Breaking News

မောင်စွမ်းရည် ● ဗိုလ်ကျော်ဇောမိသားစုနဲ့ ကျွန်တော်တို့မိသားစု

မောင်စွမ်းရည် ● ဗိုလ်ကျော်ဇောမိသားစုနဲ့ ကျွန်တော်တို့မိသားစု
(ဗိုလ်ကျော်ဇော ရာပြည့်အထိမ်းအမှတ်)
(မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၉

ဒီခေါင်းစီးကို ဖတ်မိသူ အရပ်သား ဓာတ်သိများက ကျွန်တော့်ကို အံ့သြလိမ့်မယ်။ အောက်ပြည်အောက်ရွာ သာယာဝတီခရိုင် ထဲက ဆိုင်းစုရွာဇာတိ ဗိုလ်ချုပ်ကျော်ဇောနဲ့ အညာဒေသ မြင်းခြံခရိုင်၊ ကန်ဆင့်ရွာဇာတိ မောင်စွမ်းရည်နဲ့ ဘာဆိုင်လို့လဲပေါ့။ တယောက်က ရဲဘော်သုံးကျိပ်ဝင်၊ တယောက်က ကဗျာတကျိပ်ဝင်။ ဘာဆိုင်လို့လဲပေါ့။ မေးလည်းမေးစရာ၊ တွေးလည်း တွေးစရာပါ။

ဒါပေမဲ့ ကျွန်တော့်အဖို့မှာတော့ လူမှန်းသိစအရွယ်၊ ဆယ်နှစ်သားလောက်ကဆိုပါတော့။ ဗိုလ်ချုပ်ကျော်ဇောအမည်ကို ဗိုလ်ချုပ်အောင် ဆန်းအမည်နဲ့ အတူတွဲပြီး ကြားသိ ရင်းနှီးလာခဲ့တာပါ။ ဒီလိုပါ။ ရွာက“စစ်ပြန်ရဲဘော်” လေးယောက် (ရွာက သူရဲကောင်း လေးယောက်) က ကျွန်တော့် ဦးလေးတွေချည်းပါ။ အဖေ့ညီ သုံးယောက်နဲ့ အမေ့မောင် တယောက်ပါ။ သူတို့ က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတပ်၊ ဗိုလ်ချုပ်ကျော်ဇောရဲ့ တပ်တို့မှာ အတူတာဝန်ကျခဲ့တဲ့ အညာသားတွေပါ။ သူတို့က လည်း “နာမည်ကျော်” တွေပါ။ ကျည်ဆန်မကြောက်ဘဲ မျှော့ကို သေလုအောင် ကြောက်တဲ့ အညာသားတွေတဲ့။ သူတို့က သူတို့ခေါင်းဆောင် ဗိုလ်ချုပ် နှစ်ယောက်အကြောင်းကို ပုံပြောသလို ပြောနေကျဆိုတော့ ကျွန်တော်ကလည်း နားရည်ဝနေခဲ့ တာပါ။ တချို့အကြောင်းအရာတွေကို ကျွန်တော်ဆောင်းပါးရေးဖူးပါတယ်။

ဗိုလ်ချုပ်ကျော်ဇောနဲ့ လူချင်းသိတာကတော့ မန္တလေးလူထုသတင်းစာတိုက်မှာ ဆုံမိကြလို့ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌတယောက်ပါ။ စာရေးဆရာကြီး ဗန်းမော်တင် အောင်နဲ့အတူ နယ်တကာလှည့်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ဟောပြောဖို့ အညာတခွင်ခရီးစဉ်မှာ မန္တလေးက လူထု သတင်းစာတိုက်ကို ဝင်နားတာပါ။ ဦးလေးလူထုဦးလှက “ဒီကဗျာဆရာတွေဟာ ဗိုလ်ချုပ်ရဲ့ ငြိမ်းချမ်းရေးတပ်သားတွေပါ” ဆိုပြီး အပ်နှံလိုက်ရာကစ ကျွန်တော်တို့က ဗိုလ်ချုပ်ရဲ့တပ်သားတွေ ဖြစ်လာခဲ့ကြတာပါပဲ။

ကျွန်တော် ရန်ကုန်ရောက်သွားတော့လည်း ဗိုလ်ချုပ်ကျော်ဇောပဲ သူ့အိမ်ကို ဖိတ်ကြားပြီး ထမင်းကျွေးခဲ့ဖူးပါတယ်။ သမိုင်း ဘာသာရပ်ကိုပဲ အဓိက ဆွေးနွေးပြောဆိုကြပါတယ်။ ဗိုလ်ချုပ်နဲ့ သခင်အုန်းမြင့်တို့ကို အကြောင်းပြုပြီး ဆရာကြီးသခင်ကိုယ် တော်မှိုင်း ဂူဗိမာန်ထိန်း သိမ်းစောင့်ရှောက်ရေး ရန်ပုံငွေ စာပို့ကတ် ထုတ်ဝေဖို့ကဗျာတိုလေးတွေ ကျွန်တော့်ကို ရေးခိုင်းပါ တယ်။ ဒီကစပြီး ကျွန်တော့်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှာ မန္တလေးကိုယ်စားလှယ်တယောက်အဖြစ်ပါဝင်စေခဲ့ပါတယ်။

ဗိုလ်ချုပ်ကျော်ဇောမိသားစုထဲမှာ တကယ်ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်သူက ဗိုလ်ချုပ်ရဲ့သား ကိုကျော်ဇောဦးပါ။ ကျွန်တော်က ရန်ကုန် ပညာရေးတက္ကသိုလ်ဝင်းထဲက ပညာရေးသုတေသနရုံးမှာ အခြေခံပညာရေး ကျောင်းသုံးသမိုင်းပြုစုရေး အလုပ်ကိုလုပ်ကိုင်ရင်း တဖက် ကလည်း “အသုံးလုံး”ခေါ် စာမတတ်သူပပျောက်ရေး (စာတတ်မြောက်ရေး) အဖွဲ့မှာ ပါဝင်ကူညီလုပ်ဆောင်ပေးနေရပါတယ်။ အဲဒီရုံးက အသုံးလုံးရုံးချုပ် ဖြစ်နေလို့ပါ။ ဒါကြောင့် ဒီရုံးမှာ   ဝန်ကြီးဒေါက်တာညီညီက စုစည်းခေါ်ယူထားတဲ့ ဗကသနဲ့ တကသအမှုဆောင်ဟောင်းတွေ များပါတယ်။ ဦးဘကောင်းတို့၊ ဦးဇော်ဝင်းတို့ပါ။ သူတို့ရဲ့ စည်းရုံးရေးအရှိန်အဝါနဲ့ အသုံးလုံးလုပ်အားပေး ကျောင်းသားကျောင်းသူေတွေဟာ အတော်များများ စုဝေးလာရောက်ကြပါ တယ်။ အဓိကကိစ္စကတော့ အသုံးလုံး အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေရေးကိစ္စပါ။ အသုံးလုံးလုပ်အားပေး ကျောင်းသား တွေထဲမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွတ်ရဲ့သား ကျော်ကျော်နဲ့ ပြည်သူ့ရဲဘော် ဗိုလ်ညိုမှိုင်းသား သိန်းထိုက်တို့လည်း ပါကြတယ်။ သူတို့လည်း မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဝင်တွေပဲ ထင်တယ်။ သူတို့ကို အကြောင်းပြုပြီး ဗိုလ်ကျော် ဇောရဲ့သားနှစ်ယောက် ကိုကျော်ဇောဦးနဲ့ ကိုအောင်ကျော်ဇောတို့လည်း လာလည်ကြရာက ကျွန် တော်နဲ့ သူတို့နဲ့လည်း ဆက်မိသွားခဲ့ပါတယ်။ သူတို့က မြေနီကုန်းမှာ စာအုပ်ဆိုင်လေးဖွင့်တော့ ပိုပြီးရင်းနှီးသွားခဲ့တာနဲ့ တူပါတယ်။ ကိုကျော်ဇောဦး က ကျွန်တော့်ဆီကို အလာစိတ်ပြီး အသုံးလုံးလုပ်အားပေးအဖွဲ့ထဲက ကျောင်းသူတယောက်နဲ့ပဲ အိမ်ထောင် ကျသွား ခဲ့တယ်။ ကိုကျော်ဇောဦးတောထဲကို သွားခါနီး၊ ညသန်းခေါင်ကျော်ကြီးမှာ အမှတ်တရ စာအုပ်လေးတအုပ်နှစ်အုပ်နဲ့ သူ့ဓာတ်ပုံလေးတွေ ကျွန်တော့် ကို ပေးသွားခဲ့ပါသေးတယ်။
ကိုကျော်ဇောဦးတောခိုမသွားခင်က ကျွန်တော့်ကို ရန်ကုန်အရှေ့ပိုင်း ဆေးရုံကို ခေါ်သွားပြီး သူ့အစ်မ ဒေါက်တာလှကျော်ဇော နဲ့ မိတ်ဆက်ပေးခဲ့ဖူးပေမယ့် စကားတောင် ပြောခွင့်မကြုံခဲ့ပါ။ သိဖူးမြင်ဖူးရုံရှိပါတယ်။ ဒေါ်စန်းကျော်ဇောကတော့ ရန်ကုန် စီးပွားရေးတက္ကသိုလ်က ဆရာမတဲ့။ ကျွန်တော်တို့ညီအစ်ကို မောင်နှမတွေထဲက အငယ်ဆုံးလေးဟာ စီးပွားရေးတက္ကသိုလ်ကျောင်းထွက်ပါ။ သူ့ရဲ့ ဆရာမ လို့တော့ ပြောပြဖူးပါတယ်။ လူချင်းကတော့ မတွေ့ဖူးပါ။ ကျွန်တော်ပြည်ပရောက်ချိန်မှာ ဗိုလ်ကျော်ဇော မိသားစုကလည်း တခုလုံး ပြည်ပရောက်နေပါပြီ။ ကျွန်တော်က ကမ္ဘာ့အနောက်ဘက်ခြမ်း အကြီးဆုံး အရင်းရှင်နိုင်ငံကို ရောက်သွားပြီး ဗိုလ်ချုပ်တို့က ကမ္ဘာ့အရှေ့ဘက်ခြမ်း အကြီးဆုံးကွန်မြူနစ်နိုင်ငံကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်နိုင်ငံမှာ နေရတာထက် ဆက်သွယ်ရေး ပိုကောင်းလာလို့ အလာပ သလ္လာပတောင် မဟုတ်တော့ဘဲ မိသားစုကိစ္စ၊ နိုင်ငံရေးကိစ္စ၊ စာပေကိစ္စတွေပါ ဆက်သွယ်ဆွေးနွေးခွင့် ရလာခဲ့ပါတယ်။ အထူးသဖြင့် ဗိုလ် ချုပ်ရဲ့ စာအုပ်စာတမ်းတွေ ထုတ်ဝေတဲ့ကိစ္စပါပဲ။ ဒေါက်တာလှကျော်ဇောက စာအုပ်တွေပို့ရင် ကျွန်တော်က သုံးသပ်ချက်တွေ ရေးပါတယ်။

ကျွန်တော်နာယကလုပ်နေတဲ့ ဆန်ဖရန်စစ္စကိုက “မိုးမခ” အင်တာနက်စာစောင်မှာ ဒေါက်တာလှကျော်ဇောက ရေးကွက်ရ သွားပြီး စာဖတ်ပရိတ်သတ်နဲ့ ဆက်သွယ်ရေးလဲ လမ်းပွင့်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မိုးမခဆိုတာကလည်း တခြားမဟုတ် ဘဲ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့မြေးဆိုတော့ သူတို့မိသားစုနဲ့ မစိမ်းဘူးမဟုတ်လား။

နောက်တချက်ပိုပြီး မြိုင်ဆိုင်သွားတာက သူတို့ တရုတ်ပြည်မှာ သူတို့အသိုင်းအဝိုင်းထဲကို ကိုသံချောင်း၊ ကိုအောင်ငြိမ်း၊ မမြင့်မြင့်၊  ကိုလှဝင်း (မောင်လှဝင်း-မြင်းခြံ)၊ ကိုကျော်ဆွေ၊ ကိုဝင်းတင့်ထွန်းစတဲ့ရဲဘော်တွေ ညီတွေက ချိတ်ဆက်မိသွား တာပါပဲ။ ကျွန်တော့်ညီနဲ့ သူ့ဇနီးတို့က သူတို့နဲ့လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေဖြစ်နေကြပြီး မိသားစုလို ရင်းနှီးနေကြပါ တယ်။ ကျွန်တော့်ညီရဲ့ဇနီးနဲ့ ဒေါက်တာလှကျော်ဇောတို့က သူတို့ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ သင်တန်းတွေမှာ သင်တန်းဆရာမတွေပါ။ ကျွန်တော့်ညီရဲ့ဇနီးက ဆရာဝန်တပိုင်း ဆေးရုံရဲ့ နိုင်ငံရေးမှူးပါ။ ဒေါ်လှကျော်ဇောက ဆရာဝန် မကြီးဆိုတော့ ဖက်မိနေတာပေါ့။ စာပေဝါသနာချင်းကလည်းတူ၊ ယုံကြည်ချက်ချင်းကလည်း တူတော့ ပေါင်းလို့သင်းလို့ အဆင်ပြေကြတာပေါ့။ ဒီလိုနဲ့ကျွန်တော်တို့တတွေ အနောက်ဖျားနဲ့ အရှေ့ဖျား ကမ္ဘာခြားနေကြပေမယ့် ပြည်ပရောက်မှ ပိုမိုနီးကပ်နွေးထွေးလာခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကျော်ဇောရဲ့သား ကိုကျော်ဇောဦးရဲ့ သားလေး သူရိန်ကျော်ဇောဆိုတဲ့ မြေးတယောက်ရှိပါတယ်။ ကျွန်တော် ဗမာပြည်ရှိစဉ်က ပေါက်စလေးဖြစ်ပေမယ့် ခုသူကအိမ်ထောင်တွေဘာတွေကျပြီး အမေရိကားမှာ ကျွန်တော်နေခဲ့တဲ့ မြောက်အီလီနွိုက်တက္ကသိုလ်ကို သူ့ဇနီးနဲ့ အတူရောက်လာပါတယ်။ ဒါကိုမြန်မာလိုပြောရရင် ရေစက်လို့ပဲ ပြောရတော့မှာပါ။ ဒါပေမဲ့ သူရောက်လာတော့ ကျွန်တော်က နယူးယောက်ကို ပြောင်းခဲ့ပါပြီ။ အတူမနေခဲ့ရပါ။

ခု ၂၀၁၉ ဆိုရင် ဗိုလ်ချုပ်ကျော်ဇောဟာ ရာပြည့်တိုင်ခဲ့ပြီ။ ဗိုလ်ကျော်ဇောရဲ့ မိသားစုထဲမှာ ဗိုလ်ချုပ်ကျော်ဇောရဲ့ဇနီးနဲ့ သူ့သားတယောက် လည်း ဆုံးပါးသွားခဲ့ပြီဆိုတော့ ၃ ယောက်လျော့ပါးသွားခဲ့ပါပြီ။ ဗိုလ်ချုပ်မိသားစုနဲ့ ဆက်ဆံကူးလူးနေတဲ့ အထဲက ကျွန်တော်တို့မိသားစု ဘက်မှာ သူတို့နဲ့အတူနေတဲ့ ကျွန်တော့်ညီရဲ့ဇနီးက ဗကပတောခိုကတည်းက အရွယ် မရောက်သေးတဲ့ ကလေးမလေးအဖြစ်နဲ့ ပါလာခဲ့ရာ က သူက ဆေးဝန်ထမ်း နိုင်ငံရေးမှူးဖြစ်လာသူ ရဲဘော်မငွေတယောက်ပဲ ဆုံးပါးကွယ်လွန်ခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒဆိုတဲ့ ယုံကြည်ချက်တခုကို ဗဟိုပြု ဆုံစည်းပေါင်းဖက်မိကြတဲ့ မိတ်ဆွေတွေ ရဲဘော်တွေပါ။ ကွန်မြူနစ်မိသားစုတွေပါ။

နိုင်ငံရေးဆွေမျိုးစပ်ရရင်တော့ အဖေ့ညီအရင်း နှစ်ယောက်ကတော့ အလံနီကွန်မြူနစ်များအဖြစ် တောခိုသွားကြပြီး လက်ဝဲ+မြင်းနီဆိုတဲ့ ရွာဘက်မှာပဲ စောစွာကတည်းက ကျဆုံးသွားခဲ့ကြပါပြီ။ အမေ့ဘက်ကတော့ ပီကင်းပြန်ဗိုလ်ထွန်းငြိမ်း ဆိုတာ အမေ့အမျိုးပါ။ အမျိုး စပ်ရရင် မောင်နှမဝမ်းကွဲတော်ပါတယ်။ “ရွှံ့မနိ”ဖြစ်သွားတဲ့ သံမဏိမောင်မောင်လည်း အမေ့အမျိုးပါ။ ဆွေမျိုးထဲမှာရော မိတ်ဆွေ အပေါင်းသင်းထဲမှာရော ဆိုရှယ်လစ်နဲ့ မဆလရယ်လို့တော့ မရှိပါ။ ဒါကြောင့် ကျွန်တော်တို့ အမျိုးတွေက ကွန်မြူနစ်မျိုးလို့ ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ ကျောင်းသားသမဂ္ဂမှာ ကွန်မြူနစ်ကျောင်း သားတွေနဲ့အတူ ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့မှာ လုပ်ခဲ့တာတောင် တရားဝင်ကွန်မြူနစ်တော့ မဖြစ်ခဲ့ပါ။ ကျွန်တော်က ဗဟိုဦးစီးချုပ်ကိုင်မှုကို ခံနိုင်လောက်အောင် စိတ်ဓာတ်မရင့်ကျက်လို့ပဲ ဆိုရမလား မသိပါ။ ကွန်မြူနစ်မဖြစ်ခဲ့ ပေမယ့် မာ့က်စ်ဝါဒ အခြေခံနဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ငြိမ်းချမ်းရေးတပ်သားအဖြစ်တသက်လုံး စာရေးခဲ့ပါတယ်။ တင်မိုး၊ မောင်သိန်းနိုင်နဲ့ မောင်စွမ်းရည် သူငယ်ချင်း သုံးယောက် ဘယ်အုပ်စုမှ မဝင်ကြေးဆိုပြီး လုပ်လာခဲ့ကြရာမှာ တခြားအဖွဲ့ဝင် အားလုံးနဲ့ တသားတည်း တလျှောက်လုံး မကွဲမကွာခဲ့တာ အားလုံးနားလည် လက်ခံနားလည်ထားကြမယ်လို့ ယုံကြည်ပါ တယ်။ လက်ယာသမားမဟုတ်တဲ့…။
မောင်စွမ်းရည် ၂၀၁၉ သြဂုတ် ၁၃ ရက်။