ခေါင်းကြီး - နှစ်တစ်ရာသစ်ပင် မြန်မာရာဇဝင်
ခေါင်းကြီး - နှစ်တစ်ရာသစ်ပင် မြန်မာရာဇဝင်
မိုးမခ ၊ ဇူလိုင် ၈ ၊ ၂၀၂၅
*(၁၈၂၄) ခုနှစ်...
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အစ...
(၁၈၅၂) ခုနှစ်...
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အလယ်...
(၁၈၈၅) ခုနှစ်...
တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အဆုံး...
ထီးသုဉ်းနန်းသုဉ်း မြို့သုဉ်းသုည သုဉ်းသုံးဝနဲ့...
အားမတန်လို့ မာန်ကိုချ
အောက်ကျနောက်ကျ နေခဲ့ကြရတဲ့ကာလ...
အလွန်ဝေးကွာလှတဲ့ ခေတ်ဟောင်းများစွာက...
ပထမ နှစ်ပေါင်းတစ်ရာကို အသာထားလို့...
ဒုတိယ နှစ်တစ်ရာကာလများကို...
ကိုယ့်ဘဝနဲ့ လက်လှမ်းမီသမျှ မျှော်ရည်မှန်းကာတွေးဆ...
ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်မိတယ်...။
*(၁၉၂၅) ခုနှစ်...
ကျွန်တော်တို့ရဲ့ ဘီဘင်တွေ အသက် (၂၀) ကျော်နှစ်များဆီက...
ကိုလိုနီခေတ်မှာ သူ့ကျွန်ဖြစ်နေခဲ့ကြရတဲ့အချိန်...
အတွေးအခေါ်မှာတိမ် ကံဇာတာမှေးမှိန်ခဲ့လို့...
သေးသိမ်တဲ့အဖြစ်နဲ့ ရေတိမ်မှာ နစ်နေခဲ့ရတဲ့...
မြန်မာ့မျိုးစေ့အသစ်ကို ပြန်ရှာတွေ့ဖြစ်ဖို့...
မျိုးချစ်စိတ် ရင်မှာအပြည့်နဲ့...
ဟိုး..ခေတ်အတိတ် သခင်ဆိုတာမမေ့ဘဲ...
တစ်နေ့ပြီး တစ်နေ့ သူတို့ ကြိုးစားခဲ့ကြတယ်...။
*(၁၉၄၈) ခုနှစ်...
ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ အသက် (၂၀) ကျော်နေ့တွေမှာ...
မျိုးစေ့အသစ်ကနေ အပင်စဖြစ်ဖို့ ပန္နက်ချစိုက်ပျိုးခဲ့ကြလို့...
မျိုးရိုးစဉ်ဆက် အသက်ဝင်လာခဲ့ရတဲ့ အပင်ပေါက်ငယ်ကလေးဟာ...
နုနယ်လွန်းသေးတဲ့ အချိန်တွေမှာကတည်းက...
မည်းမှောင်သွေးပျက်စရာအလီလီ...
ရာသီဥတု ဆိုးအမျိုးမျိုးနဲ့ အင်းဆက်ပိုးမွှားတွေရဲ့ဒဏ်ကို...
ဆိုးဆိုးဝါးဝါး အလူးအလဲခံခဲ့ရပေမဲ့...
ထူးကဲစွာနဲ့ သေသည့်တိုင်မဖြစ်ခဲ့ဘဲ...
ယိုင်နဲ့နဲ့ သစ်ပင်ငယ်ကလေးတော့ ဖြစ်လာခဲ့တယ်...။
*(၁၉၆၂) ခုနှစ်...
ကျွန်တော်တို့ရဲ့ အဖေ အမေတွေ အသက် (၂၀) ကျော်အရွယ်မှာ...
ဆယ်ကျော်သက် သစ်ပင်ပျိုကလေးဟာ...
အခက်အလက်တွေနဲ့ အလှဆင် စိမ်းစိုဖွံ့ဖြိုးစအပင်လေးဖြစ်လာတဲ့...
ပျိုဖော်ဝင်ခါစအချိန်လိုမျိုး မညှိုးကောင်းတဲ့နေ့ရက်တွေမှာပဲ...
ရက်စက်ကြမ်းကြုတ်တဲ့ လူ့ဘီလူးယုတ်တွေရဲ့လက်ချက်နဲ့...
အကိုင်းအခက်တွေ ဖြတ် တံတိုင်းတွေခတ် သတ်ဖြတ်နှိပ်စက်ခံခဲ့ရလို့...
ကံကောင်းထောက်မစွာ အသက်မထွက်ခဲ့ပေမဲ့...
ရှင်လျက်နဲ့ သေရသလို ဘဝအခြေတော့ ပျက်ခဲ့ရတယ်...
ဘယ်လိုပဲ ဘဝတွေပျက်ခဲ့ရသည်ဆိုဦးတော့...
သူတို့ဘယ်တော့မှ ဦးမညွှတ်ခဲ့ကြ...
ဆဲဗင်းဂျူလိုင်က ပုံသက်သေတစ်ခုပေါ့...
အဲဒီလိုခက်ခဲစွာနဲ့ပဲ အပင်ပျိုကလေးဟာ...
အလိမ်အညာ အချိန်ကာလများအတွင်းမှာ...
တစ်ပိန်ပိန် တစ်လိမ်လိမ်နဲ့ လူလားမြောက်ခဲ့ရပြီး...
နှစ်ပေါင်းများစွာချီ ကြုံလှီစွာနဲ့ အသက်ဆက် ကြီးပြင်းခဲ့တယ်...။
*(၁၉၈၈) ခုနှစ်...
ကျွန်တော်တို့တွေ အသက် (၂၀) ကျော်နှစ်...
လူငယ်တွေဖြစ်လာတဲ့ ခေတ်ကာလမှာတော့...
ဒီသစ်ပင်ငယ်လေးဟာလည်း ငယ်စဉ်ဘဝကိုလွန်မြောက်...
သက်လတ်ပိုင်းအရွယ်လောက်ကို ရောက်လာခဲ့တယ်...
ဒါပေမဲ့ အဲဒီအချိန်တစ်ခုမှာပဲ...
ဒုတိယမ္ပိ ကံကြမ္မာဆိုးနဲ့ငြိ အတိဒုက္ခတွေရောက်...
သစ္စာဖောက်မျိုးဆက်တွေကြောင့် ရာသီဆိုးတွေကနှောက်...
မြေဩဇာမလုံမလောက် ပိုးထိုးလောက်ကိုက်လို့...
အမှောင်တိုက်ထဲ ရောက်နေဆဲ စိုးထိတ်စရာကာလများပဲမို့...
အရိပ်အာဝါသကြီးမား အပွင့်အသီးတွေ ပွင့်လန်းများပြားလာဖို့...
ပင်ပန်းကြီးစွာ အားထုတ်ကြိုးစားနေခဲ့ရတုန်းပါပဲ...။
*(၂၀၂၁) ခုနှစ်...
ကျွန်တော်တို့ရဲ့ သားသမီးတွေ အသက် (၂၀) တန်းညီ...
"ဂျန်ဇီ"လူငယ်လေးတွေ ဖြစ်လာတဲ့ နေ့ရက်တွေ ခါတော်မီ...
အရှေ့ဘက်ဆီမှာ အရုဏ်ဦးရောင်နီလေးတွေ လှပနေတာကို...
ကံတရားက ဖေးကူမလို့ မြင်ရစပြုနေတဲ့အချိန်...
အပင်ကြီးတစ်ခုလုံး ဝင်းထိန်လျက်...
ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေလို့...
နေရောင်ခြည်နွေးတွေလွှမ်းခြုံ အဖူးအငုံလေးတွေဆင့်...
ပန်းကလေးတွေပွင့်ဖို့ အားယူမျှော်လင့်နေဆဲအချိန်မှာပဲ...
တတိယအကြိမ်မြောက် မထောက်မညှာယုတ်မာတဲ့...
အလွန်စက်ဆုပ်ဖွယ်ရာ အကြမ်းဖက်မိစ္ဆာရိုင်းတွေရဲ့...
မိုးသက်မုန်တိုင်းတွေကဖျက် နူးညံ့တဲ့ဘဝတွေပျက်လို့...
ဘယ်တော့မှ ပြန်မရနိုင်တော့မဲ့ အိပ်မက်လှလှလေးတွေ...
တစ်စစီ ကြေမွပျောက်ကွယ်သွားခဲ့ရတယ်...။
*(၂၀၂၅) ခုနှစ်...
အခု ပစ္စုပ္ပန်အချိန်မှာ သေသေချာချာ ပြန်တွက်စစ်ကြည့်လိုက်ရင်...
ဒီနှစ်တစ်ရာသစ်ပင် မြန်မာရာဇဝင်ပျက်ကြီးဟာ...
အစဉ်အဆက် မငြိမ်မသက်ဘဲ...
မနှစ်သက်စရာ အဖြစ်အပျက်တွေချည်းပဲ ပြည့်နှက်နေခဲ့တာ...
မျိုးဆက် (၅) ဆက်တောင် ရှိနေခဲ့ပါပြီ...
နှစ်ပေါင်းတစ်ရာ ကြာခဲ့ပေမဲ့လည်း...
ဝမ်းနည်းစကားနဲ့ ရိုးရိုးသားသား မှတ်ချက်ပြုရရင်...
လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ...
အကိုင်းအခက်တွေကောက် အသီးအရွက်တွေခြောက်...
အဖူးအပွင့်တွေ ပျောက်နေတဲ့ သစ်ခြောက်ပင်အိုကြီးသဖွယ်...
အဘက်ဘက်က မတင့်တယ်ဘဲ ယိုယွင်းပျက်စီးနေဆဲပဲ ဆိုတာကတော့...
မငြင်းနိုင်တဲ့ အမှန်တရားပါပဲ...။
*ကိုယ့်မင်းကိုယ့်ချင်းနဲ့ ဘယ်လိုပဲ နေခဲ့ကြပေမဲ့လည်း...
လောဘ ဒေါသ မောဟ အတ္တ မာန်မာန အမုန်းတွေပွားရင်း...
မဆုံးနိုင်ကြတဲ့ စစ်ပွဲတွေ မတရားအနိုင်ကျင့် ခင်းကျင်းပြီး...
အချင်းချင်းသတ် ဟင်္သာဇာတ်လို တပ်ပျက်နေကြတုန်းပါပဲ...
တိုင်းပြည်ကို မပျက် ပျက်အောင်ဖျက်ဖို့ လုပ်နေရက်တဲ့သူတွေကလည်း...
လုပ်မြဲလုပ်နေဆဲ ယုတ်မြဲယုတ်နေဆဲပါပဲ...
တိုင်းပြည်ပျက်တာကို မကြည့်ရက်နိုင် မနေရက်နိုင်တဲ့သူတွေကလည်း...
ခေတ်အဆက်ဆက်တိုင်အောင် ဘဝတွေအပျက်ခံ...
အသက်ခန္ဓာတွေပေးဆပ် ရဲရဲတောက်စိတ်ဓာတ်နဲ့...
မရပ်မနား ကြိုးစားနေကြတုန်းပါပဲ...။
*ဒီအချိန်မှာ အရေးအကြီးဆုံးမေးခွန်းကတော့...
ကျွန်တော်တို့ရဲ့ မြေးမြစ်တွေဖြစ်တဲ့...
နောင်အနာဂတ်ရဲ့ မျိုးဆက်သစ် မဟာ...
"ဂျန်အယ်လ်ဖာ"တွေလက်ထက်မှာ ဖြစ်ပေါ်လာမဲ့...
နှစ်ရာကျော်သစ်ပင် မြန်မာရာဇဝင်အစစ်မှာ...
မှတ်တမ်းတင် လူရာဝင်ဖို့အတွက်...
အသင်တို့ကရော?
ဘယ်လိုသဘော ဘယ်လိုစိတ်ဇောတွေနဲ့...
စောကြောဆင်ခြင် ပါဝင်ကြမှာလဲ?
ဘယ်လိုစိတ်ထား ဘယ်လိုတရားတွေနဲ့...
ခံစားသိမြင် နာကျင်ကြမှာလဲ?
ဘယ်လိုဒီဇိုင်း ဘယ်လိုသမိုင်းတွေနဲ့...
ပိုင်းခြားမြော်မြင် စာတင်ကြမှာလဲ?
*လိပ်ပြာလုံလုံ သိက္ခာကိုခြုံပြီး...
စိတ်မှာယုံကြည်ထားတဲ့အတိုင်း...
လူသားပီပီသသ နောင်တကင်းကင်း အမြင်ရှင်းရှင်းနဲ့...
အသင်တို့ရဲ့ မြေးမြစ်အရင်းအချာ "ဂျန်အယ်လ်ဖာ"တွေကို
ထိမ်ချန်စရာမလိုဘဲ ရဲရဲဝံ့ဝံ့ မျက်နှာပြနိုင်ကြပါစေ...။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar