နယ်မြေ သိမ်းပိုက်ရေး၊ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေး တခုလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက် ပန်းတိုင်
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၇ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၈ ၊ ၂၀၂၅
နယ်မြေ သိမ်းပိုက်ရေး၊ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေး တခုလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက် ပန်းတိုင်
စစ်တပ်ကိုအားကိုးပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး အာဏာသုံးရပ်စလုံး ချုပ် ကိုင်ထားချင်တဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ရည်ရွယ်ချက်ပန်းတိုင်ထားတယ်ဆိုတဲ့ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တိုက်ပွဲ၊ နယ်မြေထိန်းချုပ်ရေး၊ သယံဇာတစီမံခန့်ခွဲရေးနဲ့ အခွန်ကောက်ခံရေး စတဲ့ အုပ်ချုပ်ရေးတွေကိုလုပ်ဆောင်ရင်း နဂိုရည်မှန်းချက်က အဓိကလား စစ်အာ ဏာရှင်စနစ်ကို တိုက်ဖျက်ဖယ်ရှားဖို့ဖွဲ့စည်းတဲ့ လက်နက်ကိုင်အဖွဲ့ ရပ်တည်ရေး၊ ရံပုံငွေရှာဖွေရေးနဲ့ အကျိုးစီးပွားတွေကအဓိကလားဆိုတဲ့ ရောထွေးမှုတွေဖြစ်ပေါ်လာနေသလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးမှာ ဒီစနစ်ကိုကာကွယ်နေတဲ့ လက်ရှိစစ်ကောင်စီတပ်ကို အနိုင်ရရေးက အဓိက အချက်ဖြစ်တာ အမှန်ပင်ဖြစ်ပါတယ်။
ဒီအတွက်လက်နက်ကိုင်တပ်တွေအင်အားကောင်းဖို့၊ လက်နက်ခဲယမ်းလုံလောက်စွာရရှိဖို့၊ စစ်ကောင်စီရဲ့ စစ်စခန်းတွေနဲ့ ထိန်းချုပ်ထားတဲ့နယ်မြေတွေသိမ်းယူနိုင်ဖို့က ရည်မှန်းချက်ထားရှိရမှာ အငြင်းပွားစရာ မရှိပါဘူး။
ဒီရည်မှန်းချက်ပြည့်မြောက်ဖို့ရာမှာ လူများစုဖြစ်တဲ့ဗမာလက်နက်ကိုင်တပ်ဖွဲ့ PDF တပ်ဖွဲ့တွေ၊ ပြည်နယ်ဒေသတွေနဲ့ အချို့သောတိုင်းဒေသတွေမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စုပေါင်းပြီး မကြာသေးခင်နှစ်တွေက လက်နက်ကိုင်တပ်တွေအားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ကို အနိုင်ယူရမှာဖြစ်ပါတယ်။ ဒါက ရိုးရှင်းတဲ့ ယုတ္တိဗေဒဆိုင်ရာ ကောက်ချက်တရပ်ဖြစ်ပြီး လက်တွေ့မှာတော့ မျှော်လင့်သလို ရိုးရှင်းတဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး။
အချို့သောတိုင်းရင်းသားနယ်မြေတွေမှာ အခုနောက်ဆုံး စစ်အာဏာသိမ်းမှု မတိုင်မီဆယ်စုနှစ်တွေကတည်းက လူမျိုးစုလွတ်မြောက်ရေးရည်ရွယ်ချက်နဲ့ လက်နက်ကိုင်တိုက်ခိုက်ပြီး သိမ်းယူရရှိထားတဲ့နယ်မြေတွေ ပမာဏတခုထိရှိနှင့်ပြီးဖြစ်ပါတယ်။ ကချင်၊ ကရင်၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ကရင်နီ (ကယား)၊ ချင်း၊ ရခိုင်၊ မွန်၊ ဝ၊ နာဂလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၄င်းတို့လူမျိုးစုအလိုက် တပ်တွေ ရှိနှင့်ပြီး ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက လူထုကိုမကျေနပ်မှုမီးတောက် စတင်လောင်ကျွမ်းအောင် စေ့ ဆော်စေခဲ့ပြီး ရှိနှင့်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နဂိုက ကြံ့ခိုင်ရေးအစိုးရနဲ့ NLD အစိုးရလက်ထက် ၁၀ နှစ်ဝန်းကျင်ကာလအတွင်း ဆွေးနွေးပြောဆိုချုပ်ဆိုထားတဲ့ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကို ပြန်သုံးသပ်စရာဖြစ်ခဲ့ပြီး အချို့က NCA ပျက်ပြယ်ပြီးဖြစ်တယ်လို့ပြောဆိုပြီး ပြန်လည်လက်နက်ကိုင်တိုက်ခိုက်မယ့် နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်။ ချင်း၊ ကရင်နဲ့ကရင်နီတို့က အာဏာသိမ်းမှုမဖြစ်ခင် ရေးထိုးထားတဲ့ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကိုဆိုင်းငံ့ကာ တိုက်ခိုက်မှုတွေ စောစီးစွာဖြစ်ပွားခဲ့ပြီး အခြား NCA လက်မှတ်ရေးထိုးမထားတဲ့ KIA ၊TNLA, MNDAA နဲ့ AA တို့နဲ့လည်း ပစ်ခတ်တိုက် ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် နှစ်အနည်းငယ်အကြာ NCA ထိုးထားတဲ့ ပအိုဝ့် လက် နက်ကိုင်အဖွဲ့ PNLA နဲ့လည်း တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့တာပါ။
၂၀၂၁ ခုနှစ် မေလမှာပေါ်ထွက်လာတဲ့ NLD ပါတီမှာ တာဝန်အမျိုးမျိုးယူခဲ့ကြတဲ့ ပါတီခေါင်း ဆောင်တချို့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ လက်နက်ကိုင် တပ်အဖြစ် PDF တပ်ကိုဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်အင်အားကောင်းလာဖို့ ထူထောင်ရင်း နယ်မြေသိမ်းယူနိုင်ဖို့ တိုက်ပွဲတွေလည်း ဖော်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအနေအထားအထိမှာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေအကြား အုပ်ချုပ်ရေး၊ အခွန်အကောက်၊ သယံဇာတထုတ်ယူရောင်းချမှုတွေနဲ့ပတ်သက်လို့ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်စရာ ကြီးကြီးမားမားမရှိခဲ့ကြပါဘူး။ ကာလအနေနဲ့ တိတိပပဆိုရရင် ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင် ၂၀၂၃ ခုနှစ် အောက်တိုဘာမတိုင်ခင်လို့ ဆိုနိုင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး လအနည်းငယ်အတွင်း မြို့တွေ၊ စစ်တပ်ရင်း စခန်းတွေ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်နဲ့ တိုင်းစစ်ဌာနချုပ်အထိ သိမ်းယူနိုင်ခဲ့လာတဲ့နောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တခုနဲ့ တခုအကြား အကျိုးစီးပွားချင်းပဋိပက္ခဖြစ်ပေါ်လာမယ့် အရိပ်အယောင်တွေ စတင်တွေ့ရှိလာရတာ ဖြစ်ပါတယ်။
ပထမဆုံးပေါ်ထွက်လာတဲ့ပြဿနာက အခွန်အကောက် ကောက်ခံမှုနဲ့ သယံဇာတ တူးဖေါ်မှုတွေ နဲ့ ပတ်သက်တဲ့ပြဿနာ တော်လှန်ရေးအင်အားစုတွေအချင်းချင်းအကြားမှာ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အထူးသဖြင့် ရှမ်းမြောက်ဒေသမှာ မကြာခဏဖြစ်ပွားတာတွေ့လာရပါတယ်။ နောက်တချက်က သယံဇာတအလွန်အကျွံ ထုတ်ယူမှုတွေ ဖြစ်ပါတယ်။ အလွန်အကျွံထုတ်ယူမှုနဲ့အတူ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့နီးစပ်တဲ့ ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေအခွင့်အရေးရကြတဲ့ အဖြစ်တွေလည်း ကြားသိလာကြရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ပံ့ဖို့၊ လက်နက် ကိုင်တိုက်ပွဲတွေမှာလိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ စစ်ပွဲကုန်ကျစရိတ်အတွက် ငွေကြေးလိုအပ်တာက လက်တွေ့ ပကတိတရားဖြစ်ပေမယ့် သယံဇာတအလွန်အကျွံထုတ်ယူမှုတွေက ဒေသခံလူထုရဲ့ လူနေမှုဘဝ၊ ရေအရင်းအမြစ်၊ သစ်တောအရင်းအမြစ်၊ သဘာဝဘေးအန္တရာယ်ကျရောက်လွယ်စေမှု၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အဆိပ်သင့်မှုတွေနဲ့ အစဥ်အဆက်ခံစားခွင့်ရှိသင့်တဲ့ သယံဇာတတွေ ကုန်လုနီးပါးထုတ်ယူမှုတွေက တော်လှန်ရေးရဲ့ရည်ရွယ်ချက်ကိုပျက်စီးစေမယ့် အကြောင်းတရားတွေ ဖြစ်လာစေပါတယ်။
တနင်္သာရီတိုင်းမှာ PDF အဖွဲ့တွေထိန်းချုပ် သို့မဟုတ် စိုးမိုးတဲ့ဒေသတွေမှာ သတ္တုတွင်းတွေ မှိုလိုပေါက်လာတဲ့ပြဿနာက သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှာဖြစ်လို့ နှိုးဆော်တိုက်တွန်းမှုတွေ ပေါ်ထွက်လာနေသလို၊ ကချင်ပြည်နယ်မှာ မြေရှားသတ္တုထုတ်ယူရာမှာ သယံဇာတသန့်စင်ထုတ်လုပ်မှု အဆင့်ဆင့်ဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ မြေရှားထုတ်ယူနိုင်တဲ့ နိုင်ငံအများအပြားရှိပေမယ့်လည်း မြေရှားသန့်စင်မှုအဆင့်ဆင့်က သဘာဝပတ်ဝန်းကျင်ကို ကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်စေနိုင်တာကြောင့် ထုတ်ယူတာတွေမလုပ်ကြပါဘူး။ ကမ္ဘာ့မြေရှားစျေးကွက်ကို အဓိကချုပ်ကိုင်ထားတဲ့ တရုတ်နိုင်ငံက ၄င်းတို့နိုင်ငံမှာကော နယ်နိမိတ်ထိစပ်တဲ့ မြန်မာနိုင်ငံမှာပါ ထုတ်ယူသန့်စင်တာတွေလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
အခုအခါမှာ မြေရှားထုတ်ယူမှုဟာ ကချင်ပြည်နယ်တင်မကတော့ဘဲ ရှမ်းပြည်အရှေ့ဘက် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ဒေသတွေမှာလည်း မကြာသေးတဲ့ နှစ်ကာလတွေကစလို့ သန့်စင်ထုတ်ယူနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ အဆိပ်သင့်မှုက အိမ်နီးချင်းထိုင်းနိုင်ငံဘက်ထိရောက်ရှိတဲ့ပြဿနာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ခုလတ်တလောသတင်းတွေမှာဖော်ပြလာကြတာကတော့ ယခင်နယ်မြေ ခွဲဝေအုပ်ချုပ်ရေးအရ မန္တလေးတိုင်းထဲပါရှိပြီး လက်ရှိအချိန်မှာ TNLA သိမ်းယူထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့က ပတ္တမြားတူးဖေါ် မှုဖြစ်ပါတယ်။ စစ်ပွဲဖြစ်ပွားနေတာကြောင့်လား သို့မဟုတ် ဘယ်အချိန် ဘယ်ကာလထိ ထိန်းချုပ်ထားနိုင်မယ်ဆိုတာ မရေရာမှုကြောင့် ထိန်းချုပ်ထားတဲ့ကာလမှာ ထုတ်ယူနိုင်သမျှ ထုတ်ယူဖို့ ရည်ရွယ်လုပ်ဆောင်သလား တိတိပပမပြောနိုင်ပေမယ့် ယမန်နှစ် လယ်ဝန်းကျင်က မိုးကုတ်မြို့ကိုသိမ်းယူပြီးနောက် ၁၀ လဝန်းကျင်အတွင်း မိုးကုတ်မြို့က ယခင်ခေတ်အဆက်ဆက်ကျောက်မျက်တူးဖော်ခြင်းမပြုတဲ့ ဂေါက်ကွင်းလိုနေရာတွေကိုပါ ယန္တရားတွေနဲ့ ထုတ်လုပ်နေကြတဲ့အပေါ် မြို့ခံတွေရဲ့ စိုးရိမ်ပြီး စိတ်မချမ်းမသာ ဖြစ်နေတယ်လို့ သတင်းတွေမှာ ရေးသားနေကြတာ တွေ့ရပါတယ်။
ယခုနှစ်ဆန်းပိုင်းတုန်းကလည်း MNDAA လက်နက်ကိုင်အဖွဲ့က ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စုမှာ ကျေးရွာတွေအားထားနေရတဲ့ ရေထွက်ရှိရာနေရာမှာ ယန္တရားနဲ့ ရွှေတူးတာကို ဒေသခံတွေကန့်ကွက်ကြရာမှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဆန္ဒပြကန့်ကွက်တဲ့ ဒေသခံ ၆ ဦး သေဆုံးခဲ့တဲ့ ရုပ်ဆိုးတဲ့အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့ပါသေးတယ်။
မကြာသေးတဲ့သီတင်းပတ်တွေအတွင်း သီပေါမြို့နဲ့ MNDAA တပ်တွေရှိတဲ့ လားရှိုးအကြား ကျောက်မီးသွေးထွက်ရှိတဲ့ နမ္မကျေးရွာအနီးက ကျောက်မီးသွေးထုတ်လုပ်မှုတွေ အဆိုပါဒေသက SSPP/SSA လက်နက်ကိုင်တပ်တွေနေရာကို MNDAA က သွားရောက်ဖယ်ရှားဖို့ ကြိုးစားရာက ပဋိပက္ခဖြစ်မှုတွေ လက်နက်ကိုင်တပ် ၂ တပ်အကြား ဖြစ်ပွားခဲ့ပါသေးတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းက MNDAA က ကျောက်မီးသွေးတွေထုတ်ယူနေပြီး ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်ကတဆင့် တရုတ်နိုင်ငံဘက် တင်ပို့နေတာ ဖြစ်ပါတယ်။
ဒီဖြစ်စဥ်တွေအပြင် စစ်ကိုင်းတိုင်းလိုဒေသမှာလည်း အလောင်းတော်ကဿပ ဘေးမဲ့ကြိုးဝိုင်း သစ်တောလိုမျိုးကိုလည်း တော်လှန်ရေးအင်အားစုဘက်က လက်နက်ကိုင်အဖွဲ့တွေက အခွန်အကောက်ယူပြီး သစ်အများအပြား ထုတ်လုပ်ခွင့်ပေးထားတဲ့အကြောင်း ကိန်းဂဏန်းပမာဏနဲ့ အတိအကျမသိရှိနိုင်ပေမယ့် အခုလို တော်လှန်ရေးကာလ မတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ သစ်တောသယံဇာတ အများအပြားပျက်စီးဆုံးရှုံးတဲ့အကြောင်း တစွန်းတစအထောက်အထားတွေ ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းတို့မှာ မြစ်ကြောင်းတွေတလျှောက် ရွှေမျောတွေ အဆမတန် လုပ် ကိုင်နေကြတာကလည်း ရေရှည်မှာ မြစ်ကြောင်းတိမ်ကောမှု၊ ဓာတုအဆိပ်သင့်မှုအကျိုးဆက်တွေ ဖြစ်ပေါ်စေပြီး ပြန်လည်ပြင်ဆင်ဖို့ မဖြစ်နိုင်တဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေကို ဒေသခံတွေ လက်ရှိအချိန်ကစလို့ အနာဂတ်ကာတွေအထိ ဆက်လက်ခံစားကြရမှာ ဖြစ်ပါတယ်။
တည်ငြိမ်တဲ့အုပ်ချုပ်ရေးမရှိသေးတာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ရန်ပုံငွေလိုအပ်ချက် အကြောင်းကြောင့် အခုလိုသယံဇာတတွေ ထုတ်ယူရတာဖြစ်တယ်လို့ စောဒကတက်ကောင်း တက်နိုင်ပေမယ့် အလွန်အကျွံ ထုတ်ယူမှုတွေ၊ ရန်ပုံငွေလိုအပ်ချက်က ဘယ်ရွေ့ဘယ်မျှနဲ့ ထုတ်လုပ်ခွင့်ပေးတာက အချိုးအစားညီမျှမှုရှိရဲ့လား၊ သယံဇာတထုတ်လုပ်ခွင့်တွေအတွက် ရသင့်ရထိုက်တဲ့အခွန်အကောက်ရ ရှိရဲ့လားဆိုတာတွေကို အခုလိုမတည်မငြိမ်ဖြစ်နေတဲ့ကာလ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် မရှိတဲ့ကာလမှ ဘယ်သူမှစစ်ဆေး နိုင်ခြင်းမရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အလွဲသုံးစားမှုတွေဖြစ်ပွားဖို့ အခွင့်အခါဖြစ်သလို တဖက်မှာ တော်လှန်ရေးရဲ့ ရည်ရွယ်ချက် နဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေမှာ အမှန်ပဲဖြစ်ပါတယ်။
အခုဆွေးနွေးသွားတဲ့အကြောင်းအရာတွေက သယံဇာတ ထုတ်ယူမှုတွေသာဖြစ်ပြီး ဖြတ်သန်းသွားလာ သယ်ဆောင်နေကြတဲ့ကုန်စည်တွေအပေါ်၊ ဖြတ်သန်းသွားလာတဲ့ ယာဥ်တွေအပေါ် ကောက်ခံတဲ့အခွန်အခတွေ သက်ဆိုင်တဲ့ဒေသက အုပ်ချုပ်ရေး၊ ကာကွယ်ရေးလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မှန်မှန်ကန်ကန် ခွဲဝေအသုံးချနိုင်ရဲ့လားဆိုတဲ့ မေးခွန်းလည်း ရှိကောင်းရှိနိုင်ပါတယ်။ အခွန်အကောက် ကောက်ခံမှုက လိုတာထက်ပို ကောက်ခံတာမျိုး၊ ကောက်ခံရရှိသလောက် တော်လှန်ရေးရံပုံငွေထဲ မရောက်ရှိတာမျိုးတွေဖြစ်ပွားခဲ့ရင် စစ်ပွဲကြောင့် နဂိုကတည်းက ခက်ခဲကျပ်တည်းနေတဲ့လူထုအပေါ် ဝန်ထုပ်ဝန်ပိုးတွေထပ်တင်စေသလိုဖြစ်ပြီး လူထုအနေနဲ့ ခါးစည်းခံရတဲ့ အခြေအနေမျိုးနဲ့အတူ ခြစားမှု၊ အလွဲသုံးမှုတွေက တော်လှန်ရေးကိုထိခိုက်ကျဆုံးစေနိုင်တဲ့ အန္တရာယ်လည်း ရှိလာနေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar