ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နိုင်ငံရေး
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၀ မြင်ကွင်း
(မိုးမခ) ၊ အောက်တိုဘာ ၂၁ ၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နိုင်ငံရေး
ပြီးခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်နီးပါးကာလအတွင်း နေပြည်တော် အချုပ်ထောင်၊ အဲဒီနောက် ယခုနှစ်ဆန်းပိုင်းမှာ နေပြည်တော်ရှိ နေအိမ်တအိမ်တွင် အကျဥ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်နိုင်ငံရဲ့ ဘုရင်ဖြစ်တဲ့ ချားလ်ထံမှ ပေးပို့တဲ့ စာအုပ်နဲ့ သံတမန်စာအိတ် တအိတ်ကို အောက်တိုဘာ ၁၉ ရက်နေ့က ပေးပို့ခဲ့တယ်လို့ အာဏာသိမ်းစစ်အစိုးရ သမ္မတရုံး ပြောခွင့်ရသူ ဆိုတဲ့ လူမှုကွန်ရက်အကောင့်ကနေ အဲဒီနေ့ ညနေပိုင်းမှာပဲ ဓာတ်ပုံအချို့နဲ့ အတူ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပထမဆုံး ဖော်ပြတဲ့ သတင်းထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စုကြည်လို့ သုံးနှုန်းထားပြီး နောက်နာရီပိုင်းအကြာမှာ ဒေါ်အောင်ဆန်းစုကြည်လို့ ပြင်ဆင်တာ သတင်းဓာတ်ပုံဖြည့်စွက်တာတွေ လုပ်ဆောင်ခဲ့တာပါ။
ချားလ်ဘုရင်ထံက ပေးပို့တဲ့ စာအုပ် ၂ အုပ်နဲ့အတူ သံတမန်စာအိတ်တို့ကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက သွားရောက်ပေးပို့ခဲ့တယ်လို့ ဖော်ပြထားကာ တွေ့ဆုံချိန်အားဖြင့် ၁၀ မိနစ် ကြာမြင့်တယ်လို့ပါ ဖော်ပြထားတာ တွေ့ရပါတယ်။ ချားလ်ဘုရင် ပေးပို့တဲ့ စာအုပ် ၂ အုပ်ကတော့ စိုက်ပျိုးရေး၊ သဘာပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့စာအုပ်ဖြစ်ပြီး သံတမန်ချိပ်ပိတ်စာအိတ်မှာတော့ ဘာအကြောင်းအရာ ပါရှိတယ်ဆိုတာ မသိရှိရပါဘူး။
မကြာသေးတဲ့ လပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ရဲ့ မြန်မာနိုင်ငံတာဝန်ခံနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ICRC နဲ့ တွေ့ဆုံခွင့် မပြုမီလပိုင်းတွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်န်အဲရစ်က သူ့မိခင် အသက်ရှင်လျက်ရှိကြောင်း သက်သေပြဖို့ လှုံ့ဆော်တဲ့ Campaign တွေ အနောက်ဥရောပနိုင်ငံတွေနဲ့ အခြားသောနိုင်ငံတွေက မြန်မာအသိုင်းအဝိုင်းတွေက ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း သက်သေပြဖို့ ICRC အဖွဲ့ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးခဲ့တာလို့ ကောက်ချက်ချရပါတယ်။ နောက် ဖြစ်နိုင်ခြေရှိတဲ့ တချက်က ICRC နဲ့ တွေ့ဆုံခွင့်ပေးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းကျနေသူအဖြစ် ပုံဖော်လိုတဲ့ ရည်ရွယ်ချက်၊ နိုင်ငံရေးအရ ထိန်းသိမ်းထားတဲ့ သဘောထက် အကျဥ်းကျနေသူအဖြစ် သတိပြုစေချင်တာလို့ ယူဆရပါတယ်။
အခုလို ဗြိတိန်နိုင်ငံ ချားဘုရင်ထံက ပေးပို့တဲ့ စာအုပ် ၂ အုပ်နဲ့ စာအိတ်တအိတ်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က တာဝန်ရှိသူတွေက သွားရောက်ပို့ဆောင်ခဲ့တာဟာ နေအိမ်မှာ အကျဥ်းကျနေသူ၊ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အစိုးရက အခြားအကျဥ်းသူ/အကျဥ်းသားတွေနဲ့ မတူဘဲ အထူးအခွင့်အရေး ပေးထားသူ ဆိုတဲ့ သတင်းစကားကို အများပြည်သူကို သိစေချင်တာလို့ ယူဆရပြီး သတင်းထုတ်ပြန်ချက်မှာ ဒေါ်စုကြည်လို့ ပထမဆုံးသုံးနှုန်းခြင်းက ၁၉၉၀ ပြည့်နှစ်ကျော်ကာလ နဝတ/နအဖ ခေတ်က စစ်အစိုးရ သတင်းစာတွေထဲက ဝါဒဖြန့်ဆောင်းပါးတွေမှာ သုံးနှုန်းတဲ့ အသုံးအနှုန်း၊ အဲဒီခေတ်ကာလက စစ်ဗိုလ်ချုပ်အချို့က တပ်တွင်းမိန့်ခွန်း ဟောပြောမှုတွေမှာ သုံးနှုန်းတဲ့ အသုံးအနှုန်းမျိုးကို သုံးနှုန်းလိုက်တာလည်း ဖြစ်ပါတယ်။
မကြာသေးမီက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ Time မဂ္ဂဇင်းက သတင်းသမား တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ လွတ်မြောက်ရေးဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်တယ် ဆိုတဲ့ သဘောပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုရဲ့ အဓိပ္ပာယ် ဆိုလိုရင်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို မထောက်ခံပါဘူးဆိုတဲ့ သဘောထားမျိုး ထုတ်ဖော်ပြောဆိုစေချင်တာကို သွယ်ဝိုက်ပြီး ပြောဆိုတာလို့ နားလည်နိုင်ပါတယ်။
NUG ရဲ့ လက်နက်ကိုင်လမ်းစဥ်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခြင်း မရှိပါဘူးဆိုတာကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုချင်တာ ထင်ရှားတဲ့အချက် ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းပြီးခါစ နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့၊ ဒေါ်စန္ဒာမင်းတို့နဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကာလတွေမှာကတည်းက ဒေါ်အောင်ဆန်းစုကြည်ထံက အဲဒီလို သဘောထားမှတ်ချက်မျိုး လိုချင်ခဲ့တာလို့ နားလည်ရပါတယ်။
အခုလို ပြည်တွင်းစစ် အရှိန်မြင့်နေတဲ့ ကာလမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ထံက အဲလို သဘောထားမှတ်ချက် ရခဲ့မယ်ဆိုရင် လက်နက်ကိုင်လမ်းစဥ်ထဲ ပါဝင်နေတဲ့သူတွေရဲ့ အရေအတွက်တခုကို လျော့ကျသွားစေလိမ့်မယ်လို့ မှန်းဆချက် ရှိသလို လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံသူတွေထဲကလည်း ရာခိုင်နှုန်းတခု လျော့နည်းသွားလိမ့်မယ်လို့ မျှော်လင့်မှန်းဆတဲ့သဘော ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်ထဲ ပြန်လည်ဝင်ရောက်ခွင့်ပေးဖို့ ဆန္ဒမရှိတာ ထင်ရှားပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်လွန်ကာလတွေမှာ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်နဲ့ ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သဘောထားပျော့ပျောင်းတဲ့ အခြေအနေတရပ်မျိုးမှာ နိုင်ငံရေးနယ်ပယ်မှာ လှုပ်ရှားခွင့်ပေးမဲ့ သဘောထားမျိုး ရှိခဲ့တာလို့ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဥ်တွေကို ကြည့်ပြီး ကောက်ချက်ချနိုင်ပါတယ်။
အခုတကြိမ် စစ်အာဏာသိမ်းချိန်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့အရင် အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အတွေ့အကြုံကို သင်ခန်းစာယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်ထဲ ပြန်မလာနိုင်အောင် ရည်ရွယ်ပြီး ၃၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ထက်ဝက်လျှော့ပေါ့တဲ့ အမိန့်ကို နောက်ပိုင်းကြေညာသည့်တိုင် ၁၆ နှစ်ခွဲလောက် အကျဥ်းထောင်ထဲ နေရမဲ့ အနေအထားဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်က အပြီးအပြတ် ဖယ်ထုတ်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ထင်ရှားနေပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကလည်း အကြောင်းတချက် ဖြစ်နိုင်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်က ဒီရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ အရင် စစ်အစိုးရခေတ်ကလို နေအိမ်အကျယ်ချုပ်အနေနဲ့ မထားတော့ဘဲ ပြစ်ဒဏ်ချပြီး အကျဥ်းသားအဖြစ် သတ်မှတ်ပြောဆိုတဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတကာအနေနဲ့ တွေ့ဆုံဖို့ ခွင့်မပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ ကောက်ချက်ချနိုင်ပါတယ်။
မြန်မာနိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရေးကြီးနေဆဲ ဖြစ်တယ်ဆိုတာကို အများက သဘောတူကြတဲ့တိုင် အထက်က အခြေအနေမျိုးအောက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အချိန်မီ အပြင် ပြန်ရောက်လာနိုင်မလား ဆိုတဲ့ မေးခွန်းက ဖြေဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
