Breaking News

မောင်ဘဦး - "ပြည်ထဲရေးထက် ဝမ်းရေးခက်၏"



မောင်ဘဦး - "ပြည်ထဲရေးထက် ဝမ်းရေးခက်၏"
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၆

'တော်သလင်းနေ ပုဇွန်သေ' ဆိုရအောင်ကလည်း တော်သလင်းလကုန်သည်မှာ ကြာလှပြီ။ အောင့်အဉ်းစောင့်စား မင်္ဂလာမောင်မယ်များအဖို့ သီတင်းပင်ကျွတ်လုပြီ။ ဝါ၊ တနည်းကား၊ သီတင်းကျွတ် လ၊ ပြည့်တော့မည်။

'သီတင်းကျွတ်တွင်-ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး'ဖို့ကလည်း...၊ စစ်ခွေးတို့၏ လေယာဉ်နဲ့က တစ်မျိုး၊ ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာတွေနဲ့က တစ်ဖုံ၊ ဘာတိုက်ပွဲ ဘာအကြောင်းကိစ္စမှ မရှိဘဲ၊ 'ပ.စသင်တန်း' လေ့ကျင့်ခန်း၊ လက်တည့်စမ်းကာ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဒဏ်ကြောင့်က တစ်လီ...၊ အညာဒေသဆီမှာ မြတ်စွာဘုရားရှင်၏ သင်ပုတ်တော်၊ ပလ္လင်တော်တို့မှာ မိုးရွာချ၍ ဆေးကြောပစ်စရာ...၊ ကျန်ရှိတော့မည် မထင်။ အကယ်၍များ...၊ ဗုံးဒဏ်ကြောင့် ဘုရားဆွမ်းတော်စွန့်ရာ သင်ပုတ်အုတ်ခုံ မပျက်မစီး ကျန်ရှိပါသော်ငြား '...မစားလေရ ဝမ်းမဝ၍၊ ဆွမ်းမျှ မတင်နိုင်...'တော့သည်မှာ စစ်အာဏာ စတင်သိမ်းခဲ့သည်မှဆိုလျှင် ခြောက်နှစ်တာမျှ ကြာလေပြီ။ သိကြားမင်းကြီးခမျာ ဘဇာကို မိုးရေဖြင့် ဆေးကြော ပါမည်နည်း...။

ဆရာကြီးဇော်ဂျီ ခင်ဗျား...။ '...မစားလေရ ဝမ်းမဝ၍၊ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း...'ဆိုသော ဆရာကြီး၏ကဗျာ မှန်လွန်းလှပါသည်...။ ပြီးတော့...၊

'...ထလော့ မြန်မာ၊ အို မြန်မာတို့...'

'...ထလော့ မြန်မာ၊ အို မြန်မာတို့...'

'...ထလော့ မြန်မာ၊ အို မြန်မာတို့...'ဟူ၍ သုံးပါဒ-သုံးပိုဒ်၊ သုံးကြိမ်သုံးလီ နှိုးဆော်ခဲ့သည်ကိုလည်း ယခုမှ သဘောပေါက်ရပါသည် ဆရာကြီးဇော်ဂျီ ခင်ဗျား...။ မတရားစစ်အာဏာသိမ်းသည်မှာ ၆-နှစ်တာကာလ ကြာညောင်းပြီဆိုသော်ငြား၊ ကိုယ့်အိမ်တံခါးဝ မရောက်သေးသမျှ မနိုးထ၊ ချင်ကြသေးသည့် အအိပ်ကြီး ရွှေမြန်မာတို့မှာ ယနေ့တိုင် ရှိနေဆဲပါ ဆရာကြီး ခင်ဗျား...။

အညာတစ်ခွင် သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်၊ နေ့ကြီးရက်ကြီး အခါကြီးတွေမှာ...၊ လက်ပန်တောင်းတောင်-မီးသင်္ကန်း ကပ်တာတွေ၊ ချောင်းဦး-ဘုံတိုရွာ သီတင်းကျွတ်မီးထွန်းပွဲတော် ဗုံးကြဲခံရတာတွေ အပြင်၊ မြောင် ဆွဲလည်အိုးရွာ တရားစခန်း ဗုံးကြဲတာတွေပါ...၊ မှတ်မှတ်ရရ ရင်နင့်စရာတွေက များပြားလှချေသည်။

အညာတစ်ခွင် 'ဆောင်းသွင်းမိုး'ဟုပင် ထင်မိ၏။ မနေ့-တမြန်နေ့တွေဆီတုန်းက မိုးသက်လေနှင့်အတူ မိုးစက်တွေပါ ရွာချလာသည်။ ဒီနေ့မှာမူ ပူလိုက်သည့် ဖြစ်ခြင်း...။ နေမင်းက ဝင်းဝင်းတောက်။ အန်တီညို(အယ်နီညို)ကြောင့်လို့လည်း ဆိုကြသည်။ မြို့ကြီးတချို့တွင် မူးလဲပြီး သေသည်အထိ ဖြစ်ကြရသည် တဲ့။ မတတ်နိုင်...။ အပူဝင်သွေးပြတ်... လေဖြတ်ကာမှဖြတ်ပေရော့...။ ချင်းတွင်းတံတားကြီးကိုဖြတ်ပြီးသကာလ မြို့သို့ ထွက်လာခဲ့ရသည်။ နက်ဖြန် ဆန်၊ဆီ၊ဆား၊ ပဲနှင့် ၅နှစ်အောက်ကလေးများအတွက် အာဟာရမှုန့်များ လာထုတ်ရန် ချင်းတွင်း CHDOမှ ဖုန်းဆက်ခေါ်ထားသည်လေ...။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးFAOမှ ၂-လ တစ်ကြိမ် အိမ်ထောင်စု ဇယားအတိုင်း လူတစ်ယောက်လျှင် ဆန်၄-ပြည်၆-ဗူး၊ ဆီ၅၀-သား၊ ပဲ၁-ပြည်၊ ဆား၁၀-သား၊ အခမဲ့ပေး၍ သွားထုတ်ရသည်။ ၂၀၂၆ သည်နှစ်အတွက် ဧပြီ၊ ဇွန်၊ ဩဂုတ်၊ အောက်တိုဘာ ဆိုတော့...၊ ၄-ကြိမ်ရှိပြီမို့၊ 'စစ်ကြောင်းထိုး'သာ မရှိလျှင် သွားရလာရ ဝေးလှပေသိ၊ တော်တော်လေးတော့ ခုသာခံသာ ဖြစ်ရပါ၏။ ရိက္ခာဝေအဖွဲ့၏ ဖုန်းဆက်သည့် ကလေးမ၊ က မနက်ပိုင်း စောစောလေး လာထုတ်ဖို့ကိုပါ မှာလိုက်ပါသေး၏။ 'နေ့ ၁နာရီ သိမ်းမှာမို့ပါ...' တဲ့။ ဒီတော့ နေ့၁၂နာရီ ဝန်ထမ်းတွေ ထမင်းစားမနားမီ ထုတ်ယူနိုင်အောင် အလျင်စလို ထွက်လာခဲ့ရသည်။ နေပူတာတော့ မတတ်နိုင်။

ဆီဂေါက်ခလုတ်ကို ဖွင့်လိုက်သည်နှင့် ခိုးယူလိုက်ပြီးဖြစ်သော...၊ ချက်ဆီ ရောစပ်ထားသဖြင့် အရောင်ညစ်တစ်တစ် ယစ်ရွှေရည်ပမာ ဝေ့လဲ့နေသော...၊ တစ်လီတာကို ငါးထောင်ငါးရာပေးချေရသည့်...၊ နိုင်တီတူး ခေါ် ဓာတ်ဆီ အနည်းငယ်ကို၊ စကစ၏ မီးရှို့ခံရသည့်အထဲမှ အသက်လုကာ ဆွဲထုတ်ရယူထားရသည့် ဆိုင်ကယ်တိုင်ကီထဲသို့ ဓာတ်ဆီဆိုင် ရောက်ရုံမျှလောက်သာထည့်ကာ၊ စပါယ်ယာဆီကိုပါ ဆိုင်ကယ်ဘေးတွင် ချိတ်ယူခဲ့ရင်း ခရီးနှင်လာခဲ့ပါ၏။

ဓာတ်ဆီဆိုင်တွင်ဆီဖြည့်စဉ်၊ ဆီတိုင်ကီထဲ၌ ဆီလက်ကျန် ရှိမနေမှသာ ၄-လီတာခန့် ထည့်လို့ရမည်။ ဒီတော့ ဆိုင်ကယ်တချို့က 'ဆီတိုင်ကီကို ချဲ့ထားကြသည်...' တဲ့။ ဒါမှသာ 'တစ်ပတ်စာ လောက်ငှမည်...၊ နို့မို့ အပြင်မှ ဈေးကြီးပေး၍ ဝယ်ရပါသည်...' တဲ့။ တစ်သောင်းကျော်လောက် ကုန်မည်ဖြစ်ရာ ဆီတိုင်ကီချဲ့မနေတော့...။

တစ်ခါ...၊ ဆီဆိုင်ရောက်သည်နှင့်... 'ယနေ့ ဆီလက်ကျန် နည်းနေပါသဖြင့်...'နှင့်သာ ကြုံတွေ့ခဲ့ပါလျှင်...၊ အခြားတပါး ဆီထုတ်ပေးသောဆိုင်ကို ရှာဖွေဖို့ကလည်း စပါယ်ယာဓာတ်ဆီ ဆောင်ထားဦးမှ အဆင်ပြေပေမည်။ သည်တော့...၊ ဆီပုလင်းကို ခါးထိုးပြီး...၊ အဲ...၊ ဆိုင်ကယ်ဇက်နားက ချိတ်မှာ ချိတ်ပြီးယူလာရပါလေ၏။ 'မအလ-သမဒတု' သည်ပင်လျှင် ဆီပုလင်းကို ခါးမှာထိုး၊ သူခိုးလက်သင့်ခံ နိုင်ငံတွေဆီ လှည့်လည်နေမှတော့ ပြည်သူတစ်ယောက်အဖို့ မရှက်နိုင်တော့...။ ဆီပုလင်းကို ဆောင်ရင်း ဆီရှာ ထွက်ရပါလေ၏...။

ဆီဆိုင်ကြီးတွေမှာ ဆီပြတ်သော်ငြား အပြင်ဆိုင်လေးတွေမှာကတော့ လိုသလောက် ရလေသည်ကလည်း ထူးတွေတည့် အံ့ရာသော်ပင် ဖြစ်စရာ...။ သို့သော် မအံ့ဩမိ။ အာဏာရှင်ခေတ်မှာ ဒါမျိုးတွေက ပေါများလာတော့မည် လေ...။ 92တစ်လီတာ 'အပြင်ပေါက်ဈေး'က ရှစ်ထောင့်ငါးရာ၊ ကိုးထောင်၊ တစ်သောင်း...။ အပြင် 'ကောက်ဈေး'က ခုနစ်ထောင့်ငါးရာ ဆိုတော့လည်း ဟုတ်ပေလိမ့်မည်။

ဇက်ဆိပ်လှေပေါ်တွင် ဆိုင်ကယ်တင်၍ မြို့ထဲရှိ ဆန်ဂိုဒေါင်သို့ အနီးဆုံးလမ်းမှ သွားချင်ပါသော်လည်း၊ အပြန်ခရီး ဆန်အိတ်ကြီးနဲ့ဆိုတော့...၊ 'အိုးရှင်း'ဇက်ဂိတ်အဆင်း၊ စခဂိတ် ခွေးတစ်သင်းက ဘာညာကွိကွ ပြောရဆိုရ ဒုက္ခများလှသည်။ သည်တော့ တံတားကြီးဖက်ကပဲ ဖြတ်ရသည်။

တံတားဂိတ်ကလည်း ဖြတ်သန်းခ၊ ကောက်ရုံတင်မက၊ နောက်က ဆန်အိတ်ကိုမြင်ပြီးသကာလ 'ချထားခဲ့...' ဆိုလျှင် 'ဒွတ်ခ...'။

မယုံမရှိကြနှင့်။ စခခွေးဂိတ်က ချချယူထားလေသည့် ပြည်သူတို့၏ရိက္ခာတွေမှာ တက်တက်စင် များပြားလှချေပြီ။ ဆန်အိတ်၊ ပဲအိတ်၊ ဆီပုံး...။ 'ကြက်သွန်'ဆိုတာကတော့ မြို့က ပွဲရုံသို့ သွားမပို့ရသေးခင်ကကို ကြိုတင်၍၊ '...တအိတ် လာပို့လှည့်...' တဲ့။ '..ဟုတ်ကဲ့ ဟုတ်ကဲ့' တွေချည်း...'။ 'နုကြည်-ဘာကွညာကွ...'ဆိုသူမျိုး တစ်ယောက်မှ မပါ...။ အတောင်းခံရသူ ကြက်သွန်တောင်သူဖက်ကလည်း...၊ 'လာပို့လှည့်'အတောင်းခံရတာကိုက သူ့ရွာကျရင် 'အကောင်'...။ ရုံးကန်ကန္နား ထိုထိုကိစ္စကြုံရပါက၊ '...ထိုသူ့ကိုသာ အလိုက်ခိုင်းချေ၊ ပြေလည်ပေမည်...' ဆိုသကိုး...။ သိုးကျောင်း၊ဆိတ်ကျောင်း၊ နွားကျောင်း...၊ မတောင်းဘဲ ဇွတ်အတင်းဆွဲ၍ သတ်ကာစားကြသည်များကား အညာဒေသအဖို့ မဆန်းလှပါ ပေါ့...။ သည်တော့ ခွေးဂိတ်ကမေးလျှင် 'မုသား'လေးတော့ အထိုက်အလျောက် သုံးရသည်။

'စစ်ရေးမက်ရေး၊ ရန်သူဘေးကြောင့်၊ အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာ၊ ခက်သည်သာတည်း။ အစာအစား၊ ထွားထွားမြည့်ကြေ၊ ရှားပါးလေ၍၊ သေကျေ ပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်၊ ဝမ်းရေးခက်၏။ ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ တမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏။' (ဥမ္မာဒန္တီပျို့) ရှေးကဗျာတခုထဲကလို 'ပြည်ထဲရေးထက် ဝမ်းရေးက ပိုခက်ပါသည်' လေ...။

မိမိအထင်၊ လွမ်းရေးမှာမူကား ဝမ်းရေးထက်ပို၍ ခက်စရာအကြောင်း မမြင်တော့...။ ကိုဗစ်နိုင်တီးမှာကတည်းက 'တောင်မင်း မြောက်မင်း မကယ်နိုင်...'။ စိမ်းစိမ်း-ကျက်ကျက်၊ သာရေးနာရေး ဘာအရေးမှ သွားရောက်၍ မမေးနိုင်...၊ မကူနိုင်၊ မကယ်နိုင်...။ ဆွေပြတ်မျိုးပြတ်၊ လူမှုရေးပြတ်ခဲ့ရပြီးပြီလေ...။ 'ကိုဗစ်နိုင်တီး' တည်းဟူသော ဘေးဆိုးကပ်ဆိုး ကာလဆိုးကြီးထဲ၌ပင်လျှင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို လုံးဝလုံးဝ မငဲ့မကွက်...ထည့်မတွက်...၊ ရုတ်တရက် ကောက်ကာငင်ကာ စစ်အာဏာ ထ၊ သိမ်းလိုက်ကတည်းက၊ 'နူရာဝဲစွဲ-လဲရာသူခိုးထောင်း'...။ ပုန်းရလျှိုးရ...။ ပြေးရလွှားရ...။ နေအိမ် မီးအရှို့ခံရ...။ တွေ့ရာနေရာ ပုန်းခိုကာ တွယ်ကပ်နေကြရ...။

'တွေ့ရာနေရာပုန်းခိုကာ တွယ်ကပ်နေရ'သည့်ဒုက္ခကို 'အလွယ်လေးဟ...' လို့တော့ မထင်စေလို...။ စည်းမစောင့်သူတချို့ကြောင့် အခန်းထောင့်မှာ ကြိတ်၍ ငိုရှာရသူတွေက တစ်ပုံတစ်ပင်...။ ထို့ပြင်တဝ...၊ ပုန်းခိုတွယ်ကပ်နေကြရသည့် စစ်ရှောင်တဲကို စကစမှ ဗုံးလာ၍ အကြဲခံရ...။ ပြောပြစရာတွေက တစ်ပုံကြီး...။

တရားဓမ္မရေအေးဖြင့် ဖြေဆေးလုပ်ပြန်တော့လည်း တရားစခန်းအထိ ဗုံးလာကြဲ...။ ဒုက္ခ၊ ဒုက္ခက္ခန္ဓဿ...၊ ဘယ်အချိန် ကျလာလေမလဲ...။ အညာသူအညာသားတို့၏ နှလုံးသည်းပွတ်ထဲတွင် ဒဏ်ရာအမာရွတ်တို့ဖြင့် ထောင်းလမောင်းကြေနေလေပြီ...။ အသက်မသေ ရှင်သန်ခွင့် ရနေသေးသည်ကပင် ကံကောင်းလွန်းလို့...။ သည်တော့... လွမ်းရေးဆိုသည်ကား ဝမ်းရေးကိစ္စကြီးထက် ပို၍ခက်စရာအကြောင်း မရှိတော့...။ ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နှက်၍ နေပြီတည်း...။

ဆန်ထုတ်ရသည့်'ဂျက်ကာ' နေရာက ခဏခဏပြောင်းသည်။ ပထမ အောင်ချမ်းသာ-မြို့သစ်ထဲက ဂိုဒေါင် ၁-နှင့် ဂိုဒေါင် ၃-တို့မှာ သွားထုတ်ရသည်။ အဲသည့်နောက်... နာရီစင်နားက 'ရွှေစည်းခုံဘုရား'နဲ့ 'ရတနာအောင်မြေ' ဘုန်းကြီးကျောင်းထဲမှာ...။ ဒီတစ်ခါတော့ 'ရှစ်ရက်ပွဲ'လုပ်မှာမို့လား မသိ။ မြို့သစ်ဂိုဒေါင်၃ နှင့် ထန်းတောရပ်ကွက် 'ပါဝါနိုင်း'ဆီဆိုင်နားက ဂိုဒေါင်တွေမှာ သွားထုတ်ကြရသည်။

မနက်၇-နာရီ ဆန်ထုတ်မယ့်ဆီ ရောက်တော့ ထုံးစံအတိုင်း လူအုပ်ကြီးက ကြိတ်ကြိတ်တိုး တန်းစီနေနှင့်ပြီ။ တချို့က မနက်၄-၅နာရီ လာတန်းစီပါသတဲ့...။ အရင့်အရင်တွေတုန်းကတော့ နေရာမှတ်၊ နေရာဦးကာ၊ နေရာရောင်းစားသည့်သူ ရှိသည်။ နောက်ပိုင်း ဆန်လာထုတ်သူ အများစုမှာက 'ဘူ'တွေချည်းဆိုတော့ 'စောစောထ-တန်းစီ-နေရာရောင်း'က တွက်ချေကိုက်ဟန်မတူလို့ မရှိတော့...။ ဒီနေရာမှာ ပညာရလိုက်သည်က...၊ '...ခရိုနီ၊ ခရိုနက်၊ ငွေအချောင်ရသူတွေက ပြည်သူတို့၏ စာရိတ္တကို ဖျက်ဆီးတတ်သည်...'။ 'ညီညွတ်စွာ အရေးတယူ အဖက်မလုပ်ကြလျှင် အချောင် ငွေရှာချင်သူများအတွက် နေရာမရှိ...'၊ ဟူ၍ပင်...။

တန်းစီရာတွင် ရှေ့ကအမျိုးသမီးတစ်သိုက်မှာ 'ယင်းမာပင်'က ဖြစ်မည်။ သူမ၏ အမျိုးထဲက မိုင်းနင်းမိ၍ မုံရွာဆေးရုံကြီးတွင် ခြေထောက်ဖြတ်လူနာကို စောင့်ရင်း ဆန်ထုတ်နောက်ကျသွားသည့် အကြောင်း၊ မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးရသူမှာ ခါးအောက်ပိုင်း ပြတ်သွားရရှာကြောင်း၊ ဘယ်အပြင်ဆေးရုံဆေးခန်းကမှ လုပ်မပေး၍ သွားရတာ အချိန်သာ ကြာရကြောင်း၊ သောင်းပြောင်းထွေလာ ပြောဆိုနေကြလေ၏။ မနက် ၉-နာရီကျမှ NGOဝန်ထမ်းများ ရောက်လာ၊ ခေတ္တ ဟောပြော၊ ဆန်ထုတ်ပေးလေရာ...၊ နယ်ဝေးက လာရသူခမျာ နေ့လည်ထမင်းစားနားချိန်နှင့် ညားသဖြင့် ထပ်မံစောင့်ကာ၊ နေ့လည်၂-ချက်တီးကျော်မှသာ ဆန်ထုတ်ခြင်းကိစ္စ ပြီးစီးရတော့သည်။ 'တစ်နေကုန်သည်' ဆိုပါစို့။ 'နောက်တစ်ကြိမ် ဆန်ဆီထုတ်ပေးဖို့ ဖုန်းမခေါ်တော့ပါ...' တဲ့။ ဗီနိုင်းမှာ ရေးထားတဲ့ ဖုန်းနံပါတ်ကိုသာ စုံစမ်းကြပါ...' တဲ့။

မိမိအလှည့်မို့ ထုတ်ယူပြီးပါကလည်း မနိုင်မနင်း မသယ်မရွှေ့နိုင်ရကား၊ ဂိုဒေါင်အပြင်ဖက် ဆိုက်တွဲ၊ ဆိုင်ကယ်ရှိရာသို့ ဆန်တစ်အိတ်လျှင် တစ်ထောင်ပေးကာ အထမ်းငှားရလေ၏။ အချို့ခမျာ ရိက္ခာထုတ်ပြီးသည်နှင့် ခေတ္တ ပုံချထားစဉ် မည်သူက ဝင်မ၊ သွားမှန်းမသိ၊ ပျောက်ဆုံးကြသူလည်း ရှိလေ၏။ ဒုက္ခသည်အချင်းချင်း စည်းလုံးညီညွတ် ယိုင်းပင်းညှာတာကြလျှင် အဘယ်သူခိုးမှ ဝင်ခိုးနိုင်မည် မဟုတ်ပါချေ။

စားစရာနှင့်၊ သောက်ရေဘူးက မပါခဲ့လေတော့ အာခြောက်လာသည်။ ဆီးကလည်း ပေါက်ချင်၊ တန်းစီနေရာပျောက်မည်ကလည်း စိုးရ...။ ဒုက္ခမှ အကြီးအကျယ်...။ 'သမုဒ္ဒရာ ဝမ်းတစ်ထွာ'မို့သာ တော်တော့သည်၊ 'ဝမ်းတစ်တောင်'လောက်များဖြင့် ခက်ရချည့်...။ သို့ပါသော်ငြား၊ ပစ်ကြခတ်ကြ စစ်ကြောင်းထိုးလို့ ပြေးရသည့် ဒုက္ခ...၊ နေ့နေ့ညည အချိန်မရွေး ကောင်းကင်က ကျလာမည့် ဗုံးဒုက္ခ...၊ စစ်ခွေးတို့ ထောင်ထားခဲ့သော မိုင်း နင်းမိမှာစိုးသည့် ဒုက္ခတို့နှင့် 'စာ'၍ အောင့်ကာအည်းကာ ဖြေသိမ့်ရပါတော့သည်...။

အပြန်တွင် 'အလုံ'က သူငယ်ချင်းအိမ် ခနဝင်နားသည်။ သူငယ်ချင်း၏မဟေသီခမျာလည်း 'စားအုန်းဆီ သွားထုတ်နေသည်...' တဲ့။ ခဏအကြာတွင် ပြန်ရောက်လာပြီး အတွေ့အကြုံများကို ဖောက်သည်ချလေ၏။ စားအုန်းဆီစာအုပ်သွားလုပ်စဉ်ကလည်း 'တန်းစီရပါသည်' တဲ့။ 'ယခု တန်းစီသူ ပိုများလာသည်' တဲ့။ ပထမတကြိမ် သွားထုတ်တုန်းက တပိဿာ ၈၇၀၀/-၊ အခု ၈၈၀၀/- ထုတ်ရပါသတဲ့။ အပြင်ပေါက်ဈေးက တပိဿာ ၁၉၀၀၀/-ပါတဲ့။ 'အခုတစ်လော အုပ်ကြီးတွေကိုသာမက ဓာတ်ဆီဆိုင်၊ ရပ်ကွက်ထဲက စားအုန်းဆီဆိုင်များကိုပါ ကပ်ထားရတော့သည်...' တဲ့။

'သူ့မြေး၂-ယောက်... အကြီးကောင်က ဂျပန်မှာမို့ စစ်မှုထမ်းပေါ်တာအတွက် စိတ်အေးရသော်လည်း၊ အငယ်ကောင်အတွက် စိတ်ပူရသည်...။ သည့်အတွက် အုပ်ကြီးတို့အုပ်ကလေးတို့ကို ပေါင်းထားရပါသည်...' တဲ့။

ပြီးတော့ '...စားအုန်းဆီက စာအုပ်နဲ့ ထုတ်ရတာဆိုပေမင့် သူကလည်း တစ်ခါတစ်ရံ ဆီပြတ်လို့ မရတတ်ပါ...'တဲ့။ '...ကတ္တားချိန်၊ ချင့်ခွက်ကလည်း မပြည့် ပါ...'တဲ့။ သည်တော့ ဆီပြတ်ကြောင်း ဝှိုက်ဘုတ်မထောင်မီ အမြန်လာထုတ်ဖို့ ဖုန်းလေးဘာလေးဆက်ပေးရအောင် ပေါင်းထားရပါသည်...' တဲ့။

အုပ်ကြီးတွေ၊ ဓာတ်ဆီဆိုင်၊ စားအုန်းဆီဆိုင်များကိုပါ ကပ်ထားရသည့်အပြင်၊ လျှပ်စစ်ရုံးသို့ မီတာသွားဆောင်ဖို့၊ လဆန်း၁-ရက်နေ့တိုင်း မီတာဘောက်က ဂဏန်းကို ဓာတ်ပုံရိုက် မိတ္တူကူးကာ တင်ရသဖြင့်၊ မိတ္တူဆိုင်နှင့် မီတာစာရေးတို့ကိုလည်း ကပ်ထားရသည့်အကြောင်း ရယ်ရွှန်းပတ်ရွှန်း ဖောက်သည်ချလေ၏။

မည်သို့ပင် အယောင်ပြလွှတ်တော်ကြီးဖွဲ့၊ 'လူကြားကောင်း-တရားနာ'၊ လွှတ်တော်ခေါ်နေစေကာမူ အာဏာရှင်အစိုးရတို့၏ အကျင့်ထုံးစံ...၊ သူမကြိုက်လျှင် ဖြုတ်မည်။ သူကြိုက်လျှင်ခန့်မည်။ လွှတ်တော်ကြီးက နောက်မှသာ အတည်ပြုကြ။ ဒီတော့၊ လုပ်ပိုင်ခွင့် ရှိသူကိုသာ ကပ်ယပ်ပြီးဖားနိုင်မှ စက်သုံးဆီ၊ စားအုန်းဆီ ရမည်။ လုပ်ပိုင်ခွင့် ရှိသူကိုသာ ကပ်ယပ်ပြီးဖားနိုင်မှ 'ရာထူးဌာနန္တရတိုး'မည်၊ 'ပါမစ်'ရမည်။ ပြီးတော့ 'သာသနဘွဲ့တံဆိပ်ကအစ၊ ရရှိပါမည်' လေ...။ အာဏာရှင်ဆိုတာ ဒါပဲဖြစ်သည်။ စစ်အာဏာရှင်ကျတော့ လက်နက်ဗုံးဆံအားကိုးဖြင့် နိုင်ထက်ကလူ ဇွတ်အတင်းအဓမ္မလုယူသူ ဖြစ်လေတော့ သူခိုးဓါးပြအကြီးစားတွေ ပါပဲပေါ့။

မိတ်ဆွေတစ်ယောက်ကတော့...၊ 'နောက်တစ်ကြိမ် အသံချဲ့စက်နဲ့ လိုက်'ဟစ်'မှ စားအုန်းဆီထုတ်ပေးမှန်း သိလိုက်ရလို့ သလ္လာအထက(၄)ရဲ့ အရှေ့တောင်ဒေါင့်က 'စေတနာရှင်လူမှုရေးရုံး'မှာ စားအုန်းဆီထုတ်ဖို့ စာအုပ်သွားလုပ်ရပါသည် ...' တဲ့။ ဥက္ကဋ္ဌက ဦးကျော်ဝင်း ဆိုလား...။ ထိပ်ပြောင်ပြောင် မျက်မှန်နဲ့ တရုတ်လိုလို... တဲ့။ အဲသည်တုန်းကလည်း အခုပဲ လုပ်ပေးတော့မှာလိုလိုနဲ့ စောင့်လိုက်ရတာ မနက် ၁၀နာရီကျော်မှ 4-G Ranger Forte ကားပြာကြီးနဲ့ စာရေးမ ရောက်လာပါသတဲ့။ စာရေးမက အသားဖြူဖြူ ခပ်ပိန်ပိန် ဆံပင်ရှည်ရှည် မျက်မှန်နဲ့ ၅၀ကျော်လောက် ဆိုလား...။ စားအုန်းဆီစာအုပ်တစ်အုပ် တစ်ထောင်။ လူသုံးရာလောက် တန်းစီစောင့်ကြတော့ မွန်းမတည့်ခင်လေး ၃-၄သိန်း၊ ပက်ကနဲ ရသွားသတဲ့။

ခေတ်ပျက်ကြီးထဲတွင် ငွေရဖို့ ခက်ခဲသူတွေရော၊ ငွေရှာရ လွယ်ကူသူတွေပါ စုံလင်ပါ၏။ 'ကံ'ကိုသာ ရိုးမယ်ချရတော့မည်။ ငွေဆိုသည်ကား... ပုထုဇဉ်တိုင်း သည်းခြေကြိုက်...။

တစ်လောလေးက ရွာတစ်ရွာတွင်၊ 'အမည်မဖော်လိုသော ကုသိုလ်ရှင်က၊ စခတို့၏ နေအိမ်မီးရှို့ခံကြရရှာသည့် အိမ်မဲ့ယာမဲ့များအား ထောက်ပံ့ငွေ လှူဒါန်းမှုပြု၍ အချိုးကျ ခွဲဝေရာ၊ အိမ်ထောင်စုတစ်စုလျှင် 'ငါးသိန်းလေးသောင်း' ရရှိကြပါသည်...' တဲ့။ ဤတွင် အစွန်းထွက်ငွေကို ပလဖ၊ ပအဖရန်ပုံငွေအတွက် ဖြတ်ချင်သည်ဟု ဆိုလာပါသတဲ့...။ ဤသည်လည်း အံ့ဩကုန်နိုင်ဘွယ်...။ ကူညီထောက်ပံ့ငွေ လာပေးသည့် ကလေးက... 'သူတို့လုပ်နေသည်မှာ ယုံကြည်မှုဖြင့် အဓိက လုပ်ကိုင်ကြရကြောင်း၊ အစွန်းထွက်ငွေကို ဖြတ်လိုက်ပါလျှင် အလှူရှင်တို့အနေနှင့် ၎င်းတို့အပေါ် ယုံကြည်မှု လျော့နည်းသွားလေမည်ကို မလိုလားပါ...'ဟု ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သဖြင့် အဖြတ်မခံကြရတော့ပါ တဲ့။ အကယ်၍များ မိမိတို့ကိုသာ တောင်းခံခဲ့ပါလျှင် လက်နက်ကိုင် ပုဂ္ဂိုလ်တို့အား မငြင်းရဲမငြင်းဆန်ဝံ့ပါလေ...။

ဒါနမှူတခု ပြုရာတွင်...၊ (၁) ဉာဏသမ္ပယုတ်၊ စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ပြုလုပ်ရမည်။ (၂) သောမနဿသဟဂုတ်၊ ဝမ်းမြောက်ဝမ်းသာ ပြုရမည်။ (၃) အသင်္ခါရိက၊ သူတပါး တိုက်တွန်းမှု မပါစေရ။ ဒါက 'ဆရာတစ်ဆူဖြစ်တော်မူသော'ဟူ၍ ဆရာတင်ထားသည့် မြတ်စွာဘုရားရှင်၏ ဆုံးမစကား...။ သို့သော်ငြား နားမထောင်...။ လူဝတ်ကြောင်တွေသာမက၊ သူ၏ချစ်သားရဟန်းတချို့သည်လည်း နားမထောင်။

တစ်ခါ...၊ ပေးသည်၊ ကမ်းသည်၊ လှူဒါန်းသည်၊ ချီးမြှင့်သည်၊ ထောက်ပံ့သည်၊ ဆိုရာ၌ ဘုန်းကြီးများကိုသာ ဦးစွာပထမ ပြေးမြင်ကြသည်။ ကာလဒါန၊ လိုအပ်သူကို လိုအပ်သလောက် လှူဒါန်းရမည်ဟူ၍ နားမလည်။ ကထိန်တခုခင်းပြီးတိုင်း တိုင်ကပ်ဓာတ်ခဲနာရီတွေက တစ်ပုံတစ်ပင်...။ '...ဓာတ်ခဲမတတ်နိုင်၍ လိုချင်လျှင် ယူသာသွား...'တဲ့။ ကျေးလက်က စာသင်ကျောင်းလေးတွင်မူ ဆရာကြီး၏ လက်ပတ်နာရီလေး တစ်လုံးပင်လျှင် အနိုင်နိုင်...။

ပြီးတော့ မိမိတို့ဆီမှာ 'အနှစ်မပါ အပိုကုန်'တွေက များလှသည်။ ခေတ်ကောင်းစဉ် အလုပ်အကိုင် ကောင်းစွာ လုပ်နိုင်ကိုင်နိုင်စဉ်က၊ ဘုရားပွဲ၊ ကျောင်းပွဲ၊ ရဟန်းခံပဉ္ဇင်းခံ၊ အလှူမင်္ဂလာ၊ မွေးနေ့၊ စသည်ဖြင့် တစ်နှစ်တာကာလအတွင်း သုံးစွဲရခြင်းကို စာအုပ်ဖြင့် ရေးမှတ်ထားလေရာ၊ ထိုခေတ်ငွေ ၃-၄သိန်းနီးပါး နှစ်စဉ် ကုန်ကျလေ၏။ လွန်ခဲ့သည့်နှစ်သုံးဆယ်ကျော်က မိမိတို့၏ မင်္ဂလာဆောင်တွင်ပင် အချိုစုံပန်းကန် လက်ဖွဲ့များမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ကောင်းကောင်း ထောင်လောက်၏။ တိုင်ကပ်ဓာတ်ခဲနာရီကား ၁၀-လုံး။ ထမင်းပေါင်းအိုး ၃-လုံး။ တချို့တလေကို အသုံးလိုနိုင်သူတွေကို ပြန်လည် လက်ဖွဲ့၊ ချီးမြှင့်ပေးကမ်းလိုက်ရသည်။ ကျန်ရစ်သည်တို့ကား ဧည့်ခန်းရှိူးကေ့ မှန်ကောင်တာထဲတွင် နှစ်၃၀တိုင် ကျောက်တိုင်ကျောက်ခဲ ခိုင်ခိုင်မြဲ...။ အဲ...။ အာဏာသိမ်းပြီးနောက်ပိုင်း စခတို့ စစ်ကြောင်းထိုးမှ မီးခ၊ သွားကြရရှာလေသတည်း...။

'စေတနာ' ခေါ် 'ကံ' ဟူသည်ကား 'အလုပ်'...။ 'ကံ'ဟု ဆိုလိုက်လျှင် 'အတိတ်ကံ'ကိုချည်း ပြေးမြင်သူက များသည်။ 'အတိတ်ကံ' နှင့် 'ပစ္စုပ္ပန်ကံ'ဟူ၍ ၂-မျိုးရှိပါ၏။ နေ့စဉ် ဘုရားကန်တော့ရာတွင်...၊ 'ကာယကံ၊ ဝစီကံ၊ မနောကံ'၊ လုပ်သမျှ၊ ပြောသမျှ၊ ကြံသမျှ 'ကံ'ဟု ဆိုရမည် မဟုတ်ပါလော...။

နောက်ဘဝ နောက်ကိုယ်ခံ၊ နောင်ခါလာ နောင်ခါဈေး၊ ဘာကြီးပဲဖြစ်နေနေ၊ ပစ္စုပ္ပန်ကံ၊ အာဏာပိုင်တို့နှင့် ပေါင်းစားသူ 'လူနပ်'များကား၊ အတိတ်ကံ အကြွင်းအကျန် အရှိန်လေးရှိစဉ် ခေတ္တခဏ အခိုက်အတံ့မျှသာ ချမ်းသာတတ်ကြပြီး...၊ မကောင်းမှု့အကုသိုလ်ကံမျိုးကို သေမလောက် ကြောက်ကြသူများ၊ ဟီရိဩတ္တပ္ပ လောကပါလ-အရှက်အကြောက်တရား လက်ကိုင်ထားသူများကား အခိုက်အတန့်မျှ ဆင်းရဲနေကြရလည်း မကြာမီမှာပင် လောကပါလတရားက စောင့်ရှောက်ပါလိမ့်မည်။ အားတင်းတင်းထား...၊ မလျော့သော ဇွဲလုံ့လတရားသာ လိုသည်...။

လယ်တီဆရာတော်ဘုရားကြီးကလည်း၊ '...ကြက်ကန်း ဆန်အိုး...၊...ဝက်သိုး ပတ္တမြား...'ဟူ၍...၊ ကြက်ကန်းလေးမှာ အတိတ်ကံကြောင့်သာ ယာယီခေတ္တ ဆန်အိုးတိုးရပုံ၊ ဝက်သတ်သမားမှာလည်း ခေတ္တခဏ အတိတ်ကံထ၊ ချိန်တွင်သာ ဝက်ဗိုက်ထဲမှ ပတ္တမြားရပုံကို ဥပမာပြထားပြီး၊ ယခုပစ္စုပ္ပန် မကောင်းမှုအကုသိုလ်ကံမှာ အခါအခွင့် ရ၊ သည်နှင့် မကောင်းကျိုးကို မုချ ခံစားကြရမည်မှာ ဧကန်အမှန်ဖြစ်ကြောင်း ဟောပြောပြသ ဆုံးမခဲ့သည် လေ...။

သုခိတာ ဟောထ။ တော်လှန်သူရဲကောင်းအားလုံး၊ ကျန်းမာချမ်းသာကြပါစေ။

(မောင်ဘဦး၊ ၁၃၈၈၊ ကျွတ်ဆန်း ၈)

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar