Breaking News

ပြည်တွင်းစစ်ရဲ့ New Normal အခြေအနေများ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၉ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၀ ၊ ၂၀၂၅

ပြည်တွင်းစစ်ရဲ့ New Normal အခြေအနေများ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတလီတာ ၇၈၀၀ ကျပ်ဖြင့်ဝယ်ယူနေရတဲ့ အခြေအနေကို မဖြစ်သင့်သည့် အကြောင်း မြို့ခံတဦးက ရန်ကုန်မှ မြစ်ကြီးနားသို့ သယ်ယူရသည့်အခါ လမ်းခရီးက ဂိတ်ကြေး၊ အခွန်အခ စသည့် ကိန်းဂဏန်းများဖြင့် Facebook တွင်ရေးသားထားတာ ဖတ်ရှုရပါတယ်။ ရန်ကုန်မြို့မှာ ဓါတ်ဆီတလီတာကို ကျပ် ၃၀၀၀ ဝန်းကျင်ဖြင့်ဝယ်ယူနိုင်ပြီး မန္တလေးမြို့မှာတော့ ၃၅၀၀ ကျပ်၊ မြစ်ကြီးနားမြို့မှာ တလီတာ ၇၈၀၀ ကျပ်နဲ့ ဝယ်ယူနေရတဲ့ အဖြစ်ကို စက်သုံးဆီသယ်ယူရောင်းချတဲ့ ဓါတ်ဆီဆိုင်တွေပြန်လည် ဆန်းစစ်သင့်ပြီဟု အဆိုပါပို့စ်ပိုင်ရှင်က ရေး သားထားတာပါ။

မြစ်ကြီးနားမှာ တလီတာ ၇၈၀၀ ကျပ်ဖြစ်နေချိန်တွင် ဖားကန့်တွင် တလီတာ ၈၉၀၀ ကျပ် ဝန်း ကျင်ဖြင့်ရောင်းချနေတယ်လို့ ၄င်းပို့စ်၏ comment တွေမှာ ထပ်မံဖြည့်စွက် ပြောဆိုထားကြပါတယ်။ ပြီးခဲ့သည့် နှစ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေစဥ် ရခိုင်ပြည်နယ်ဒေသအချို့တွင် ဓါတ်ဆီတလီတာ ကျပ် ၃၀၀၀၀ ဝန်းကျင်ထိမြင့်တက်ခဲ့ပြီး ယခုလက်ရှိအချိန်မှာ ၁၂၀၀၀ ကျပ်ကနေ ၁၃၀၀၀ ကျပ်အထိ ရှိနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။

စစ်ကောင်စီက ပြန်လည် သိမ်းယူပြီး တိုက်ပွဲဖြစ်လို့ မြို့အဝင်အထွက်ပိတ်ထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ဓာတ်ဆီ တလီတာ ကျပ် ၂ သောင်း အထိ ပေးနေရတယ်လို့လည်း သတင်းတချို့မှာဖတ်ရှု ရပါတယ်။

ယေဘုယျအားဖြင့် စစ်ကောင်စီက ၄င်းတို့ထိန်းချုပ်ထားတဲ့ မြို့တွေနယ်တွေကိုဖြတ်သန်းပြီး တဖက်တော်လှန်ရေးအင်အားစု လက်နက်ကိုင်တပ်တွေရှိတဲ့ဒေသတွေဆီ လောင်စာဆီ၊ ရိက္ခာ၊ ဆေးဝါးသယ်ယူတာတွေကို ဖြတ် ၄ ဖြတ်အနေနဲ့ ပိတ်ဆို့တဲ့အနေနဲ့ ကန့်သတ်ပိတ်ဆို့တာတွေက စစ်ပွဲမဖြစ်ပွားတဲ့ မြို့တွေလည်း ကုန်စျေးနှုန်းကြီးမြင့်စေတာဖြစ်ပါတယ်။ ဒုတိယအကြောင်းအချက်ကတော့ ဖြတ်သန်းရာလမ်းကြောင်း တလျှောက် လုံခြုံရေးစစ်ဆေးတယ်ဆိုတဲ့ ဂိတ်တွေမှာသယ်ဆောင်တဲ့ကုန်ပစ္စည်းတွေ အပေါ် ကောက်ခံတဲ့ အခွန်အကောက်တွေက အခုလို ကုန်စျေး နှုန်းတွေ အဆမတန်ကြီးမြင့်စေတာ ဖြစ်ပါတယ်။ ဥပမာတခုအနေနဲ့ လေ့လာကြည့်ရင် ရန်ကုန်က နေ မြစ်ကြီးနားအထိ ကုန်းလမ်းနဲ့ကုန်ပစ္စည်းသယ်ဆောင်ရာ လမ်းကြောင်းတလျှောက်မှာ ရန်ကုန်-မန္တလေးလမ်းမှာ အခွန်အကောက်ပေးစရာမလိုပေမယ့် မန္တလေးကထွက်ပြီး စစ်ကိုင်းမြို့ကို ကျော်လာပြီးနောက်မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က မြို့တွေ ရွာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးရဲ့ ဂိတ်တွေအများအပြားရှိကြပြီး ကုန်ပစ္စည်းတန်ဖိုးအပေါ်ခန့်မှန်း ရာနှုန်းတခုကောက်ခံကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေဆီ သယ်ဆောင်တဲ့ကုန်ပစ္စည်းတွေ အားလုံးအပေါ် အခွန်အကောက်ကောက်ခံနေတာဖြစ်လို့ ဂိတ်တခုအနေနဲ့ တရက်မှာရရှိမယ့် ပမာဏက မနည်းတဲ့ပမာဏလို့ ခန့်မှန်းရပါတယ်။ မန္တလေး-မြစ်ကြီးနား လမ်းကြောင်း တလျှောက်မှာ စစ်ကောင်စီကဖွင့်ထားတဲ့ဂိတ်တွေထက် တော်လှန်ရေးအင်အားစုတွေဘက်က စစ်ဆေးအခွန် ကောက်တဲ့ ဂိတ်ကပိုများတယ်လို့ နားလည်ရပါတယ်။ ဒီ အခွန်အကောက်တွေနဲ့ ပတ်သက်လို့ ရရှိသမျှ စေ့စေ့စပ်စပ်နဲ့ တော်လှန်ရေးမှာအသုံးပြုနေသလားဆိုတာတော့ သေသေချာချာမသိရှိနိုင်သေးတဲ့အကြောင်းအရာတခုဖြစ်နေပါတယ်။

ခုရက်ပိုင်းအတွင်း ပေါ်ထွက်လာတဲ့ဒေါက်တာတေဇာစန်းရဲ့ NUG အပေါ် ဝေဖန်ချက်အကြံပြုချက်ထဲမှာလည်း အောက်ခြေမှာကောက်ခံနေတဲ့ အခွန်အကောက်တွေနဲ့ပတ်သက်လို့ NUG အနေနဲ့ ခုထက်ပိုပြီး စေ့စေ့စပ်စပ်စီမံခန့်ခွဲနိုင်ဖို့ အချို့နေရာတွေမှာ လုပ်ပိုင်ခွင့်တွေ ငွေကြေးတွေအများကြီး ရှိနေပြီး လိုအပ်တဲ့နေရာတွေကို ပြန်လည် ခွဲဝေပေးနိုင်ခြင်းမရှိတာ၊ အလွဲသုံးစားလုပ်နိုင်တဲ့ အနေ အထားတွေဖြစ်နေတာကို ထောက်ပြထားတာ တွေ့ရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအတွက် ရန်ပုံငွေလိုအပ်တာကြောင့် အခွန်အကောက် ကောက်ယူကြတာကိုနားလည်နိုင်ပေမယ့် ကောက်ယူတဲ့အခွန်အကောက်နှုန်းထားတွေက ကာလတိုတခုမှာ ကောက်ခံတဲ့ နှုန်း၊ နှစ်နဲ့ချီတဲ့ကာလတွေမှာ ကောက်ခံတဲ့ နှုန်း၊ ဒီအခွန်တွေ ပေးဆောင်ရတဲ့ အပေါ်မှာမူတည်ပြီး မြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေကြောင့် စစ်ပွဲဒဏ်ခံစားနေရတဲ့ လူထုက ထမ်း ဆောင်ရတဲ့အခွန်အခတွေ စတဲ့အကြောင်းအချက်အားလုံးကို ထည့်သွင်းစဥ်းစား ကောက်ခံနေတာမျိုး ဟုတ်၊ မဟုတ် ဆန်းစစ်ကြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ စစ်မက်မဖြစ်ပွားတဲ့ဒေသဆိုလို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နဲ့ အခြားပြည်နယ်/ တိုင်း မြို့အချို့သာကျန်ရှိပါတယ်။ ဒါပေမဲ့လည်း မြစ်ကြီးနား၊ စစ်တွေ၊ အစရှိတဲ့ မြို့တွေမှာ နေထိုင်ကြသူတွေအဖို့ စစ်ပွဲမဖြစ်ပွားသည့်တိုင် စစ်ကောင်စီနဲ့ အခြားသောလက်နက်ကိုင်အဖွဲ့တွေက ပိတ်ဆို့မှုကြောင့် ဒါမှမဟုတ် အခွန်အကောက် ကောက်ယူမှုတွေကြောင့် စီးပွားရေးနဲ့ အသက်မွေးဝမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်သည့် လောင်စာဆီစျေးနှုန်း စားနပ်ရိက္ခာစျေးနှုန်းတွေ မြင့်တက်လာတာက အဲဒီဒေသမှာ နေထိုင်နေကြတဲ့ပြည်သူလူထုတွေအဖို့ တဖြည်းဖြည်းချင်း မြင့်တက်လာတဲ့ကုန်ဈေးနှုန်း ဒီရေမှာ လူတွေရဲ့ လည်ပင်းထိ မြုပ်လုနီးနီး အနေအထားနှင့် နှိုင်းယှဥ်တင်စားရမယ့် အနေအထားမျိုး ဖြစ်နေတာပါ။

စစ်ပွဲမဖြစ်ပွားသေးပေမယ့် အခုလိုကုန်စျေးနှုန်းကြီးတဲ့ မြို့တွေ ဒေသတွေမှာနေထိုင်နေကြရသူတွေအဖို့ တသက်မှာတခါမျှမကြုံဖူးတဲ့ကုန်စျေးနှုန်းတွေနဲ့ ရင်ဆိုင်နေကြရသလို စစ်မက်ဖြစ်ပွားတဲ့ ဒေသက သူတွေမှာလည်း နေအိမ်တွေ ရှိစုမဲ့စုပိုင်ဆိုင်မှုတွေ ဗုံးဒဏ်ကြောင့်ဖြစ်စေ၊ မီးရှို့ခံရလို့ ဖြစ်စေပျက်စီးဆုံးရှုံးနိုင်သလို လူ့အသက်တွေအထိ သေဆုံးနိုင်တဲ့အခြေအနေအောက်မှာ ရှင်သန်ဖို့ အသည်းအသန် ကြိုးစားနေကြရတဲ့ဘဝတွေလို့ဆိုရင်မှားမယ်မထင်ပါ။

တိုက်ပွဲတွေ၊ ထိုးစစ်တွေ၊ မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေမျိုးမှာ ထိခိုက်ဆုံးရှုံးမှုနဲ့ မတန်တဆ ကုန်စျေးနှုန်းကြီးမြင့်မှု ၂ ခုစလုံး ရင်ဆိုင်ရတာကို ပြည်သူတွေအနေနဲ့ ကာလ အကန့်အသတ်တခုထိ နားလည်ပေးနိုင်ကြပေမယ့် နှစ်နဲ့ချီ ကြာမြင့်လာတဲ့အခြေအနေမျိုး၊ မြို့တွေ ရွာတွေသိမ်းလိုက် ရန်သူ့ဘက်ကပြန်သိမ်းလိုက် နဲ့ တကြိမ်မက ထိခိုက်ပျက်စီးဆုံးရှုံးရတဲ့ အခြေ အနေမျိုးမှာ ကြာရှည်တောင့်ခံနိုင်ဖို့မလွယ်ကူပါဘူး။

ဒီလိုအခြေအနေတွေ ဆက်လက်ကြာမြင့်လာပြီး ဒီအခြေအနေမျိုးကို New Normal အသစ်ဖြစ်တဲ့ ပုံမှန်အနေအထားလို့ သဘောထားလာကြရတာမျိုး ဖြစ်လာနေပါတယ်။ ပြည်သူလူထုအနေနဲ့ တောင့်ခံနိုင်စွမ်း၊ ခါးစည်းခံနိုင်စွမ်း ကုန်လုနီးနီးအနေအထားမှာ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုနေကြတဲ့ နိုင်ငံရေး စစ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ အချိန်တန်နေပြီလို့ ဆိုချင်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar