက စာတွေသာ ရေးနေပေမဲ့၊ စာတော့ သိပ်မဖတ်ကြတဲ့သူတွေလည်း ရှိလို့ပါ။ သတင်းစာဆရာတွေ၊ ဂျာနယ်လစ်တွေဟာလည်း သတင်းဆောင်းပါးတွေ ရေးသားဖော်ပြနေပေမယ့် ဂျာနယ်တွေ၊ သတင်းစာတွေ သိပ်မဖတ်ကြပြန်ဘူး။ လူထုစိန်ဝင်းကတော့ စာနယ်ဇင်းသာမက၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ သမိုင်း၊ အတွေးအခေါ် မူရင်းကျမ်းတွေကအစ စာမျိုးစုံ အဖတ်နာတဲ့ သတင်းစာဆရာကြီးပါ။
'သတင်းသမားတစ်ယောက်အနေနဲ့ ဘာသတင်းမှ ရေးစရာမရှိရင်တောင် အဲဒါဟာ သတင်းပဲ´ လို့ လူထုစိန်ဝင်းက ရေးခဲ့တယ်။ အဖြစ်မှန်၊ သတင်းမှန်၊ အကြောင်းအရင်းမှန် ဆိုတဲ့ 'မှန် သုံးမှန်´ ကို စာနယ်ဇင်းသမားတိုင်း ကိုင်စွဲထားဖို့ အမြဲတိုက်တွန်း ရေးသားလေ့ရှိတယ်။ သတင်းသမားတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ မှန် သုံးမှန်တို့၊ ဘ ခြောက်လုံးကိုက်တို့အကြောင်း အမြဲပြောဆိုရေးသားလေ့ရှိတယ်။ ဘာတွေ၊ ဘယ်မှာ၊ ဘယ်တုန်းက၊ ဘယ်သူတွေ၊ ဘာကြောင့်၊ ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ သတင်းသမားတစ်ယောက်အတွက် သိသင့်၊ ရှိသင့်တဲ့ `ဘခြောက်လုံးကိုက်´ အကြောင်းတွေ ရေးသားတိုက်တွန်းလေ့ရှိတယ်။ သတင်းတု၊ သတင်းမှားတွေ ပေါများလှတဲ့ သတင်းစီးဆင်းမှု မြန်ဆန်လှတဲ့ခေတ်အခါကြီးထဲမှာ ဆရာကြီး လူထုစိန်ဝင်းလို သတင်းသမား ပီသတဲ့ သတင်းစာဆရာကြီးတွေ လိုအပ်လှတယ်လို့ ကျွန်တော် တသီးပုဂ္ဂလခံစားချက်အရ ယူဆမိပါတယ်။
လူထုစိန်ဝင်းဟာ ဘာလို့ စာအစုံဖတ်တဲ့၊ စာရေးအားကောင်းတဲ့၊ ပြည်သူကိုပဲ မျက်နှာမူရေးသားလေ့ရှိပြီး သတင်းသမားတစ်ယောက်ရဲ့ ကျင့်ဝတ်အပြည့်ရှိတဲ့ သတင်းစာဆရာကြီး ဖြစ်နေရလဲ အကဲခတ်၊ လေ့လာကြည့်မယ်ဆိုရင် ဆောင်းပါးတစ်ပုဒ်လောက်နဲ့ မပြည့်စုံနိုင်ပါဘူး။ ဆရာကြီး လူထုစိန်ဝင်းရဲ့ မျိုးရိုး၊ ငယ်စဉ်ဘဝက ပြုစုပျိုးထောင်မှု၊ ပတ်ဝန်းကျင် အနေအထား၊ သတင်းပညာကို တူတူတွဲလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်၊ သတင်းသမားဘဝအစမှာ ပညာသင်ပေးခဲ့တဲ့ ဆရာကြီးတွေ၊ ဆရာ လူထုစိန်ဝင်း သတင်းသမားပေါက်စဘဝက ကျော်ဖြတ်ခဲ့ရတဲ့ အယ်ဒီတာကြီးတွေ၊ လူထုစိန်ဝင်း ဖြတ်သန်းခဲ့ရတဲ့ခေတ်ရဲ့ အနေအထား´ စတဲ့ ဘက်ပေါင်းစုံက လေ့လာကြည့်မှ ဆရာ လူထုစိန်ဝင်းရဲ့ ပရော်ဖက်ရှင်နယ် သတင်းသမားဘဝကို သိမြင်နိုင်မယ်လို့ ထင်မိပါတယ်။ ဒါတောင် လေ့လာအကဲခတ်သူရဲ့ အတ္တ သို့မဟုတ် ငါစွဲက အနည်းနဲ့အများ ပါနေပါလိမ့်မယ်။ ဘာအစွဲမှ မပါဘူးလို့ ကြွေးကြော်နေရင်တောင် ဘာအစွဲမှမပါတာကို စွဲ´ နေတာလို့ ယူဆမိပါတယ်။ ကျွန်တော် လေ့လာကြည့်မိတဲ့ ပုံစံကတော့ `ဆင်ခေါင်း ခွေးမချီနိုင်´ ပုံစံမျိုးပါ။ ပြည့်စုံတဲ့ လေ့လာခြင်းမျိုးတော့ မဟုတ်ဘဲ၊ ကိုယ်အားသန်တဲ့ အမြင်ရှုထောင့်ကနေ အကဲခတ်ကြည့်တာမျိုးပါ။
လူထုစိန်ဝင်းဟာ အမေဘက်ကနေဆိုရင် ဆရာကြီး ရွှေဥဒေါင်းနဲ့ အမျိုးတော်ပြီး ဆရာကြီးရဲ့ တူ´ တော်ပါတယ်။ အဖေဘက်ကနေဆိုရင် ပထမဆုံး မြန်မာဝတ္ထုလို့ ဆိုရမဲ့ မောင်ရင်မောင် မမယ်မ´ ဝတ္ထုကို ရေးသားခဲ့တဲ့ ဂျိမ်းစ်လှကျော်နဲ့ အမျိုးတော်စပ်ပါတယ်။ ဒါကတော့ ဆရာကြီး လူထုစိန်ဝင်းဟာ စာပေမျိုးရိုးကနေ ဆင်းသက်လာတဲ့အကြောင်းပါ။ ငယ်စဉ်ဘဝကတည်းက စာပေနဲ့မစိမ်းခဲ့သလို၊ ဆရာ့ပတ်ဝန်းကျင်မှာ စာပေနဲ့ပတ်သက်ပြီး အားကျစရာကောင်းလောက်တဲ့ ဆရာကြီး ရွှေဥဒေါင်းတို့လို လူမျိုးတွေနားမှာ ဖြတ်သန်းကြီးပြင်းခဲ့ရတာတွေဟာ ဆရာ့သတင်းသမားဘဝကို တနည်းတဖုံ အကျိုးပြုစေမှာပါ။ လူထုစိန်ဝင်းဟာ ဆရာကြီး ရွှေဥဒေါင်းကို မန္တလေးဘက်က လေသံအတိုင်း ဦးကြီး´ လို့ ခေါ်လေ့ရှိတယ်။ ဦးကြီး ရွှေဥဒေါင်းအနား သွားရမှာ ကျားမြီးဆွဲရမှာထက်တောင် ကြောက်တယ်´ လို့ လူထုစိန်ဝင်းက လွမ်းဆွတ်ဖွယ် ရေးသားဖူးတယ်။ စာရေးတဲ့အခါ အဆွဲအငင် အသတ်တွေ တိုနန့်နန့်နဲ့ မပီမသဖြစ်နေရင် ဆရာကြီး ရွှေဥဒေါင်းက အမြဲဆူငေါက်နေလို့ပါ။ ဒီလိုမျိုး စာပေနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်ကို ဖြတ်သန်းရတဲ့အတွက် ဆရာ့အတွက် အများကြီး အထောက်အကူပြုခဲ့မှာပါ။ ဆရာကြီး ရွှေဥဒေါင်းဟာ လူထုစိန်ဝင်းအတွက် စာပေနဲ့အတွေးအခေါ်မှာတင် လွှမ်းမိုးတာမျိုး မဟုတ်ဘဲ၊ အစားအသောက်စားတဲ့နေရာမှာပါ လွှမ်းမိုးမှုများ ရှိသလားဆိုတာ လူထုစိန်ဝင်းရဲ့ အရေးအသားတွေမှာပါ တွေ့မြင်ရနိုင်ပါတယ်။ `ဦးကြီး ရွှေဥဒေါင်းရဲ့ အမျိုးမို့လား မသိဘူး၊ အစားအသောက်နဲ့ပတ်သက်ရင် နည်းနည်းဇီဇာကြောင်တတ်ကြောင်း၊ ရှေးအရင်ကတည်းက ကော်ဖီစေ့ ဆိုရင် ပြင်ဦးလွင်က ဘီတီဘရားသား ကော်ဖီမှုန့်သာ သုံးကြောင်း´ ရေးဖူးပါတယ်။
လူထုစိန်ဝင်းဟာ လေဖြတ်သွားပြီးနောက်ပိုင်း ညာလက်နဲ့ စာမရေးနိုင်တော့လို့ ဘယ်လက်နဲ့ ရေးခဲ့ရတာပါ။ ကျန်းမာရေးအခြေအနေကြောင့် အချိန်တော်တော်များများကို အောက်ဆီဂျင်ပိုက် တပ်ထားရပေမဲ့၊ တစ်နေ့ကို ဆောင်းပါးနှစ်ပုဒ်နှုန်း ရေးလေ့ရှိပါတယ်။ ကျန်းမာရေး မကောင်းပေမဲ့ ရေးသားတင်ပြတဲ့ သတင်းဆောင်းပါးတွေကလည်း လူထုစိန်ဝင်းလေနဲ့ ပြောရရင် ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက်´ စာတွေ မဟုတ်ပါဘူး။ လူထုစိန်ဝင်းဟာ ကျန်းမာရေးမကောင်းတဲ့ကြားက ဘာလို့ စာတွေအဆက်မပြတ် ရေးနိုင်ရတာလဲ၊ ဘာကြောင့် အလုပ်တွေအများကြီးလုပ်နိုင်ပြီး ခိုင်မာတဲ့မူတွေ ရှိရတာလဲလို့ တွေးမိပါတယ်။ ဆရာ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလအနေအထား၊ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ၊ ဆရာ့ပတ်ဝန်းကျင်က ဦးကြီးရွှေဥဒေါင်း၊ လူထုဦးလှနဲ့ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်းတို့လို လူမျိုးတွေကြောင့်ကော´ အခုလိုမျိုး စာတွေအမြဲရေးနိုင်ပြီး ခိုင်မာတဲ့မူ ရှိတာလို့ မြင်ပါတယ်။ အကြောင်းအရင်းပေါင်းများစွာကနေ စုပေါင်းပြီး အကျိုးတရား ဖြစ်ထွန်းလာခဲ့တာပါ။ လူထုစိန်ဝင်း သတင်းသမားတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ခေတ်တုန်းက အစိုးရရဲ့ မူသဘောထားဖြစ်တဲ့ စာပေစိစစ်ရေးတွေနဲ့ ကြုံရတဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။ အဖိခံ၊ အနှိမ်ခံတွေဘက်က ရေးသားတဲ့အတွက်ကြောင့်လည်း ထောင်တွေ၊ ကျွန်းတွေမှာ ဆယ်နှစ် ဆယ်မိုးမက နေခဲ့ဖူးတဲ့ အတွေ့အကြုံတွေလည်း အများကြီးပါ။ နှိမ့်နှိမ့်ချချနေတတ်တဲ့ ဆရာ့မူအတိုင်း ကိုးကိုးကျွန်းပေါ်သွားပြီး သစ်ကနက်သားနဲ့ အုန်းပင်တွေကို သွားလေ့လာနေခဲ့တယ်လို့ ရေးလေ့ရှိတယ်။ ဆရာကြီး ရွှေဥဒေါင်း ဆိုရင် နေ့စဉ်ပုံမှန် အတိအကျထားပြီး စာရေးလေ့ရှိသလို၊ လူထုဒေါ်အမာ ဆိုရင်လည်း အသက်ကိုးဆယ်အထိ ရေဒီယိုတစ်လုံးနဲ့ အလုပ်ရှုပ်တုန်း၊ စာတွေရေးကောင်းခဲ့တုန်းပါ။ ဒေါက်တာသန်းထွန်း ဆိုရင်လည်း လူတွေ မအအောင် သမိုင်းစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက်ရေးခဲ့ပြီး၊ အလုပ်တော်တော်လုပ်နိုင်ခဲ့တဲ့ သမိုင်းပညာရှင်ကြီးပါ။ အတွေးအခေါ်အရကော၊ ရပ်တည်ချက်အရကော သူတို့အကုန်လုံးဟာ မပြောင်းလဲဘဲ ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းခဲ့သူတွေပါ။ ဒါကြောင့်မလို့ လူထုစိန်ဝင်းဟာ ကျန်းမာရေးမကောင်းတဲ့ကြားက စာတွေအဆက်မပြတ် ရေးနိုင်ခဲ့သလို၊ ထောင်တွေ၊ ကျွန်းတွေက ပြန်လာရပေမဲ့လည်း အဖိခံ အနှိမ်ခံတွေဘက်က၊ ပြည်သူကိုပဲ မျက်နှာမူရမယ်ဆိုတဲ့ မူသဘောထားတွေအတိုင်း ယုံယုံကြည်ကြည်နဲ့ ဆက်လက်ရေးသားခဲ့တာလို့ မြင်မိပါတယ်။
လူထုစိန်ဝင်း လို့ ဆိုလိုက်တာနဲ့ လူထုသတင်းစာတိုက်ကို တွဲမြင်မိကြမှာပါ။ လူထုစိန်ဝင်း ဆိုတဲ့ ကလောင်နာမည် အခိုင်အမာဖြစ်လာအောင်လည်း လူထုမိသားစု၊ လူထုသတင်းစာတိုက်နဲ့ အယ်ဒီတာကြီးတွေဆိုတဲ့ အကြောင်းအရင်းများစွာက ပံ့ပိုးကူညီခဲ့တာပါ။ ကျွန်တော် အနှစ်သက်ဆုံးအပိုင်းမှာလည်း သတင်းသမားပေါက်စဘဝ လူထုစိန်ဝင်းရဲ့ သတင်းဆောင်းပါး ရေးသားတင်ပြမှုတွေကို တည်းဖြတ်ပေးတဲ့ အယ်ဒီတာကြီးတွေရဲ့ အပိုင်းပါ။ လူထုစိန်ဝင်း ဆိုတဲ့ ကလောင်နာမည် မဖြစ်ပေါ်ခင်ကတည်းက ဆရာဟာ လူထုမိသားစုဆီမှာ အဝင်အထွက်ရှိနှင့်ပြီး၊ ဦးလှနဲ့ ဒေါ်အမာတို့ သားကြီးနှစ်ယောက်နဲ့အတူ ဆော့ရင်း၊ ကစားရင်း၊ ဘောလုံးကန်ရင်း ကြီးပြင်းခဲ့တဲ့ ငယ်မွေးခြံပေါက်တစ်ယောက်ပါ။ ဆရာဟာ လူထုတိုက်ကို ရောက်လာတဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ မတူတာက၊ လူထုဥယျာဉ်မှူးကြီး နှစ်ဦးကိုယ်တိုင်က မျိုးစေ့ချ၊ ပျိုးထောင်စိုက်မွေးပေးခဲ့တာပါ။ လူထုစိန်ဝင်းကိုယ်တိုင်ကလည်း သူ့ဦးကြီးဖြစ်တဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ သတင်းစာခေါင်းကြီးပိုင်းတွေကို စံထားပြီး လေ့လာခဲ့တာပါ။ `ဆရာကြီး ရွှေဥဒေါင်းရဲ့ သတင်းစာခေါင်းကြီးပိုင်းတွေဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အခေါက်ခေါက်ပြန်ဖတ်ပြီး နက်နက်နဲနဲ တွေးတောစရာ တစ်ခုခုပါစမြဲ ဖြစ်တာမလို့ သတင်းသမားတိုင်း လေ့လာသင့်ကြောင်း´ လူထုစိန်ဝင်းက အမြဲတိုက်တွန်းခဲ့တာပါ။
`မိုးခေါင်လို့ လယ်သမားတွေ ဒုက္ခရောက်နေကြတယ်´ လို့ လူထုစိန်ဝင်းတို့က ရေးလိုက်မိရင် ဦးလှက ဒုက္ခ ဆိုတဲ့ စာသားအစား အခက်အခဲလို့ ပြင်ပေးလိုက်ကြောင်း ဖတ်ဖူးတယ်။ လူထုဦးလှဟာ စကားလုံး အသုံးအစွဲကို အင်မတန်သတိထားပြီး ကြမ်းတမ်းတဲ့ စကားလုံးတွေကို ပြင်ပေးလေ့ရှိကြောင်း နာမည်ကြီးတယ်။ လူထုဒေါ်အမာ ဆိုရင်လည်း လူထုစိန်ဝင်းကို အရေးအသားပိုင်းဆိုင်ရာမှာ စကားလုံးဝေါဟာရတွေကို သတိထားရေးဖို့ အမြဲတိုက်တွန်းလေ့ရှိတယ်။ ဆရာ လူထုစိန်ဝင်းဟာ စကားလုံးအသုံးအနှုန်းကအစ ဂရုတစိုက်ရှိတဲ့ ဒီလို အရည်အချင်းပြည့်မီတဲ့ အယ်ဒီတာကြီးတွေနဲ့အတူ ခေတ်ကို ဖြတ်သန်းခဲ့ရတာပါ။ ဒါတောင် အမြင်မတော်တဲ့ အယ်ဒီတာ၊ သတင်းသမားတွေတွေ့ရင် ပိဿာလေးနဲ့ ဘေးပစ်ဆိုသလို အရေးအသားမျိုးတွေနဲ့ ထောက်ပြရေးသားခဲ့တာလည်း တွေ့ရပါတယ်။
လူထုစိန်ဝင်းဟာ သတင်းဝမ်းစာပြည့်တဲ့ သတင်းစာဆရာကြီးမို့ ဂျာနယ်တွေ မှိုလိုပေါလာတဲ့ကာလမှာ အယ်ဒီတာကျင့်ဝတ်၊ သတင်းသမားကျင့်ဝတ်တွေ အမြဲထောက်ပြအကြံပြုခဲ့တာပါ။ လူထုစိန်ဝင်းဟာ ဆရာ မောင်စွမ်းရည် တင်စားတဲ့ `သတ္တိကောင်းတဲ့ သတင်းစာဆရာ´ ဆိုသလိုမျိုး အမြင်မတော်တဲ့ နိုင်ငံရေးသမား၊ အချောင်သမားမျိုးကိုလည်း ထောက်ပြဝေဖန်ဖို့ ဝန်မလေးတတ်ပါဘူး။ ဆရာသာရှိနေသေးရင် အခုလို ပေါ်ပြူလစ်ကာလကြီးမှာ အင်တာနက်ရေစီးကြောင်းပေါ်က ပေါ်ပြူလစ်လူအချို့နဲ့ ဆရာ့ရဲ့ထောက်ပြတဲ့အရေးအသားတွေဟာ ပွတ်တိုက်မှုရှိနိုင်မလား၊ ဒါမှမဟုတ် အဆင်ပြေ ဆီလျော်နိုင်မလားလို့ တွေးမိပါတယ်။ သေချာတာကတော့ ဆရာဟာ အဖိခံအနှိမ်ခံတွေအတွက်၊ ပြည်သူတွေကိုပဲ မျက်နှာမူပြီး သတင်းဆောင်းပါးတွေ ရေးသားတင်ပြမှာပါ။ သတင်းစီးဆင်းမှု မြန်လာပြီး၊ သတင်းတု၊ သတင်းမှားကို ဘယ်လိုစောင့်ဖတ်သင့်ကြောင်း၊ စာနယ်ဇင်းသမားများအနေဖြင့် ဘယ်လိုတင်ပြသင့်ကြောင်း သတင်းဆောင်းပါး တင်ပြသူနဲ့ စာဖတ်သူများကြား လမ်းညွှန်မှုပေးနိုင်မယ်လို့ ခံစားမိပါတယ်။
စာသမားတွေ ဆုံကြတဲ့စကားဝိုင်းတွေမှာ လှုပ်ခတ်နေတဲ့ ကမ္ဘာကြီးအကြောင်း စကားစပ်မိရင် လူထုစိန်ဝင်းရဲ့ နိုင်ငံတကာရေးရာ သုံးသပ်ချက်တွေအကြောင်းကို စံထားပြီး ပြောကြတယ်။ လူထုစိန်ဝင်းဟာ ဘာလို့၊ ဘာကြောင့်၊ အဘယ့်ကြောင့် နိုင်ငံတကာရေးရာတွေမှာလည်း လက်တွေ့နဲ့မကင်းကွာတဲ့ သုံးသပ်ချက်တွေ သုံးသပ်နိုင်ရတာလဲ။ ကျွန်တော့်အထင် ၁၉၆၀ တဝိုက်တုန်းက လူထုဒေါ်အမာရဲ့ နိုင်ငံတကာရေးရာအပေါ် သုံးသပ်ချက် အရေးအသားများသည် လူထုစိန်ဝင်းအပေါ် အနည်းနဲ့အများ သြဇာသက်ရောက်နိုင်ပါတယ်။ တကယ်လို့ ကျွန်တော့်ယူဆချက် မှားတယ်ဆိုရင်တောင်မှ လူထုသတင်းစာရဲ့ နိုင်ငံတကာရေးရာ သုံးသပ်ချက် အခန်းကဏ္ဍတွေနဲ့အတူ သတင်းသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေဟာ လူထုစိန်ဝင်းရဲ့ အတွေးအမြင်အပေါ် ပိုပြီးအားကောင်းစေနိုင်မလားလို့ ကျွန်တော့်ရဲ့ နုံနဲ့တဲ့ အယူအဆနဲ့ ယူဆမိပါတယ်။ လူထုဒေါ်အမာရဲ့ ၁၉၅၆ - ၁၉၅၇ ကာလဆီက သတင်းခေါင်းကြီးပိုင်း အရေးအသားနဲ့ ၁၉၆၀ - ၁၉၆၇ ကာလအတွင်း နိုင်ငံတကာရေးရာအပေါ် သုံးသပ်ချက်များဟာ လူထုရဲ့ အတွေးအမြင်အပေါ် လမ်းညွှန်ချက်သြဇာတစ်ခု ဖန်တီးပေးနိုင်ခဲ့တယ်လို့ လူထုစိန်ဝင်းက မှတ်ချက်ပြုခဲ့ဖူးတယ်။
ဘာကြောင့် လူထုစိန်ဝင်းဆိုတဲ့ မဟာသတင်းစာသမားကြီး ဖြစ်ပေါ်လာရတာလဲဆိုတာ နှောင်းမျိုးဆက်တွေအတွက် `လူထုစိန်ဝင်းရဲ့ မျိုးရိုး၊ ငယ်ဘဝ၊ တက်ခဲ့တဲ့ကျောင်း၊ စာပေနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်၊ ဖတ်မှတ်လေ့လာခဲ့တဲ့ စာတွေ၊ လက်ဦးဆရာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ စစ်ပြီးခေတ် ပညာတတ်လူငယ်တွေ လက်ခံတဲ့နိုင်ငံရေးသဘောတရား၊ ဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့ခေတ်၊ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊ တည်းဖြတ်ပေးတဲ့ အယ်ဒီတာကြီးများ´ အစရှိတဲ့ အကြောင်းအရင်းပေါင်းများစွာကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ကြည့်သင့်ပါတယ်။ လူထုစိန်ဝင်း သတင်းဝမ်းစာပြည့်လာရတာဟာ ဆရာကိုယ်တိုင် လေ့လာကြိုးစားအားထုတ်မှုအပြင် လူထုဇနီးမောင်နှံ၊ လူထုတိုက်က ပညာတတ်အယ်ဒီတာဆရာကြီးများရဲ့ တည်းဖြတ်သင်ကြားပေးမှု အခန်းကဏ္ဍများလည်း ပါဝင်ပါတယ်။ သင်ဟာ သင့်ငယ်ဘဝက ပုံတွေ၊ ဗီဒီယိုတွေ၊ မှတ်တမ်းတွေ ပြန်ကြည့်ဖြစ်တဲ့အခါမျိုးမှာ အတိတ်ငယ်ဘဝကို ခဏတာတော့ အနည်းနဲ့အများ ပြန်ရောက်သွားကြမှာပါ။ ပြီးရင်တော့ သင့်ရဲ့အတွေးဟာ အတိတ်မှာပဲ နစ်မြုပ်နေမှာမဟုတ်ဘဲ၊ လက်ရှိအချိန်ကာလနဲ့ ချိန်ထိုးပြီး မှတ်ချက်ပြုကြတယ်မလား။ ဒီစာဟာ ကျွန်တော့်တူလေးကို လူထုစိန်ဝင်းအကြောင်း ပြောပြရင်းကနေ အတိတ်ကို အခြေခံမိတဲ့ အတွေးက ရင်ထဲကို ရိုက်ခတ်လာမိလို့၊ ဒီနေ့ခေတ် သတင်းနဲ့နည်းပညာခေတ်ကြီးမှာ လူထုစိန်ဝင်းလိုမျိုး သတင်းသမားတွေ လိုအပ်တယ်လို့ ခံစားမိတဲ့အတိုင်း ရေးဖြစ်လိုက်တာပါ။ သတင်းဝမ်းစာပြည့်တဲ့ သတင်းသမားဖြစ်လာဖို့၊ မှန်သုံးမှန် လူထုစိန်ဝင်း ဖြစ်လာဖို့ လူထုစိန်ဝင်းရဲ့ တည်ဆောက်လာပုံအကြောင်း ကျွန်တော် လှမ်းကြည့်မိတဲ့အခါ အခုလို စာကြောင်းလေးတွေ ပွင့်ထွက်လာပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar