Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၁၇)

 
မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၁၇)
(မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၉

● လွတ်လပ်ရေးအကြို ရှမ်းပြည်နိုင်ငံရေးလှုပ်ရှားမှုအကျဉ်း
လွတ်လပ်ရေးခေတ် ရှမ်းပြည်နိုင်ငံရေးလှုပ်ရှားမှု များသည် ကိုလိုနီခေတ်နိုင်ငံရေးလှုပ်ရှားမှုများ၏အဆက်ဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် ဦးတင်ဧနှင့် ဦးဘမောငတို့ကခေါင်းဆောင်၍ အလင်းရောင်စာကြည့်တိုက်အသင်းကို ညောင်ရွှေမြို့၌ တည် ထောင်သည်။ ထို့နောက် တောင်ကြီး၊ ကလော၊ ပင်တယ၊ ဟိုပုန်း၊ လွိုင်လင်၊ မိုးနဲ၊ ပင်လုံနှင့်အင်းလေးဒေသအထိ စာကြည့် တိုက်အသင်းများ ပျံ့နှံသွားသည်။ ထိုစာကြည့်တိုက်အသင်းများ၏ကျေးဇူးကြောင့် ရှမ်းပြည်နယ်ရှိ လူငယ်များ၊ ကျောင်းသား များသည် ရန်ကုန်မြို့ နဂါးနီတိုက်ထုတ်စာအုပ်များနှင့်ရင်းနှီးလာပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေးနှင့် လွတ် လပ်ရေးအတွက်တိုက်ပွဲဝင်လိုစိတ်များ ကိန်းအောင်းလာသည်။

ဂျပန်ခေတ်တွင်လည်း ဦးတင်ဧ၊ ဦးစံဖေ၊ ဦးဘဇံနှင့်ဦးဘမောင်တို့ဦးစီး၍ တောင်ကြီးမြို့တွင် အလင်းရောင် စာကြည့် တိုက်အသင်းကို ပြန်လည်ထူ ထောင်သည်။ ထို့နောက် ရှမ်းပြည်မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် စာကြည့်တိုက်အသင်းခွဲများ ထွက်ပေါ်လာသည်။ ထိုမှတဆင့်ပြည်မမှ အာရှလူငယ်အစည်းအရုံးနှင့်အဆက်အသွယ်ရပြီး ဦးတင်ဧ၊ ဦးဘဇံ၊ ဦးစံဖေ၊ ဦး ဘမောင်၊ ဦးခွန်စော (ပင်းတယ)၊ ဦးရွှေအုံးတို့ဦးစီး၍ ၁၉၄၄ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် တောင်ကြီး၌ အာရှ လူငယ် အစည်းအရုံးကို ဖွဲ့စည်းခဲ့ကြသည်။ ရှမ်းပြည်နယ်မှ အုပ်ချုပ်သူ ရှမ်းစော်ဘွားများမှ မဟုတ်ဘဲ အုပ်ချုပ်ခံရှမ်းလူငယ်များကပြည် မမှ နိုင်ငံရေးလှုပ်ရှားသူများနှင့် ပထမဆုံးပူးပေါင်းခဲ့သည် နိုင်ငံရေးအဖွဲ့အစည်းဟုဆိုရပါမည်။ စာကြည့်တိုက် အသင်းကို ခေါင်းဆောင်များသည်အာရှလူငယ်အဖွဲ့ဝင်များဖြစ်လာပြီး စစ်ကြီးပြီးသွားသော လွတ်လပ်ရေး အကြိုခေတ်တွင် ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့(ရပလ) တွင် ဆက်လက်ပါဝင်လှုပ်ရှားခဲ့ကြသည်။

၁၉၄၆ ခုနှစ်စက်တင်ဘာတွင် ပြည်မ၌ ပုလိပ်သပိတ်မှစတင်၍ အထွေထွေသပိတ်များပေါ်ပေါက်လာပြီးနောက် တောင်ကြီး မြို့တွင်လည်း လူထုအစည်းအဝေးကြီးကျင်းပခဲ့သည်။ ထို့နောက် ကလော၊ လွိုင်လင်၊ ညောင်ရွှေ၊ ဟဲဟိုး၊ ကျောက်မဲ၊ လားရှိုးနှင့် နမ္မတူတို့တွင် လူထုဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ စစ်ပြီးစရှမ်းပြည်၌ ပေါ်ပေါက်ခဲ့သည့် ပြည်သူ့ရဲဘော်အဖွဲ့သည် ပြည်မမှ ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆက်သွယ်လှုပ်ရှားခဲ့သည်။ ရှမ်းပြည်ပြည်သူ့ရဲဘော်အဖွဲ့၏သဘောထားမှာ ...

၁။ လုံးဝလွတ်လပ်ရေး
၂။ ပဒေသရာဇ်စနစ်ဆန့်ကျင်ရေး
၃။ ပြည်မနှင့်ပူးပေါင်းရေးဖြစ်သည်။ ၎င်းတို့သည် ရှမ်းပြည်အရေးနှင့်ပတ်သက်၍ ဖဆပလအားထောက်ခံသည့်အင်အားစုအ ဖြစ်ပေါ်ထွက်လာခဲ့သည်။

ဦးဖေခင်၊ ဦးတင်ဧ၊ ဦးထွန်းမြင့်(ဟဲဟိုး)နှင့် ရှမ်းလူငယ်ခေါင်းဆောင်များသည် ၁၉၄၆ တွင်ကျင်းပသည် ပထမဆုံး ဖဆပလ ညီလာခံတက်ရောက်ပြီး ရှမ်းပြည်အရေးဆွေးနွေးခဲ့ကြပြီး ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် တောင်ကြီးမြို့ တွင် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့(ရပလ) ကို ဖွဲ့စည်း ခဲ့ကြသည်။ ဥက္ကဌဒေါက်တာသာအေး၊ အတွင်းရေးမှူးဦးထွန်းမြင့် (တောင်
ကြီး) တို့တာဝန်ယူသည်။ မူလ ရပလဖွဲ့ပြီးမကြာမီ ၁၉၄၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးတင်ဧ၊ ဦးခွန်စော၊ ဦးခွန်ထီးတို့ပါဝင်လာသော ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ကို ထပ်မံဖွဲ့စည်းခဲ့သည်။ ရပလ၏ရည်ရွယ်ချက်မှာ ဗြိတိသျှကိုလိုနီစနစ် အောက်မှ လွတ်မြောက်ရေး၊ ရှမ်းစော်ဘွားများ၏ ပဒေသရာဇ်စနစ်အောက်မှ လွတ်မြောက်ရေးဖြစ်သည်။ ပြည်မနှင့်ပူးပေါင်း၍ လွတ်လပ်ရေးယူပြီးလျင်

၁။ ပြည်ထောင်စုစနစ် မူအရပေါင်းမည်။
၂။ အခွင့်အရေးနှင့်အဆင့်အတန်းတူဖြစ်ရမည်။
၃။ ရှမ်းပြည်အား လုံးဝကိုယ်အုပ်ချုပ်ရေးပေးရမည်။
၄။ ခွဲထွက်လိုက အချိန်မရွေးခွဲထွက်ခွင့်ပေးရမည်ဟူ၍ ဖြစ်သည်။

အဆိုပါ ရပလအဖွဲ့အား ဦးတင်ဧ၊ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးခွန်စော (ပင်းတယ)၊ ဦးဘဇံ၊ ဦးခွန်ထီး၊ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးထွန်းအုံတို့ကခေါင်းဆောင်ကြသည်။ ရပလသည် ဖွဲ့စည်းပြီး ၂ လအတွင်း အဖွဲ့ခွဲ ၇ ခု ဖွဲ့စည်းပြီး အဖွဲ့ဝင် ၂၀၀၀ ခန့် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ အဆိုပါ ရပလသည် ရှမ်းပြည်၏ အစဉ်အလာ အုပ်ချုပ်သူလည်းဖြစ် နိုင်ငံရေးအင်အားစု လည်းဖြစ်နေသော ရှမ်းစော်ဘွားများ၏ ရှမ်းပြည်အရေးလှုပ်ရှားများအောက်တွင် ရှမ်းပြည်နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ် ဆန့်ကျင်ရေး ပြင်းပြသော ရှမ်းလူငယ်များနှင့် ပြည်မ ဖဆပလခေါင်းဆောင်များ၏ ညှိနှိုင်းမှုများဖြင့် တုန့်ပြန်ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုရပါမည်။

ရှမ်းပြည်၏နောက်ထပ်နိုင်ငံရေးအင်အားစုမှာ ရှမ်းပြည်၏ အုပ်ချုပ်ရေးအာဏာကို နှစ်ရာနှင့်ချီ၍ ချုပ်ကိုင်ထားခဲ့သော ရှမ်း စော်ဘွားများဖြစ်သည်။ ရှမ်းပြည်အရေးကို စတင်လှုပ်ရှားသည်မှာ ညောင်ရွှေစော်ဘွားကြီးဖြစ်သည်။ ၁၉၄၅ ခုနှစ် အောက် တိုဘာလတွင် ၎င်းတင်သွင်းသည့် စာတမ်းတွင် ရှမ်းပြည်၏အနာဂါတ်အရေးနှင့်ပတ်သက်၍ ရှမ်းပြည်အား ဗြိတိသျှ ဓနသ ဟာယတွင် ဆက်လက်ပါဝင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးရသည့် ရှမ်းပြည်အား ရှမ်းစော်ဘွားတဦးအား ဆက်လက်အုပ်ချုပ်စေရန် ဖေါ်ပြထားသည်။

တောင်ပိုင်စော်ဘွားစဝ်ခွန်ပန်းစိန်နှင့် မိုးမိတ်စော်ဘွား စဝ်ခွန်ချိုတို့ကလည်း ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၆ ရက် ရက်စွဲဖြင့် အဆိုပြုလွှာတစောင် တင်ပြခဲ့သည်။ ၎င်းအဆိုပြုလွှာတွင် ရှမ်းပြည်သည် ....

၁။ ဗြိတိသျှတို့အား သစ္စာစောင့်သိသူများဖြစ်ခြင်း။
၂။ ရှမ်းပြည်သည် လူဦးရေ ၂ သန်းခန့်ရှိပြီး စတုရန်းမိုင်ပေါင်း ၆၂၄၀၀ ကျယ်ဝန်းရှိသဖြင့် ဘယ်ဂျီယံ သို့မဟုတ် ဟော်လနတို့ ထက် ကျယ်ဝန်းခြင်း။
၃။ ရှမ်းပြည် ၁ စတုရန်းမိုင်အတွင်း နေထိုင်သောလူဦးရေမှာ သြစတေးလျနိုင်ငံထက် များပြားခြင်း။
၄။ ရှမ်းပြည်၏ သစ်တော၊ သတ္တု၊ လယ်ယာထွက်ပစ္စည်းများသည် ရှမ်းပြည်အတွက် ဖူလုံမှုရှိခြင်း စသည်တို့ကြောင့် ရှမ်းပြည် အား မြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်၊ မလေးရှားတို့ကဲ့သို့ လွတ်လပ်ရေးပေးရန်တောင်းဆိုထားသည်။ ရှမ်းစော်ဘွားများသည် ဆွေး နွေးတိုင်ပင်ခွင့်မရသေးသော်လည်း အခြားသောရှမ်းစော်ဘွားများသည် ၎င်းတို့နှင့် တသဘောတည်းဖြစ်မည်ဟု ဖေါ်ပြထား သည်။

သိန္နီမြောက်ပိုင်းနယ်စော်ဘွားကြီးစဝ်ဟုန်ဖကလည်း ၁၉၄၅ ခုနှစ် နိုဝင်ဘာလအတွင်း၌ ရှမ်းပြည်အရေးနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ စဝ်ဟုန်ဖ၏ ကြေညာချက်တွင် ၃၄ နယ်ကွဲနေသော ရှမ်းနယ်များအား ပိုမိုအင်အား ရှိရန် ၁၂ နယ်ထိ စုစည်းပြီး စော်ဘွားများ အလှည့် ကျ အုပ်ချုပ်ရန်အကြံပြထားပြီး ၎င်းအဆိုပြု ချက်အား စော်ဘွားများ၊ မြို့စားများ၊ ငွေခွန်မှူ းများအားဖြန့်ဝေခဲ့သည်။ ထို့ပြင် ၁၉၄၅ ခုနှစ် နှစ်ကုန်ပိုင်း မိုင်းပွန်စော်ဘွားကြီး၏ မဟာဒေဝီဈာပနတွင် စော်ဘွားများတွေ့ဆုံသောအခါ မိုင်းပွန်စော်ဘွား၊ သထုံစော်ဘွားနှင့်ညောင်ရွှေစော်ဘွားတို့ ဦးဆောင်၍ ရှမ်းပြည်အရေး ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲမှ ရှမ်းပြည်လွတ်လပ်ရေးအတွက် လမ်းစရှာရန် မိုင်းပွန်စော်ဘွားကြီးအား တာဝန်ပေးခဲ့ သည်။ ထိုမှစ၍ ရှမ်းပြည်အရေး၊ စော်ဘွားများအရေးအတွက် ရှမ်းစော်ဘွားများစုစည်းဆွေးနွေးရန် လမ်းစပေါ်ခဲ့သည်။

အထက်ပါကြေညာချက်များ၊ တွေ့ဆုံမှု များကို အခြေပြု၍ ရှမ်းပြည်အရေးဆွေးနွေးရန် စော်ဘွားများ၏ ပထမဆုံးအစည်း အဝေးကို ၁၉၄၆ ခုနှစ်ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ရှမ်းတောင်/ရှမ်းမြောက်အလယ်ရှိ မိုင်းကိုင်တွင်ကျင်းပခဲ့ကြသည်။ ထို အစည်းအဝေးမှ ရှမ်းပြည်စဝ်ဖများကောင်စီဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ပြီး ထိုသို့ဖွဲ့စည်းရန်အတွက် ပင်လုံတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်။ ရှမ်းစော်ဘွားများ စည်းလုံးညီညွတ်ရေးတည်ဆောက်ရန်ကြိုးပမ်းသည့်ကာလဟု ဆိုရပါမည်။

စော်ဘွားများ၏ ဒုတိယအကြိမ်အစည်းအဝေးအား ၁၉၄၆ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၈ ထိ ပင်လုံတွင်ကျင်းပခဲ့ပြီး စဝ်ခွန် ပန်းစိန် ဥက္ကဌအဖြစ်တာဝန်ယူသည့် စဝ်ဖများကောင်စီကို ဖွဲ့စည်းခဲ့သည်။ ထိုအစည်းအဝေးတွင် စဝ်ခွန်ပန်းစိန်က ပြည်မအားဒိုမီနီယံအုပ်ချုပ်ရေးပေးလျင် ရှမ်းပြည်အားသီးခြားဒိုမီနီယံအုပ်ချုပ်ရေးပေးရန် ပြောဆိုခဲ့သည်။ ၁၉၄၆ ခုနှစ် ဇူလိုင် ၂၁ မှ၂၇ ထိ တောင်ကြီးတွင်ကျင်းပသော စဝ်ဖများကောင်စီအစည်းအဝေးတွင် စော်ဘွား ၇ ဦးပါ အလုပ်အမှု ဆောင်ကော်မတီကို ဖွဲ့စည်းပြီး ဥက္ကဌစဝ်ခွန်ပန်းစိန်၊ ဒုဥက္ကဌ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်တို့က တာဝန်ယူခဲ့သည်။
ထိုကော်မတီ၏ အရေးပါသောဆုံးဖြတ်ချက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်အား အခြေခံ၍ ကချင်၊ ချင်း၊ ကရင်တို့နှင့် ပူးပေါင်းရေးကို ကြိုဆိုသော်လည်း ဗမာနှင့်ပူးပေါင်းရေးကို နောင်မှစဉ်းစားရန်ဆိုသည်အချက်ဖြစ်သည်။

၁၉၄၆ ခုနှစ် နှစ်ကုန်ပိုင်းတွင်တွေ့ရှိရသော ရှမ်းပြည်စဝ်ဖများကောင် စီ၏သဘောထားမှာ

၁။ ရှမ်းပြည်အား ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရမည်။
၂။ အခွင့်အရေးနှင့်အဆင့်အတန်း တန်းတူဖြစ်ရမည်။
၃။ ခွဲထွက်လိုသည့် အချိန်တွင် ခွဲထွက်ခွင့်ပေးရမည် ဟူ၍ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဖဆပလနှင့်ပြည်မမှ ခေါင်းဆောင်များ၏သဘော ထားမှာပေါင်းစည်း၍ လွတ်လပ်ရေးယူရန် ရပ်ခံ သည်။ ရှမ်းနှင့်ပြည်မကြား သွေးခွဲသည်မှာ နယ်ချဲ့များဖြစ်သည်ဟုရပ်ခံသည်။ လွတ်လပ်ရေးရပြီးလျင် တောင်တန်းဒေသ အုပ်ချုပ်ရေးကို ပြည်မမှဝင်စွက်မည် မဟုတ်ကြောင်း၊ အရေးကြီးသည့်ကာကွယ်ရေးနှင့်နိုင်ငံခြားရေးကိုသာ ဗဟိုကချုပ် ကိုင်မည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရလျင် ပြည်မနှင့်တွဲလိုကတွဲပြီး ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ဤမူမှာ မည့်သည့်အာဏာရအဖွဲ့အစည်းမဆိုကျင့်သုံးရမည့်မူဖြစ်ကြောင်း ပြောဆိုရပ်ခံကြသည်။

ဖဆပလ ၏ စည်းရုံးမှု များအပြင် ရှမ်းပြည်နယ်၌ ဖဆပလ၏ အမာခံအင်အားအဖြစ် ပြည်သူ့ရဲဘော်အဖွဲ့ရှိခြင်း၊ ပဒေသရာဇ်ဆန့်ကျင်ရေးအမြင်ကိုဆုပ်ကိုင်ထားသည့် "ရပလ" မှာလည်း စော်ဘွားများဆန့်ကျင်နိုင်ရေးအတွက် ဖဆပလ နှင့်ပူးပေါင်း ရန်လိုအပ်ခြင်း၊ ရှမ်းပြည်နယ်မှာ ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်နေခြင်း၊ လွတ်လပ်ရေးရပြီး ခွဲထွက်လိုက ခွဲထွက်ခွင့်အား အာမခံထားခြင်း၊ ဒုတိယကမ္ဘာစစ်အပြီး အင်အားချိနဲ့ ခြေကုန်လက်ပမ်းကြနေသောအင်္ဂလိပတို့အနေနှင့် ကိုလိုနီနယ်များ ဆက်လက်ထိမ်းသိမ်းခြင်း၊ ရှမ်းပြည်နယ်အား ဗြိတိသျှ ဓနသဟာယတွင် သီးခြားထည့်သွင်းခြင်းတို့အား ဆောင် ရွက်ရန် အခက်အခဲရှိနေခြင်း တို့အောက်တွင် စော်ဘွားများသည် ၁၉၄၇ ခုနှစ်ဖေဖဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ရပြီး ရှမ်းပြည်နယ်သည် ပြည်မနှင့်အတူ လွတ်လပ်ရေးရယူခဲ့ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး