Breaking News

လှကျော်ဇော - ခရီးရှည်ချီတက်ပွဲက ပုံပြင်များ (အမှတ်-၃)

 

လှကျော်ဇော - ခရီးရှည်ချီတက်ပွဲက ပုံပြင်များ (အမှတ်-၃)

မိုးမခ ၊ အောက်တိုဘာ ၃၁ ၊ ၂၀၂၆ 


ချန်ကေရှိတ်ရဲ့ ထိုးစစ်များ

တရုတ်ကွန်မြူနစ်ပါတီနဲ့ ကူမင်တန်ပါတီတို့ကြား ပထမအကြိမ် တပ်ပေါင်းစုဖွဲ့ထားတာကို ၁၉၂၇ မှာ ချန်ကေရှိတ်က သစ္စာဖောက်ဖျက်လိုက်ပြီး ကွန်မြူနစ်အများအပြားကို သွေးချောင်းစီး သတ်ဖြတ်ပါတယ်။ လက်လှမ်းမီသမျှကိုလည်း ဖမ်းဆီးထားပါတယ်။ ဒီမှာတင် တရုတ်ပြည်ရဲ့ ပထမအကြိမ် ပြည်တွင်းစစ် ပေါက်ဖွားလာပါတော့တယ်။

ရှန်ဟိုင်းမှာ အဖမ်းမခံလိုက်ရတဲ့ တချို့ဗဟိုခေါင်းဆောင်တွေဟာ ပါတီဗဟိုကို မြေအောက်အဖွဲ့အဖြစ် ဆက်လက်လှုပ်ရှားနေပြီး မော်စီတုန်းကတော့ ကျန်းရှီးပြည်နယ်က အလွန်ခေါင်လှတဲ့ ကျင်ကန်းတောင်တန်းပေါ် တက်ပြီး အခြေခံဒေသ တည်ဆောက်ကာ လူထုကို နည်းလမ်းပေါင်းစုံ (ဥပမာ - မြေယာဝေဖန်ရေး/ဝေချမ်းရေး) နဲ့ စည်းရုံးပြီး အလုပ်သမား-လယ်သမား တပ်နီတော်ကို တည်ဆောက်နေတာပါ။

စာတတ်မြောက်ရေး လှုပ်ရှားမှုများအပြင် နိုင်ငံရေး စစ်ရေးသင်တန်းများကိုလည်း အဆက်မပြတ် ဖွင့်ထားတာပါ။ အဲဒီတောင်တန်းတွေပေါ်က လယ်သမားသူပုန်အဖွဲ့တွေကိုရော၊ ဓားပြအဖွဲ့တွေကိုပါ စည်းရုံးနိုင်လိုက်ပါတယ်။ ဒါ့အပြင် အနယ်နယ်အရပ်ရပ်က ကျဲကွဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့များ (ချူတေးတပ်ဖွဲ့၊ ဖုန်တက်ဝှိုင်တပ်ဖွဲ့၊ ဟိုလုံတပ်ဖွဲ့ စတာတွေ) ကလည်း လာရောက်ပူးပေါင်းကြပါတယ်။ မော်ဟာ အဲဒီတပ်တွေအားလုံးကို စုစည်းပြီး နိုင်ငံရေး စစ်ရေးဘက်စုံက ပညာပေးပြီး သူရဲ့တပ်နီတော်ကို (ပြည်သူလူထုအကျိုးကို ဦးထိပ်ထားတဲ့၊ ပြည်သူတွေကို ဒုက္ခဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့) တပ်အမျိုးအစားသစ်တရပ်အဖြစ် အပြင်းအထန် ကြိုးစားတည်ဆောက်လိုက်ရုံမက၊ သူရဲ့ (နောက်ပိုင်း ကျော်ကြားလာတဲ့) ပြောက်ကျားစစ်ဆင်ရေး နည်းလမ်းများကို သဘောတရားအရရော၊ လက်တွေ့အရပါ စမ်းသပ်လုပ်ဆောင်နေပါတယ်။

၁၉၃၀ ပြည့်နှစ်မှာတော့ - ချန်ကေရှိတ်ဟာ အဲဒီဒေသတွေကို ဝိုင်းဝန်းချေမှုန်းရေး စစ်ဆင်ရေးကြီးများ (ငါးကြိမ်တိတိ) ကို အဆက်မပြတ် ဆင်နွှဲလာပါတယ်။

• ၁။ ပထမအကြိမ် (၁၉၃၀ ဒီဇင်ဘာ – ၁၉၃၁ ဇန်နဝါရီ) - ချန်ကေရှိတ် တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ နဲ့ စတင်တိုက်ခိုက်ခဲ့ပေမဲ့ သူတို့ (ချန်ကေရှိတ်ပဲ) ရှုံးနိမ့်ခဲ့တယ်။

• ၂။ ဒုတိယအကြိမ် (၁၉၃၁ ဧပြီ – မေ) - တပ်ဖွဲ့ဝင် ၂၀၀,၀၀၀ နဲ့ ထပ်မံတိုက်ခိုက်ခဲ့၊ ထပ်ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

• ၃။ တတိယအကြိမ် (၁၉၃၁ ဇူလိုင် – စက်တင်ဘာ) - ချန်ကေရှိတ်ကိုယ်တိုင် တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ဖြင့် ဦးဆောင်တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါ။

• ၄။ စတုတ္ထအကြိမ် (၁၉၃၃ ဇန်နဝါရီ – ဧပြီ) - တပ်ဖွဲ့ဝင် ၆၃၀,၀၀၀ ဖြင့် တိုက်ခိုက်ခဲ့၊ ထပ်ရှုံးနိမ့်ခဲ့တယ်။

ဒီလေးကြိမ်စလုံး လူသူလက်နက်အင်အား အလွန်ချို့တဲ့တဲ့ တပ်နီတော်က အနိုင်ရခဲ့ပါတယ်။ အဓိကအကြောင်းကတော့ မော်က ဦးဆောင်မှုပေးနိုင်ပြီး သူရဲ့မှန်ကန်သော စစ်ရေးဗျူဟာနှင့် နည်းဗျူဟာများကြောင့် ဖြစ်ပါတယ်။

တပ်နီတော်ဟာ မိမိတို့ရဲ့ အားနည်းချက်ကို ကောင်းစွာနားလည်ပြီး အားသာချက် ဖြစ်လာစေရန် စစ်ရေးဗျူဟာများကို ကျင့်သုံးနိုင်ခဲ့ပါတယ်။ ဥပမာ—
• ရန်သူကို မိမိတို့နယ်မြေကျွမ်းတဲ့ ဒေသထဲသို့ ဆွဲခေါ်သွင်းပြီး တိုက်ခိုက်ခြင်း။ ရန်သူတပ်များ တကွဲတပြားဖြစ်ပြီး အားနည်းလာချိန်တွေမှာ မိမိအင်အားစုပြီး အပြတ်အသတ် တိုက်ခိုက်ခြင်း။
• "တိုက်နိုင်လျှင် တိုက်၊ မတိုက်နိုင်လျှင် ရှောင်" ဆိုတဲ့ ရွေ့လျားစစ် (ပြောက်ကျားစစ်) မူကို ကိုင်စွဲပြီး ရန်သူ၏အားနည်းချက်များကို ရွေ့လျားမှုအတွင်း ရှာဖွေပြီး မိမိတပ်ဖွဲ့များကို စုစည်းကာ ယခင်အတွေ့အကြုံကောင်းများကို အသုံးပြုပြီး တစ်ကြိမ်တည်း အပြတ်အသတ် တိုက်ခိုက်ခဲ့လို့ အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် မော်ဟာ အဲဒီအရပ်မှာ အခြေခံဒေသ တည်ဆောက်ပြီး ဒေသခံလူထုရဲ့ စားဝတ်နေရေးများကိုလည်း ဖြေရှင်းပေးထားတာကြောင့် တပ်နီတော်ကို ဒေသခံပြည်သူများရဲ့ ကျယ်ပြန့်သော ထောက်ခံအားပေးမှုကို ရရှိခဲ့ပါတယ်။

စစ်ရေးအချက်အလက်များ စုပေးမှု၊ လမ်းပြတာဝန် ထမ်းရွက်ပေးမှုနှင့် လူအင်အားပံ့ပိုးမှုများကို ရရှိခဲ့ပါတယ်။ ရှေ့တန်းစစ်မြေပြင်က လိုအပ်သမျှကို အင်တိုက်အားတိုက် ကူညီပေးကြတာ ဖြစ်ပါတယ်။ (ပြည်သူများက ကူမင်တန်တပ်နဲ့ ဒေသစစ်ဘုရင်တပ်များရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ခံခဲ့ရပြီးဖြစ်လို့ သူတို့တတွေ ပြန်လာမှာကို မလိုလားဘဲ၊ သူတို့နဲ့ လုံးဝဆန့်ကျင်ဘက် တပ်နီတော်ကို လက်တွေ့အရ တွေ့မြင်ထားလို့ လိုလားကြတာပါ။)

တပ်နီတော်ရဲ့ အောင်မြင်မှုမှာ ကူမင်တန်တပ်မတော်ရဲ့ ကိုယ်ပိုင်အားနည်းချက်များကလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့တာပါ။
• ကူမင်တန်တပ်မတော်မှာ ဗဟိုက ချန်ကေရှိတ် ကိုယ်ပိုင်တပ်များနှင့် ဒေသခံ စစ်ဘုရင်များရဲ့ တပ်များအကြား (အကျိုးစီးပွားဆိုင်ရာ) ပဋိပက္ခများ ရှိနေခြင်း။
• ကူမင်တန်တပ်မတော်ဟာ တိုက်ခိုက်ရေးတပ်ဖွဲ့များ ပိုမိုများပြားပေမဲ့ စိတ်ဓာတ်အရလည်း မခိုင်မာတာ၊ ဘိန်းစားတွေ များနေတာတွေအပြင် တပ်မှူးများရဲ့ ပုံသေနည်းဗျူဟာများကို ဆက်လက်ကျင့်သုံးခဲ့ပြီး တပ်နီတော်ရဲ့ ပြောင်းလဲတိုက်ခိုက်နိုင်သော ရွေ့လျားစစ်ဆင်ရေးများကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်း မရှိတာတွေ။ ကူမင်တန်တပ်ရဲ့ တပ်မှူးများ အရည်အချင်းမရှိမှု၊ အချင်းချင်းကြား ပူးပေါင်းမှုမရှိတာတွေ။

အနှစ်ချုပ်ရရင် ပထမ လေးကြိမ်မြောက် ဝန်းရံမှုများမှာ တပ်နီတော်ရဲ့ အောင်ပွဲများဟာ မှန်ကန်တဲ့စစ်ရေးဗျူဟာ၊ ပြည်သူလူထုရဲ့ ပံ့ပိုးမှုနှင့် ရန်သူ့အားနည်းချက်များကို အခွင့်ကောင်းယူနိုင်မှုတို့ ပေါင်းစပ်ရာမှ ရရှိလာခြင်း ဖြစ်ပါတယ်။

• ၅။ ပဉ္စမအကြိမ် (၁၉၃၃ စက်တင်ဘာ – ၁၉၃၄) - ဒီအကြိမ်မှာ ချန်ကေရှိတ်ဟာ နည်းဗျူဟာပြောင်းပြီး တပ်ဖွဲ့ဝင် တသန်းနီးပါးနဲ့ ခံကတုတ်များ တည်ဆောက်ကာ ဖြည်းဖြည်းချင်း ဝိုင်းပတ်ပြီး ချေမှုန်းတဲ့နည်းဗျူဟာနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ တရုတ်ကွန်မြူနစ်ပါတီအတွင်း လက်ဝဲယိမ်းမှားယွင်းတဲ့ စစ်ရေးလမ်းညွှန်မှုများကြောင့် တပ်နီတော်ဟာ အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး၊ အကျိုးဆက်အဖြစ် တပ်နီတော်ဟာ ကျန်းရှီးပြည်နယ်ထဲမှာရှိတဲ့ အဓိကအခြေခံစခန်းများကို စွန့်ခွာကာ နောက်ဆုတ်ခဲ့ရပြီးနောက်ပိုင်းတွင် ခရီးရှည်ချီတက်ပွဲကြီးကို ဆင်နွှဲလိုက်ရတာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီတွင်း လက်ဝဲအမှားများ ဆိုတာကတော့ - ဆောင်းပါးအမှတ် (၂) မှာ အတော်အတန် ဖော်ပြပြီးပါပြီ။ ၁၉၃၄ ခုနှစ် ပဉ္စမအကြိမ် ထိုးစစ်ကာလမှာ ပါတီခေါင်းဆောင်မှုကို (ဘော်ရှီဗစ် လို့ခေါ်တဲ့) မော်စကိုပြန်များက လွှမ်းမိုးထားပြီး မော် ဟာ ဘေးဖယ်ထုတ်ခြင်း ခံထားရချိန်ပါ။ သူတို့ဟာ တရုတ်ပြည်ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကို မှားယွင်းစွာ အကဲဖြတ်၊ ဆိုဗီယက်ရဲ့ တော်လှန်ရေးပုံစံကို တိုက်ရိုက်ကူးချပြီး အောင်နိုင်မယ်လို့ ထင်ခဲ့တာပါ။ အဲဒီကာလက ဆိုဗီယက်ရုရှားရဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးတွေကလည်း အလွန်အောင်မြင်နေတာပါ။ ဒီတော့ မော်စကိုက သင်ပေးလိုက်တဲ့ သဘောတရားတွေအတိုင်း တရားသေကျစွာ လိုက်နာကြတော့ နိုင်ငံရေးအမြင်တွေရော စစ်ရေးအမြင်တွေပါ လွဲကုန်ပါတယ်။ ဒါ့အပြင် သူတို့တတွေဟာ ဂိုဏ်းဂဏစိတ် သိပ်ကြီးပြီး မိမိတို့နဲ့အမြင်မတူသူများ (မော် တည်ဆောက်ပေးထားတဲ့ ဒေသရော၊ စစ်ဘက်ဆိုင်ရာတွေမှာရော တာဝန်ခံလုပ်ဆောင်နေသူများ) အပေါ် အရေးယူတာတွေ ပြင်းထန်လွန်းလို့ ပါတီတွင်း သဘောထားကွဲမှုတွေ ပေါ်လာနေပါတယ်။

ဒီလို အမှားတွေကြောင့် ကူမင်တန်ရဲ့ ထိုးစစ်ကို မခံနိုင်တော့ဘဲ ၁၉၃၄ အောက်တိုဘာလမှာ တပ်နီတော်ဟာ အခြေခံစခန်းများကို စွန့်ခွာပြီး ခရီးရှည် ချီတက်ပွဲကို စတင်လိုက်ရပါတော့တယ်။

 

လှကျော်ဇော

၁-၁၁-၂၀၂၆

 

👉 လှကျော်ဇော - ခရီးရှည်ချီတက်ပွဲက ပုံပြင်များ

 


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar